Episode 88

143 17 0
                                    

Uni

"ဘယ်သွားမလို့လဲ"

"ဟင်"

ပိုင်ဥာဏ့်အသံကြောင့် လိုတရ မလုံမလဲနှင့် နောက်လှည့်ရ၏။ ပုံမှန်ထက် ပိုတည်တင်းနေသော ပိုင်ဥာဏ့်မျက်နှာက သူ့ကို အနည်းငယ်ရှိန်စေသည်။ အခုရက်ပိုင်း ပိုင်ဥာဏ်က သူ့အပေါ် သိပ်မကြည်သလို လိုတရ ခံစားနေရသည်။ မကြည်ဘူးဆိုသည်ထက် ဘာလုပ်နေသည်၊ ဘယ်သွားမည်ကအစ စစ်လားဆေးလားနှင့် အတော်လေး တင်းကြပ်နေတာပင်။ တစ်ခါတလေ ကိုယ့်ထက်အစောကြီးနိုးနေပြီး ခပ်တည်တည်စိုက်ကြည့်နေတတ်သည့် ပိုင်ဥာဏ်ကိုတော့ သူ တကယ်လန့်သည်။ ရိပ်မိသွားမလားဆိုတဲ့စိတ်နဲ့ အိပ်မရခဲ့တာလည်း ညပေါင်းမနည်းတော့။

"ဟီး ငါလား။ ဟိုးလမ်းထိပ်နားက အကြော်သွားစားမလို့လေ။ မင်းစားချင်လား ငါဘာဝယ်ပေးခဲ့ရမလဲ"

လိုတရက သူ၏နှုတ်ခမ်းပါးများကို သွားစွယ်လေးများပေါ်အောင် ရယ်ပြရင်း မျက်နှာချိုသွေးသည်။ နားရွက်ကားကား၊ သွားစွယ်လေးနှင့် ပါးမို့အောင်ရယ်ပြနေသော လိုတရက ချစ်စရာကောင်းပေမဲ့ ပိုင်ဥာဏ်ကတော့ ခပ်တည်တည်ပင်။ အင်္ကျီကြယ်သီးတပ်နေသော လိုတရ၏ Outdoor Fashionကို စေ့စေ့စပ်စပ်ကြည့်၏။

ရန်ကုန်မှာနေတာကြာလေ၊ လိုတရ၏အသားက ပိုဖြူလာလေပင်။ ဘယ်တော့မှ ဆီမလိမ်းတတ်သော ဆံပင်တို့က နဂိုမူလအရောင်ကိုစွန့်လွှတ်ကာ ညိုတိုတိုတောင် ဖြစ်နေချေပြီ။ ခေါင်းတလျောက်လုံးဖြောင့်စင်းလာပြီး နှဖူးကိုအုပ်ခါနီးမှ တွန့်လိမ် ကွေးကောက်သွားသော ထိုဆံသားတို့က နေရောင်မှာကြည့်လျှင်တောင် စိုလက်နေသည်။ ဒါတောင် လိုတရက သူများတွေလို ဖယောင်းသွင်းတာတွေ မလုပ်။ နဂိုဆံပင်ကကို ပြောင်လက်နေတာဖြစ်သည်။

မျက်တောင်ရှည်ကော့ကော့ကြီးတွေက လိုတရ၏အကြည့်တစ်ချက်ချင်းစီတိုင်းကို ဆွဲဆောင်မှုရှိအောင် ကူညီထောက်ပံ့သည်။ နှာတံက မျက်ဝန်းနှစ်ဖက်ကြားမှ ခပ်စင်းစင်းဆင်းလာရင်း အဆုံးဖျားလေးမှ မို့မို့မောက်မောက်လေးဖြစ်သွားသည်။ ထိုနှာသီးလေးက ဆွဲညှစ်ချင်စရာကောင်းလွန်းလှသည်။ ပါးလှပ်နေသော နှုတ်ခမ်းများက ဆေးမကူရဘဲ ချယ်ရီရင့်ရောင်သမ်းနေကာ သွားစွယ်ဖြူဖြူတွေနှင့် အလွန်ကို လိုက်ဖက်လှ၏။

Love Like Heaven (Completed)Where stories live. Discover now