Uni
ချာချီသည် အိပ်ခန်းအဝအထိ လိုတ၏လက်ပေါ်မှာ ငြိမ်ငြိမ်လေးလိုက်လာခဲ့သည်။ သို့သော် လိုတ တံခါးလှည့်ပိတ်ချိန်မှာတော့ လိုတ၏ လက်ပေါ်မှ ဆင်းကာ အိပ်ရာဆီသို့ တဟုန်ထိုး အပြေးသွားလေသည်။ လိုတသည် အလှအပ ကိစ္စကို စိတ်မဝင်စားသော်ငြား အနံ့အသက်နှင့် သန့်ရှင်းမှုကို ဂရုတစိုက်ရှိသည်။ သို့နှင့် သူသည် သခွားနံ့မွှေးသော Body lotionတစ်မျိုးကို လိမ်းလေ့ရှိသည်။
ထိုအကြောင်းကြောင့်ပင် လိုတ၏ အသားများနှင့် အင်္ကျီများမှာ သခွားမွှေးနံ့များ စွဲကပ်ပါနေလေ့ရှိသည်။ အိပ်ရာသည်လည်း ခြွင်းချက်မဟုတ်ပေ။ ချာချီသည် နူးညံ့အိစက်သော အိပ်ရာခင်းများပေါ် ရောက်သောအခါ ခပ်သင်းသင်းလေးမွှေးနေသော စိတ်ကိုကြည်လင်စေသည့် ရနံ့တစ်ခုကို ရလိုက်သည်။
ချာချီအလွန်ကျေနပ်သွား၏။ သူ့ သခင်မဆိုလျှင်လည်း အမြဲတမ်း မွှေးပျံ့နေတာပင်။ ဟိုဗလကြီးနှင့်မတူပေ။ ဟိုဗလကြီးမှာ ဘာမွှေးရနံ့မှ မရှိ။ ချာချီသည် ကျေနပ်အားရစွာဖြင့် သူ၏ ရှေ့ခြေတိုတိုများကို ရှေ့ထုတ်ကာ အကြောဆန့်၏။ သွားစွယ်များနှင့် အာခေါင်နီနီကြီးပေါ်သည်အထိ အားရပါးရသမ်းဝေပြီးနောက် ဟိုဟိုဒီဒီကြည့်လိုက်သည်။
အခန်းသည် သူ့သခင်အသစ်၏ အခန်းထက်တောင် ရိုးရှင်းနေသေး၏။ သို့သော် အိပ်ရာ... သူ့စိတ်ထင် ဒီအိပ်ရာက ဟိုက အိပ်ရာထက်ပိုပြီး အိပ်ချင်စဖွယ်ကောင်းသည်ဟု ခံစားရသည်။ ဤသို့ဖြင့် ချာချီ့မျက်လုံးများက ခေါင်းအုံးနားမှာ ကျနေသော ငှက်ရုပ်နီနီကြီးကိုတွေ့သွားသည်။ ချာချီသည် အနားကိုတိုးပြီး စူးစမ်း၏။
နီနီဖောင်းဖောင်း ငှက်ရုပ်ကြီးသည် သူ့အရှေ့တွင် လဲလျောင်းနေသည်။ ထိပ်တွင် အမောက်နီနီလေးနှစ်ဖက်က ဖုထွက်နေသည်။ လဲလျောင်းနေသည်ဖြစ်ရာ နှုတ်သီးဝါဝါကလည်း ထောင်နေသေး၏။ ချာချီ အနီးကပ်ကြည့်ရှုလိုက်သည်။ ငှက်ရုပ်၏ မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေကာ မျက်လုံးအထက်ရှိ မျက်ခုံးမွှေးများကလည်း ပြားထူမည်းနက်နေသေးသည်။
ချာချီ ငှက်ရုပ်ပေါ်ရောက်နေသော သူ့ခေါင်းကို ပြန်၍ရုပ်သိမ်းလိုက်သည်။ ထို့နောက် နှုတ်သီးဝါဝါကို လက်ဖြင့် တစ်ချက်ပုတ်ရင်း စဉ်းစားသည်။ တစ်ခုခုနှင့် တူနေသည်။ ထိုမျက်ခုံးတန်းများ... ချာချီ့ခေါင်းထဲ အတွေးတစ်ချက်လက်သွားသည်။ ဟုတ်သည်။ ဒီအရုပ်က သူ့ကိုအနိုင်ကျင့်နေကျ ဟိုဗလကြီးနှင့် တူလွန်းသည်။ ဗလကြီးကိုတော့ ချာချီဘယ်တုန်းကမှ အနိုင်မရခဲ့။ သို့သော် အရုပ်ကိုတော့ မတူချေ။
YOU ARE READING
Love Like Heaven (Completed)