Episode 171

191 20 0
                                    

Uni

လုံးဝကိုပြိုလဲပျက်စီးသွားတဲ့ နေ့မှာတောင် မနက်ခင်းကတော့ ရှိနေပါသေးသည်။ လူတစ်ယောက် ဘယ်လိုပဲ ခံစားနေရပါစေ။ သဘာဝတရားကြီးကတော့ ဂရုမစိုက်စွာ သူ့အချိန်သူ လည်ပတ်မြဲ။ ရာသီဥတုက နွေဘက်ရောက်ချင်ချင်မို့ အပူရှိန်ကလည်း သိသိသာသာ တိုးလာသည်။ ဒီလိုကာလမျိုးမှာ လေနုအေးဆိုတာ ဘယ်နေရာမှာမှ ရှာမရ။

လိုတ မှန်တံခါးပေါက်ကြီးဘေးတွင် ထိုင်ရင်း တံခါးပေါက်မှ တဆင့် အတွေးတွေကို ဖြန့်ကျက်ထားသည်။ အိပ်ခန်းခြေရင်းမှ မှန်တံခါးကြီးသည် လိုက်ကာတွေဖယ်ထားတာကြောင့် ပြောင်ရှင်းလို့နေသည်။ အပြင်ဘက်ရှိအရာဝတ္ထုများသည် ပန်းချီကားတစ်ချပ်အလား ဆူညံစွာငြိမ်သက်နေကြသည်။ တိုက်ကျိုတိုက်ကြားမှလာသော နေရောင်ခြည်က လိုတတစ်ကိုယ်လုံးအပေါ် ကျရောက်၏။

သူ ဒီလို ငြိမ်ငြိမ်လေးနေခဲ့တာ နာရီပေါင်းများစွာ ကြာလှပြီဖြစ်သည်။ ကြမ်းပြင်ပေါ်မှာထိုင်ချရင်း ဒူးနှစ်ဖက်ကိုပိုက်ကာ ငြိမ်ငြိမ်လေးနေခဲ့သည်မှာ ညကနေ မနက်ထိအောင်ပင်။ တစ်ခုခုဆို အိပ်မပျော်တတ်သည့်အကျင့်ရှိတာမို့ အိပ်ရာပေါ်သွားလှဲနေလည်း အပိုပင်။ သူ့အတွက်တော့ ဒီလိုလေးထိုင်နေရင်း အတွေးနယ်ဖြန့်နေတာမှ ပိုပြီး စိတ်သက်သာစရာကောင်းသေးသည်။

ညက ဝတ်ထားသော Pajamasလေးက လိုတ လှုပ်ရှားလိုက်တိုင်း လှုပ်လီလှုပ်လဲ့နှင့် ကပ်ပါလာသည်။ ခပ်ပါးပါးဝတ်စုံသည် အခုတော့ ကျိုးကျေလုမတတ်ဖြစ်နေပြီး စိတ်မချမ်းသာစရာအသွင်ကို ပေးသည်။ အင်္ကျီတင်မဟုတ်၊ လိုတတစ်ကိုယ်လုံးလည်း ကျိုးကျေနေသည်။ စိတ်ရော၊ လူရော။

သက်ပြင်းတစ်ချက်ချကာ ဒူးဆီ မျက်နှာအပ်လိုက်သည်။ မဖြီးသင်ရသေးသော ဆံပင်အုပ်အုပ်တို့သည် ခေါင်းနှင့်အလိုက်သင့်လေး ဖွာကျလာသည်။ ထိုဆံပင်များကို နေရောင်ခြည်ထိုးသည့်အခါ တောက်တောက်ပပလင်းလက်သွားသော်ငြား ခေါင်းငုံ့နေသည့်ပုံစံလေးက သနားစရာကောင်းတာတော့ အမှန်ပင်။

ခေါင်းပြန်မော့လာတော့ မျက်နှာတစ်ခွင်သည် ပြိုတော့မည့်မိုးလို မှုန်မှိုင်းနေသည်။ အထပ်ထပ်ကျဆင်းခဲ့ရသည့် မျက်ရည်များကြောင့် မျက်နှာပြင်တစ်ခုလုံးက အခုထိ စိုစွတ်နေတုန်း။ ထစ်ခနဲရှိ ငိုတတ်သူမဟုတ်ပေမဲ့ ညကတော့ စိတ်ရှိလက်ရှိ ငိုချမိခဲ့သည်။ ဒီနှစ်တွေအတွင်း သူ့ ဝန်ထုပ်ဝန်ပိုးက မလွယ်လှ။ သူ နှစ်အကြာကြီးတည်ဆောက်ထားခဲ့သည့် တံတိုင်းကြီး ပြိုကျသွားချိန် သူ့ကိုယ်သူတောင် ဘယ်လိုကာကွယ်ရမလဲ မသိတော့သည်အထိပင်။

Love Like Heaven (Completed)Where stories live. Discover now