Uni
"ဗိုက်ဆာတယ် လိုတရေ"
ညနက်ကာမှ ဗိုက်ဆာတယ်ထအော်သော ပိုင်ဥာဏ်အား လိုတ ဘယ်လိုလုပ်ရမယ် မသိ။ အဲ့အကောင်ကလည်း သူ့ဟာသူဗိုက်ဆာတာကို လိုတနာမည်ကြီးတပ်တပ်အော်သည်။ ကြာတော့ ကိုယ်ကပဲ သူ့ကိုထမင်းကျွေးဖို့ တာဝန်ရှိနေသည့် အမေကြီးလိုလို။
"မင်းကွာ အချိန်မရှိ အခါမရှိ"
"ဟင် ဗိုက်ဆာရတာ စောစောစီးစီးဆာရမယ်လို့ ဘယ်သူ ဥပဒေထုတ်ထားလို့လဲ။ ငါ့ဟာငါ ဆာတာကို"
"အေး မင်းလုပ်နေလိုက်"
လျစ်လျူရှုထားလို့ရရင်လည်း ကောင်းမည်။ ပိုင်ဥာဏ်က ပြောရင်လည်း ခဏပဲတိတ်၏။ မေ့လောက်ရှိရင် တစ်ခါပြန်အော်လာပြန်သည်။
"အား... ဗိုက်ဆာတယ်လို့ လိုတရဲ့"
"မင်းကြီးတော်... မင်းဘာသာဗိုက်ဆာတာ ဘာလို့ငါ့နာမည်တပ်အော်နေတာလဲ"
"အော်ရမှာပေါ့။ ငါဗိုက်ဆာတာ မင်းမှာတာဝန်ရှိတယ်လေ"
"ပေါက်ကရလေးဆယ်တွေက စလာပြီဟေး"
လိုတရ ပုံဆွဲနေသည့်ခဲတံကို ပစ်ချကာသာ ခေါင်းကိုတဗျင်းဗျင်းကုပ်မိတော့သည်။ တစ်ခုခုမှ လုပ်မကျွေးရင်လည်း ဒီကောင်က ညသန်းခေါင်ထိ ဇွဲရှိရှိနဲ့ အော်နေမည့်ပုံပေါ်သည်။ ပိုဆိုးတာက ပိုင်ဥာဏ် သူ့ဘာသာဗိုက်ဆာတာကို လိုတရင်ဘတ်ထဲက နှလုံးသားက အသနားတွေပိုပြီး အရမ်းတွေ စေတနာရှိနေတာပဲဖြစ်သည်။
"ဘယ်လိုလုပ်မှာတုန်း။ ခေါက်ဆွဲခြောက်ကလည်း ကုန်နေတယ်လေ။ အသစ်မှမဝယ်ရသေးတာ။ မင်းဟာလေ စားစရာမရှိဘူးဆို ဆာပြီ"
"ဪ ငါ့ဟာငါဗိုက်ဆာတာတောင် အပြောက ခံရသေး"
"အန်တီကေသွယ်တို့ကလည်း ညဆို စားစရာကို အပြတ်ဖြတ်တာဟ။ ထမင်းကြမ်းတောင် မကျန်တာခက်တယ်။ ဘယ်လိုလုပ်မှာလဲ ကဲ"
"သွားဝယ်မယ်လေကွာ။ ခုမှ ၉နာရီပဲရှိသေးတာကို။ ဟိုဘက်လမ်းက မားကတ်ဆို အဆင်ပြေတာပဲ။ ခေါက်ဆွဲထုပ်သွားဝယ်ရအောင် နော်။ လိုတ"
မျက်နှာလိုမျက်နှာရနှင့် ပြုံးဖြီးပြလာသော ပိုင်ဥာဏ်ကို ကြည့်ရင်း လိုတရ ငိုချင်လာမိသည်။ မရယ်ပါနဲ့ ရယ်ရင်ချောလွန်းလို့ပါလို့ သွားပြောလို့လည်းမရ။ သူ့အဖြစ်က ပိုင်ဥာဏ် ဘာမှမပြောဘဲရယ်နေရင်ကို အလိုလိုလိုက်လျောပေးချင်လာတာမျိုး။
YOU ARE READING
Love Like Heaven (Completed)