Uni
"မနက်ဖြန်ကျ သေသေချာချာဝတ်လာခဲ့ဦးနော် လိုတ။ လုပ်စရာရှိတယ်"
ဘေစင်ကမှန်ကိုကြည့်ရင်း မျက်နှာကို အထပ်ထပ်သစ်နေလိုက်သည်။ မနက်၆နာရီထရတာနဲ့ နေသားကျနေပေမဲ့ ညက အိပ်ရာဝင်နောက်ကျသွားသည်မို့ မနက်ကျ မျက်လုံးဖွင့်ဖို့တောင် ခက်ခဲနေသည်။ နောက်ပြီး ဦးလေးထွန်းက သေသေချာချာဝတ်ပြီး အလုပ်စောစော လာခိုင်းလိုက်သေးသည်။ ဘာကိစ္စလဲတော့ မသိပေမဲ့ သူ့စိတ်ထဲ ထွေပြားနေသည်။ ဦးလေးထွန်းက သူ့ကို အလုပ်လွှဲမည့်ကိစ္စလည်းမဖြစ်နိုင်ပါ။ အခုမှ အလုပ်သင်နေတာ လေးရက်ပဲရှိသေးသည်။
"နိုးနေတာလား"
"ဟင်"
ရုတ်တရက် အနောက်မှ အသံကြားလိုက်ရသည်မို့ လိုတရ ဆတ်ခနဲတွန့်သွားသည်။ လှည့်ကြည့်လိုက်တော့ ဇော်မြတ်က ယိုင်တိုင်တိုင်နှင့် သန့်စင်ခန်းထဲဝင်လာသည်။ ထို့နောက် လိုတရဘေးဆီ ဝင်ရပ်လိုက်ကာ ရေဘားကို ဖွင့်၏။ တသွင်သွင်စီးကျလာသော ရေတို့ကို လက်ခုပ်နှင့်ခံယူရင်းမျက်နှာဆီ အထပ်ထပ်ပွတ်သပ်နေသော ဇော်မြတ်၏ပုံစံက လိုတရလိုပင်။ ကောင်းကောင်းမအိပ်ရသောကြောင့် အနည်းငယ် နွမ်းဖတ်ဖတ်ရှိလှ၏။
"မင်းက ဘယ်လိုဖြစ်လို့ အစောကြီးနိုးနေတာလဲ။ ခါတိုင်းဆို ၇နာရီလောက်မှ ထသွားတာမဟုတ်ဘူးလား"
လိုတကသာ အလုပ်နေရာဝေးလို့ စောစောထသွားရပေမဲ့ ခန့်မင်းကျော်နဲ့ဇော်မြတ်တို့၏သင်တန်းကျောင်းက ဒီနားနီးနီးလေးမှာပင် ဖြစ်သည်။ လမ်းလျှောက်သွားလို့တောင် ရသည့်နေရာမို့ ငပျင်းနှစ်ကောင်က အချိန်နီးမှ ကပ်ပြီး အိပ်ရာထကြတာများသည်။ ဒီနေ့တော့ ဇော်မြတ်က ထူးထူးခြားခြားနိုးနေသည်ပင်။
"ငါ ညက အိပ်မပျော်လို့ လိုတ"
"အိပ်မပျော်ဘူး? ဂိမ်းဆော့နေလို့လား"
"မဟုတ်ပါဘူး"
ဇော်မြတ်အသံက အိပ်ရာထစမို့ အနည်းငယ်အက်ကွဲကွဲဖြစ်နေသည်။ ထုံမှိုင်းနေသော မျက်နှာသွင်ပြင်က ဂိမ်းဆော့လို့ အိပ်ရေးပျက်တာမဟုတ်မှန်း သက်သေပြနေသည်။
YOU ARE READING
Love Like Heaven (Completed)