Uni
ညနေစာစားသောက်ပြီး ၃နာရီခွဲလောက် ရထားဘူတာဆင်းကြသည်။ မီးရထားဘူထာသည် အိုဟောင်းနွမ်းရိနေသော အဆောက်အဦးကြီး မဟုတ်သော်ငြား တောက်တောက်ပြောင်ပြောင်မရှိသောကြောင့် ဘူတာအိုကြီးဟုသာ ဆိုရပေမည်။ ရထားအစင်းစင်း ရပ်နားကြ၊ ထွက်ခွာကြသည့်အထဲ လူတွေက စုရုံးစုရုံးဖြင့် ရထားစောင့်နေကြတာမျိုးလည်းရှိသည်။ တချို့လည်း ရထားဆိုက်တာကြောင့် ဆင်းလာကြသည့် ခရီးသည်များ၊ ဘူတာမှာ မြေပဲပြုတ်၊ ထမင်းသုပ်ရောင်းသည့် ဈေးသယ်များနှင့် အလွန့်အလွန်စည်ကားလျက်ရှိသည်။
သူတို့ တက်ရမည့်ရထားမှာ ရထားအိုကြီးပဲဖြစ်သည်။ အလွန်ရှည်လျားသော ဤရထားကြီးက သူတို့ကို ပုဂံဒေသဆီသို့ အရောက်ပို့ပေးမည်ဖြစ်သည်။ ဘတ်ဂျတ်ကြောင့်မဟုတ်ဘဲ အတွေ့အကြုံရချင်လို့ကို တမင်သက်သက် ရထားစီးကြမည့် သူတို့မှာ တခြားလူများနှင့် မတူဘဲ တက်ကြွလွန်းနေကြသည်။ ရန်ကုန်ကနေ ပုဂံဒေသဆီသို့ ရထားနှင့်ဆိုလျှင် ၁၈နာရီကြာစီးရပေမည်။ ညပါအိပ်ရမည်မို့ သူတို့တွေ ပိုအကြိုက်တွေ့နေကြသည်။ ဆယ်တန်းပြီးကတည်းက တစ်ဆောင်ခန်းထဲမှာ အတူတူမအိပ်ခဲ့ရတာ ကြာပေပြီ။ ဒီညတော့ သူတို့ငါးယောက် အပီကဲလို့ရသည်။
ငါးယောက်စလုံးသည် ဒီတစ်ခါလည်း ဆင်တူပင် ဝတ်ဆင်ထားကြပါ၏။ ရှပ်အင်္ကျီအစင်းကိုမှ ကြယ်သီးနှစ်လုံးလောက်ဖြုတ်ဝတ်ထားကြကာ ဂျင်းဘောင်းဘီအတိုများ ဦးထုတ်များဖြင့် လန်းဆန်းလတ်ဆတ်နေကြသည်။ လူငယ်ပီပီ အထုပ်အပိုးလည်းအများကြီးမရှိဘဲ ကျောပိုးအိတ်သာပါသည်။ နှစ်ရက်လောက်ပဲနေမှာမို့ များများစားစားထည့်လာခြင်းမရှိ။
ညရေးညတာ သက်တောင့်သက်သာ ကမြင်းကြောထနိုင်ရေးအတွက် အိပ်စင်တွဲများကို ရွေးချယ်ထားကြတာဖြစ်ရာ ကြွကြွရွရွလေး ကမြင်းကြောထနိုင်သည်။ ငါးယောက်သား တဂျုံးဂျုံးဖြစ်နေပြီး တဂျက်ဂျက်ဖြစ်ခါနီးနေပြီဖြစ်သော ရထားကြီးပေါ်သို့ တန်းတန်းမတ်မတ်တက်သွားလိုက်ကြသည်။ လက်မှတ်ဖြတ်ထားသည့် အခန်းဆီကို ကျော့ကျော့မော့မော့သွားရင်း ရထားတွဲတစ်ခုလုံးဆီမှ လူများ၏အကြည့်ကို ခံယူလိုက်ရသေးသည်။ သူတို့ငါးယောက်သည်ကား ငယ်ရွယ်ခြင်း၏ ပြယုဂ်အလား လူအများကြားမှာ ထင်းလင်းထွက်နေကြသည်။
YOU ARE READING
Love Like Heaven (Completed)