Uni
ကြားခဲ့ရသည့်စကားလုံးတို့အား ဦးနှောက်ထဲတွင် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးသည့်နောက် သက်လျာ၏ မျက်လွှာဖောင်းဖောင်းလေးတွေက ဖျတ်ခနဲ အောက်ချသွားသည်။ ခန့်မင်းကျော်က လက်မလျှော့သေး။ သူ့ညီမလေးကို လက်မောင်းနှစ်ဖက်က ကိုင်ထားရင်း အသေအချာအကဲခတ်နေသည်။ သက်လျာ၏ မျက်ဝန်းလေးတွေ အပေါ်ပြန်ပင့်လာချိန်၌ ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံကို မြင်တွေ့ရသည်။ ထိုမျက်ဝန်းများမှ ချစ်ခြင်းတွေသည် ပြည့်လျှံနေကာ အပြင်သို့ပင် ထွက်လာတော့မည့်သယောင် ရှိနေသည်။ သက်လျာမနေတတ်တော့။
ကိုယ်ကိုအသာ တိမ်း၍ ခန့်မင်းကျော်၏ လက်နှစ်ဖက်ကို ဖြုတ်ချလိုက်သည်။ နဂိုဖြူဝင်းနေသော မျက်နှာလေးက ရှက်ရိပ်ကြောင့် ရဲတက်လာလေသည်။ တစ်ကိုယ်လုံး ထုံကျင်နေပြီး ဘာပြောလို့ ဘာဆိုရမှန်းတောင် မသိ။ အရင်တုန်းကလည်း ဒီလိုပြောစကားတွေ ကြားဖူးခဲ့ပါသည်။ ဒီလူ့စကားကိုပဲ ရည်းစားစကားလို ခံစားတတ်တာတော့ သူလည်း မတတ်နိုင်။ မျက်နှာတစ်ပြင်လုံး ပူတက်လာသည်အထိ ရှက်ရွံ့ခြင်း၏ ဒဏ်ကို မခံစားနိုင်တော့သည်မို့ အသာထွက်သွားဖို့ လုပ်တော့ ထိုလူက လက်ကောက်ဝတ်ကို ဆွဲထားသည်။
'ဘာလုပ်တာလဲ'ဟူသောအကြည့်ဖြင့် ပြန်ကြည့်မိတော့ လက်ကို ပြန်ရုတ်လိုက်သည့်ပုံက မထိရက်မကိုင်ရက်တာလိုလို။ စတွေ့ကတည်းက အရပ်အရှည်ကြီးမို့ သတိထားမိတာတော့ ရှိခဲ့သည်။ ရုပ်လေးလည်း မဆိုးတာမို့ လိုတရတို့တစ်ဖွဲ့လုံး ရုပ်ချောကြတာချည်းပဲလို့တောင် ရည်မွန်နဲ့ ပြောနေခဲ့သေးသည်။
ပြုံးလွယ်ရယ်လွယ်မျက်နှာထားနှင့် ထိုလူက ခပ်ပေါပေါလို့ ထင်ရပေမဲ့ တစ်ခါတစ်ခါလည်း ယောကျ်ားဆန်နေလိုက်တာ နေစရာတောင်မရှိ။ အထူးသဖြင့် သူ့ကိုတွေ့လို့ လှစ်ခနဲပြုံးလိုက်သည့်အခါ ထိုအမျိုးသား၏ ပုံစံက ယောကျ်ားဆန်လွန်းသည်။ ပြီးတော့ ထိုလူက သက်လျာကို အလိုလိုက်သည်။
ထုတ်မပြောပေမဲ့ ညီမသေးသေးလေးတစ်ယောက်ကို ရထားသလိုမျိုး ထိုလူက သက်လျာကို အလိုလိုက်သည်။ အလိုလိုက်တာကလည်း လိုတရတို့ ရည်မွန်တို့နဲ့မတူ။ ကိစ္စသေးသေးလေးကအစ ထိုလူ့အတွက် ကြီးကျယ်နေတတ်တာမျိုး၊ အပ်လေးစူးရင်တောင် ပုဆိန်ခုတ်ခံရသလို ပျာယာခတ်နေတတ်တာမျိုး၊ ထိုအမျိုးသားက ဂရုစိုက်တတ်လွန်းသည်။
YOU ARE READING
Love Like Heaven (Completed)