Episode 98

175 19 9
                                    

Uni

လေတစ်သုတ် ဝေ့တိုက်လာသည်နှင့်အတူ ဆည်းလည်းတွေက လှုပ်ရမ်း ကခုန်နေသည်။ ဒီတော့လည်း အသံသာသာလေးတွေက တောင်ကုန်းထက်မှာ ပြည့်နှက်သွားတော့သည်။ နေမပူပါ။ နေသည် ထူပိန်းကျပ်သိပ်နေသော တိမ်တိုက်များအကြား မိန်းမကြောက်တဲ့ အိမ်ထောင်ဦးစီးပမာ ခပ်မဲ့မဲ့ ပုန်းခိုနေရသည်။ ထို့ကြောင့် ဒီတောင်ကုန်းလေးပေါ်မှာ လေသာ၍ နေရိပ်သည်။

လိုတတို့နေထိုင်ရာ အိမ်ရာဝင်းသည် မြို့၏ အစွန်အဖျား၌ တည်ရှိတာ ဖြစ်သည်။ အနိမ့်အမြင့်များသည့်တောင်ကုန်းများ၊ မပြန့်ပြူးသော မြေနေရာများကို ပိုင်ဆိုင်ထားသည့် ဤမြို့ကလေး၏ ဝသီအရ မြို့ပြင်ဘက်ရောက်လေ တောင်ကုန်းတွေ မြင့်လာလေပင်။

သူတို့ နေထိုင်ရာရုံးဝန်းကြီး၏ အနောက်ဘက်တွင်လည်း တောင်ကုန်းခပ်မြင့်မြင့်တစ်ခုရှိသည်။ မြက်ပင်များပေါက်ပြီး သဲများသော မြေပြင်အနေအထားမျိုးရှိသည်။ နေကျွတ်ကျွတ်ပူနေသည့်အခါမျိုး၌ ထိုနေခသော တောင်ကုန်းများကို ရုံးပြတင်းပေါက်များဆီမှ လှမ်းကြည့်ရတာ လွမ်းစရာကောင်းလွန်းသည်။ အရိပ်ရပင်တွေ ဟိုတစ်ပင် ဒီတစ်ပင်သာ ရှိသောကြောင့် တောင်ကုန်းပေါ်တွင် အရိပ်ထက် နေပူတာက များသည်ပင်။

ရုံးနှင့် ထိုတောင်ကုန်းအား ယခုတော့ မီးရထားလမ်းဖြတ်ဖောက်၏။ တောင်ကုန်းကို နှစ်ခုခြမ်းလိုက်သလိုမို့ အလယ်ရှိရထားလမ်းက မြောင်းကျယ်ကြီးတစ်ခုနှယ်။ လိုတရကတော့ ထိုမြောင်းကျယ်ကြီးကိုဖြတ်၍ တစ်ဖက် တောင်ကုန်းဆီ သွားသည်ပင်။ ထိုတောင်ကုန်းက ရုံးဘက်ကလို ဝါးရုံများသာ ရှိသည်မဟုတ်။ ဇီးသီးချိုချိုသီးသည့် ဇီးပင်များလည်း ရှိ၏။ အရေးအကြီးဆုံးအချက်ကမူ ထိုတောင်ကုန်းလေးပေါ်၌ တောရကျောင်းလေးနှင့် စေတီတစ်ဆူရှိသည်။ စေတီရင်ပြင်သည် သိပ်မကျယ်လှသော်လည်း လူအသွားအလာနည်းသောကြောင့် အေးအေးဆေးဆေးရှိသည်သာ။

ကျောင်းထိုင် ဘုန်းဘုန်းကလည်း အေးအေးလူလူသာ နေတာမို့ လိုတရက တစ်ခါတလေ ဒီစေတီရင်ပြင်၌ စာလာဖတ်လေ့ရှိသည်။ တောင်ကုန်းမြင့်ဟု ဆိုသည့်အတိုင်း ထိုနေရာမှ ကြည့်မည်ဆိုလျှင် တစ်မြို့လုံးနီးပါးကို ငုံ့မိုး၍ လှမ်းမြင်ရသည်။ ခပ်အုပ်အုပ်သစ်ပင်စိမ်းများ၊ ခေါင်မိုးအပြာအမွဲများ၊ အဆောက်အဦးများကြား ပုန်းကွယ်နေတတ်သော ကတ္တရာလမ်းမများ အားလုံးနီးပါး သူ လှမ်းကြည့်နေလို့ရသည်။

Love Like Heaven (Completed)Where stories live. Discover now