Episode 80

177 16 3
                                    

Uni

အဆောင်တစ်ခုလုံးသည် အကျည်းတန်လှသည်ဟု သူ့စိတ်ထဲ ထင်နေဆဲပင်။ ပက်လက်လှန်အိပ်လို့လည်း အိပ်မရ၊ ဘေးစောင်းအိပ်လည်း အိပ်လို့မရ။ စိတ်တွေက ဂယောက်ဂယက်ဖြင့် အိပ်မရအောင် နှောက်ယှက်နေကြသည်။ ဘေးနားက ဇော်မြတ်ကို လှမ်းကြည့်လိုက်တော့ ငနဲသားက ငြိမ်နေအောင် အိပ်ပျော်နေသည်။ အဆောင်ထဲက ကျန်၆ယောက်သည်လည်း ဒီအတိုင်းသာ။ အခန်းတစ်ခုလုံးမှာ မအိပ်ဘဲရှိနေတာ ကိုယ်တစ်ယောက်တည်းဟု တွေးမိတိုင်း ခန့်မင်းကျော်မှာ စိတ်အနှောက်အယှက်ဖြစ်ရသည်။ ဒါကြောင့် ကြိုးစားအိပ်ပါသော်လည်း ဘယ်လိုမှအိပ်လို့မရ။

ထိန်းမနိုင်သိမ်းမနိုင်သော လက်က ဖုန်းကိုဖွင့်ကာ ကြည့်မိပြန်သည်။ ဒီလိုကြည့်မိရင် အိပ်မပျော်မှာစိုး၍ကို ဖုန်းကို စက်ပိတ်ထားမိပါသော်လည်း စိတ်ကိုထိန်းချုပ်၍ မရတော့။ သူ့စိတ်တွေက ဂယောက်ဂယက်ဖြစ်နေကာ တစ်စုံတစ်ယောက်၏မျက်နှာလေးကို မြင်တွေ့ခွင့်ရဖို့ရန်သာ တစ်ကမ္ဘာဖြစ်နေသည်။ ထိုကောင်မလေးအကြောင်းကို တွေးလိုက်မိသည်နှင့် သူ့နှုတ်ခမ်းစွန်းကပါ ကော့တက်လာသည်အထိ။

ဖုန်းမျက်နှာပြင်ပေါ်လာသည်နှင့် Wallpaperမှာမြင်ရသည့် ပုံလေးတစ်ခု။ ဘာရယ်မဟုတ်ပါ။ စာကြည့်စားပွဲကို ရိုးရိုးရှင်းရှင်းပင် ရိုက်ထားသည့်ပုံပဲဖြစ်သည်။ ရှုခင်းပုံတွေလိုတောင် လှပ၍မနေ။ သို့သော်လည်း သူ Wallpaperထားထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုပုံသည် သူချစ်မိနေသော ကောင်မလေး ရိုက်ထားသောပုံ ဖြစ်သောကြောင့်ပင်။

ကောင်မလေးအကြောင်းတွေးရင်း တံတွေးမျိုချမိတော့ သူ့ လည်ဇလုပ်က ဖြည်းဖြည်းချင်း လှုပ်ရှားသွားသည်။ မျက်နှာမှာလည်း ခါတိုင်းနှင့်မတူသော အပြုံးကချက်ချင်းရောက်လာကာ သူ့ကို ပို၍ ယောကျ်ားဆန်စေသည်။ ချစ်သူအကြောင်းတွေးပြီး ပြုံးနေသော ယောကျ်ားတစ်ယောက်၏အပြုံးထက် ဘယ်အရာကမှ ယောကျ်ားပိုမဆန်နိုင်တော့။

နောက်ဆုံးတွင်တော့ သူ အသက်ကို ပြင်းပြင်းထန်ထန်ရှူရင်း ဖုန်း Galleryကို ဖွင့်လိုက်သည်။ ထိုနေရာတွင် 'ညီမလေး'ဟု အသည်းပုံစတစ်ကာလေးနှင့် မှတ်သားထားသော Albumလေး တစ်ခုရှိသည်။ ပုံတွေသည် သိပ်မများပေ။ ၁၀၀ကျော်ကျော်လောက်သာရှိသည်။ သို့သော် ထိုပုံများသည် Social Mediaပေါ်တွင်တင်ထားသမျှ သူမ၏ ပုံအားလုံးသာ ဖြစ်သည်။

Love Like Heaven (Completed)Where stories live. Discover now