Episode 20

237 22 0
                                    

Uni

နေရောင်၏ ညင်သာသော လှုပ်နှိုးမှုအား အကြိမ်ကြိမ်ခံရပြီးနောက် နောက်ဆုံးတွင်တော့ လိုတရတစ်ယောက် နိုးလာခဲ့သည်။ သူ့ဘေးကကောင်လေးမှာတော့ သူ့ပုခုံးပေါ်မှီလျက် အိပ်နေတုန်းပင်ရှိသေးသည်။ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။ ကားသည် တအိအိသွားနေဆဲ။ မကွေးမြို့ထဲတော့ ဝင်လာပြီထင်သည်။ လမ်းမကျယ်ကြီးများနှင့် ခပ်စုစုတိုက်ကလေးများက မြို့ပြ၏ အရသာကို ဖော်ပြနေသည်။ နေလုံးကြီးသည် ခေါင်းပေါ်၌ ခပ်ပြင်းပြင်းတောက်လောက်လျက်...

ပိုင်ဥာဏ်က ထိုင်ခုံနောက်ကျောကိုမှီ၍ အိပ်ပျော်နေသည်။ ခန့်မင်းကျော်ကတော့ မှီရင်းမှီရင်းဖြင့် ပိုင်ဥာဏ့်ဆီအတင်းကပ်အိပ်နေသည်။ လွင်ဟိန်းနဲ့ ဇော်မြတ်တို့ကလည်း ထိုနည်းလည်းကောင်းပင်။ လွင်ဟိန်းဆိုလျှင် ခွေခေါက်အိပ်ရင်း ဇော်မြတ်ပေါင်ပေါ်တောင်ရောက်တော့မည်။ လိုတရ သွားစွယ်လေးတွေပေါ်သည်အထိ ရယ်လိုက်သည်။ သူတို့အိပ်နေလျှင် ချစ်စရာကောင်းသည်ဟုလည်း တွေးမိသည်။

"ရောက်တော့မှာ... နည်းနည်းပဲမောင်းရတော့မယ်"

ကျောင်းသားခေါင်းဆောင်နဲ့ မျက်လုံးချင်းဆုံမိတော့ ကျောင်းသားခေါင်းဆောင်ကရှင်းပြလာသည်။ သူ 'ဟုတ်ကဲ့'ဟု ပြန်ဖြေမိသည်။ တကယ်က သူအလျင်မလိုပါ။ ဘေးက တရိပ်ရိပ်ဖြတ်သန်းသွားသည့် အိမ်ခြေရာခြေများနှင့် လမ်းမကြီးကိုပဲ ငေးကြည့်နေမိသည်။ ဆယ်တန်းပြီးရင် ကိုယ်တက္ကသိုလ်တက်ရမဲ့ မြို့ပါလားဟု တွေးမိတော့ နှလုံးသားက ဖျတ်ခနဲ ထခုန်သည်။ တက္ကသိုလ်... ကျောင်းသားတို့၏ နှလုံးသားကို ခုန်အောင်အလုပ်နိုင်ဆုံး စကားလုံးတစ်ခု...။

မကွေးတိုင်းထဲ စာမေးပွဲဖြေရမှာမို့ တက္ကသိုလ်က မကွေးဆီရောက်မှာ သေချာသလောက်ပင်။ စာမေးပွဲကို အောင်အောင်ဖြေမည်။ နောက်ပြီး တက္ကသိုလ်တစ်ခုခုကို လျှောက်မည်။ ထိုအတွေးနှင့်ပင် လိုတရ၏ မျက်နှာက ပို၍ပို၍ ရွှင်လန်းလာသည်။ မကွေးမြို့ကြီးသည် သူ၏မျက်စိအောက်၌ ပို၍ လှလာသလိုပင်။

တက္ကသိုလ်ရောက်လျှင်လည်း သူက ခန့်မင်းကျော်တို့နှင့် အတူတူပဲဖြစ်လောက်သည်။ ဇော်မြတ်ကိုရော လွင်ဟိန်းကိုရော တစ်မြို့တည်းပဲ တွေ့ရလောက်၏။ ရွေးချယ်မဲ့လမ်းတွေမတူနိုင်ပေမဲ့ တူနိုင်သလောက်တော့ တူချင်သေးသည်။ တက္ကသိုလ်ရောက်ရင်ရော ဒီလိုသူငယ်ချင်းမျိုးတွေ ထပ်တွေ့နိုင်ပါ့မလား မရေရာ။ ဘဝကြီး၏ ရှေ့ဆက်ရမည့်လမ်းသည် မဖွင့်ရသေးသော တားရော့ဒ်ကတ်တစ်ခုလိုပင်။

Love Like Heaven (Completed)Where stories live. Discover now