Uni
ရပ်ကြည့်နေရုံလေးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ ပိုပင်ပန်းသည်။ မှာထားတဲ့ ပစ္စည်းပမာဏပြည့်ရဲ့လား၊ အလုပ်သမားတွေ ဘယ်လိုလုပ်နေကြလဲ စောင့်ကြည့်ရတာက တော်တော်လေးခက်ခဲသည့်အလုပ်ပင်။ ဒီကြားထဲ မနက်ဖြန်စမည့်ကိစ္စအတွက် အင်ဂျင်နီယာနဲ့ ငြင်းခုန်ဆွေးနွေးလိုက်ရသေးသည်။ ကိုယ်ရချင်တဲ့ပုံစံရဖို့အတွက်ကို တစ်ဖက်လူနဲ့ သေသေချာချာ ညှိနှိုင်းခဲ့ရ၏။ ဒီအတွက် အိမ်ကိုပြန်ရောက်သည့်အခါ သူ့တစ်ကိုယ်လုံး အနုတ်ပြနေပြီဖြစ်သည်။
ပိုင်ဥာဏ်ကဆိုလျှင် သူ့ထက်တောင်ပိုပင်ပန်းဦးမည်။ ဒါပေမဲ့ ပိုင်ဥာဏ်က ပင်ပန်းသည့်ဟန် တစ်ချက်မှ မပြ။ ဝါသနာပါသည်လားတော့ မသိပေ။ လိုတ အိမ်ပြန်သွားတဲ့ထိတောင် သူက အိမ်မပြန်သေး။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေနဲ့အတူတူ ကျန်ခဲ့သည်။ လိုတကတော့ သည်းမခံနိုင်တော့၍ ချာချီ့ကိုပိုက်ပြီး အိမ်ပြန်လာခဲ့တာဖြစ်သည်။ ညကပါ အိပ်ရေးဝမထားတော့ ပိုဆိုးသည်။ နေပူထဲရပ်ခဲ့ရသည့်အတွက် ခေါင်းတောင် ကိုက်ချင်ချင်။
"ချာချီ ငါပြန်လာခဲ့မယ်သိလား။ ငြိမ်ငြိမ်လေးထိုင်နေနော်။ ရေသွားချိုးမလို့"
ချာချီ့ကို ကုတင်ပေါ်ချပေးလိုက်ရင်း မှာကြားလိုက်တော့ ကြောင်ကိုယ်တော်လေးက မသိသလိုလို သိသလိုလိုနှင့်။ သူ့ဝသီအတိုင်း ရင်ဘတ်မွှေးနုနုတွေပေါ်အောင် ရင်ကော့ထိုင်ပြီး အဖက်မလုပ်ချေ။ ချာချီ၏ အချေပုံလေးကို မြင်လိုက်ရတော့ လိုတက သွားပေါ်အောင်ရယ်ရင်း အသည်းယားစွာ ပွတ်သပ်မိသည်။
"မင်းနဲ့ပြန်တွေ့ရတာ တော်သေးတယ် သိလား"
လိုတက နှမြောတသစွာဆိုသည်။ ရင်ဘတ်ထဲလည်း လေးခနဲ။ ချာချီနဲ့ပြန်စတွေ့တုန်းက ပိုင်ဥာဏ့်အကြောင်းပဲ ခေါင်းထဲရှိတာမို့ ဘာမှမခံစားရပေ။ တကယ်တမ်းတော့ သူ ချာချီကို နှုတ်ဆက်ခဲ့တာ ခဏလေးအတွက်မှ မဟုတ်ဘဲ။ ဒီကောင်ကြီးကို ပြန်လည်းမတွေ့ရတော့ဘူး၊ အမွှေးတွေကိုလည်း မထိရတော့ဘူးလို့ သူ ထင်ထားခဲ့တာဖြစ်သည်။ အခုတော့ ထိုမီးခိုးရောင်အမွှေးလုံးကြီးသည် သူ့လက်ဖဝါးထဲတွင် နူးညံ့စွာတည်ရှိနေသည်။
YOU ARE READING
Love Like Heaven (Completed)