Uni
'အချစ်ဟောင်းကို မေ့ပစ်ဖို့ နည်းလမ်းများ'
ဖုန်းကို ဟိုပွတ်ဒီပွတ်လုပ်ရင်း အိပ်ရာပေါ်လဲလျောင်းနေသော လိုတရတစ်ယောက် ရုတ်တရက် ထထိုင်မိမတတ်ပင် ဖြစ်သွားသည်။ ဘယ်သူမှ Shareတာလည်း မဟုတ်ဘဲ Newsfeedထဲသို့ အလိုအလျောက်ရောက်လာသည့် ဆောင်းပါးက သူ့အာရုံကို ဆွဲဆောင်နေသည်။ သူ့လက်ချောင်းသွယ်သွယ်များက ထိုစာမျက်နှာကို အသာလေးနှိပ်လိုက်မိသည်။
ဆောင်းပါးမှာ အသည်းကွဲတာနဲ့ပတ်သတ်သည့် အတွေ့အကြုံများစွာဖော်ပြထားကာ ပြန်လည်ကုစားနိုင်သည့် အချက်တွေကို ထောက်ပြထားသည်။ သူ့မျက်တောင်ရှည်များက တဖျတ်ဖျတ်ခတ်ရင်း ဘေးကုတင်ရှိ အိပ်ရာမထသေးသော ပိုင်ဥာဏ်ကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် ပိုင်ဥာဏ်၏ မျက်နှာသို့အကြည့်မရောက်ခင်မှာပင် ပြန်လွှဲလိုက်ကာ ပြတင်းပေါက်ရှိ အပင်ပုလေးဆီသို့ အကြည့်ပို့လိုက်သည်။
အပင်လေးသည် ပိုင်ဥာဏ်က အပိုင်စီးထားခဲ့တာဖြစ်ပြီး ကျောင်းပြန်ဖွင့်သည့်အခါ သူနဲ့အတူ ပြန်ယူလာခဲ့တာဖြစ်သည်။ ထို့အတူပင် လိုတရမှာလည်း Angry Birdအရုပ်လေးကို သူနဲ့အတူ ပြန်ယူပါလာ၏။
သက်ပြင်းတစ်ချက်ချလိုက်ကာ ပိုင်ဥာဏ့်ဆီသို့ အာရုံစိုက် နားထောင်ကြည့်မိသည်။ ဟောက်သံခပ်တိုးတိုးက စည်းချက်ညီစွာ ထွက်ပေါ်နေရင်း နိုးလာမည့်ပုံစံမရှိသေး။ ဒီနေ့က ကျောင်းပိတ်ရက်မို့ ပိုင်ဥာဏ်က တစ်နေကုန်အောင် အိပ်တော့မည်ထင်သည်။ ဒီတော့ လိုတရတစ်ယောက်တည်း ပျင်းစရာကောင်းလှ၏။
ပိုင်ဥာဏ် နိုးမလာဘူးဆိုတာ သေချာမှ လိုတရက ဆောင်းပါးကို စိတ်အေးလက်အေး ဆက်ဖတ်တော့သည်။ ဆောင်းပါးရှင်က ပထမဦးဆုံး အချစ်ဟောင်းနှင့် အတူတူမနေတော့ဖို့ အကြံပြုထားသည်။ လိုတရ နှာခေါင်းရှုံ့မိ၏။ ဒီအချက်က ဘယ်လိုမှ အောင်မြင်မှာ မဟုတ်တော့ပေ။ ထပ်ပြီး အခန်းပြောင်းလိုက်ရင်လည်း ပိုင်ဥာဏ်က သူ့ကို အသေသတ်သွားလိမ့်မည်။
ဆောင်းပါးရှင် ထောက်ပြသည့်အချက်များကတော့ တူညီသည့်နေရာများသည် သတိရမှုနှင့် လွမ်းဆွတ်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟူ၍။ သို့ပါသော်လည်း နေရာမတူရင်တောင် ပိုင်ဥာဏ်က လိုတရှေ့မှာ အကောင်လိုက်ကြီးရှိနေသေးသည်ပဲ။ သူတို့နှစ်ယောက်က ချစ်သူဖြစ်ပြီးမှ လမ်းခွဲတာလည်း မဟုတ်တော့ ဒီလိုအချက်နဲ့ မကိုက်ညီ။
YOU ARE READING
Love Like Heaven (Completed)