Episode 2

970 61 1
                                    

Uni

"ကဲ ဒါဆို ဆရာမတို့ စာဆက်သင်ရအောင်။ မနေ့က သင်တာဘယ်ထိပြီးပြီလဲ။ အဲ့တာကို ဖွင့်မယ်"

ဆရာမ၏ အသံစာစာကလေးက စာသင်ခန်းထိပ်ဆုံးမှနေ၍ ထွက်ပေါ်လာသည်။ ပိုင်ဥာဏ် Engစာအုပ်ကိုကိုင်၍ ငြိမ်နေမိသည်။ မနေ့က ဘယ်အထိ ပြီးပြီလဲဆိုတာ သူ မသိ။ လက်တစ်ဖက်က ရုတ်တရက် သူ့လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ကာ စာရွက်တွေကို တဖျတ်ဖျတ်လှန်၏။ ပြီးမှ စာအုပ်ကို သူ့ဆီထိုးပေးကာ စာကြောင်းတစ်ခုဆီ ထောက်လိုက်ရင်း

"ဒီအထိ ရောက်ပြီ"

အသံကြည်အေးအေးကို ဒုတိယအကြိမ် အနီးကပ်ကြားလိုက်ရသည်။

"ကျေးဇူး"

"ရပါတယ်"

တစ်ဖက်လူသည် ပြုံး၏။ ပြန်ရုတ်သွားသော လက်ချောင်းတို့သည် အတော်လေးဖြူပြီး ရှည်သွယ်သည်။ အသားအရေက ဖြူသည်ဆိုတာထက် ကြည်လင်သည့်ဘက်သို့ ပိုသွားသည်။ အသွင်အပြင်နှင့်ထပ်တူ အပြုံးကလည်း ကြည်ကြည်လင်လင်။

ခေါင်းငုံ့လိုက်သောအခါ ဆံသားတို့သည် ဝေ့ခနဲ ကျလာသည်။ ထိုသူ၏ ဆံသားတို့သည် ဆီလိမ်းမထားတာ ကြာ၍ နီလုလုဖြစ်နေ၏။ သို့သော် တစ်ချက်ကြည့်ရုံနှင့် နူးညံ့မည့်ပုံပေါ်သည်ကြောင့် ပွတ်သပ်ချင်စရာကောင်းလှသည့် ဆံသားမျိုးကို ပိုင်ဆိုင်ထားသည်။ ဆံနွယ်အဖျားတို့သည် ဂရိလူမျိုးတို့လို ခပ်ကွေးကွေးခပ်ကောက်ကောက်ဖြင့်။

မျက်နှာရှည်ရှည်၊ မေးရိုးချွန်ချွန်ကိုမှ နှာတံက စင်းကော့နေသည်။ နှာတံက အတော်လေးရှည်ရှည် စင်းကျသွားပြီးနောက် ထိပ်မှာ လုံးလုံးလေးဖြစ်သွား၏။ မျက်ဝန်းတို့သည် ထူးထူးခြားခြားလှပခြင်းမရှိ။ သို့သော်ငြား မျက်ရစ်နှစ်ခုကြောင့် ထိုမျက်လုံးများသည် သာမန်ထက် ပြူးဝိုင်းသည့်ဟန် ရောက်နေသည်။ မျက်ခွံတို့အဆုံး၌ ကော့တက်နေသော မျက်တောင်ရှည်ကြီးများဖြင့် အလှဆင်ထားရာ သူ့ဟာနှင့်သူတော့ ကြည့်ကောင်းသွား၏။

နှုတ်ခမ်းသည် အတော်လေးပါး၏။ တင်းတင်းစေ့ထားလျှင် ဆန့်တန်းထားသည့် ပုဝါပါးပါးလို တစ်ဖြောင့်တည်းဖြစ်နေသည်။ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီက လှပနေသော်ငြား ခြုံငုံကြည့်လိုက်လျှင် ထင်ရှားခြင်းမရှိ။ လှပသည်ဟု ထင်ရသော မျက်ဝန်းများ၊ ရှည်စင်းစင်းနှာတံနှင့် ကားထွက်နေသော နားရွက်တို့ကြောင့် မျက်နှာသည် ချောမောလှပသည်ဆိုတာထက် ကြည်လင်ရှင်းသန့်နေသည့် ပုံမျိုးရောက်သည်။ 'လူရည်သန့်'ဟူသော စကားလုံးက ထိုသူနှင့် အပိုအလိုမရှိ လိုက်ဖက်လှ၏။

Love Like Heaven (Completed)Where stories live. Discover now