Uni
သာမန်ဖြစ်သော နေ့ရက်များက ကုန်ဆုံးတာ မြန်လွန်းသည်။ ပေါက်ကရတွေလုပ်ကြရင်း၊ ရယ်ကြရင်း စာကျက်ကြရင်းဖြင့် ကိုးတန်းပြီးတော့မည့် နေ့ရက်များဆီသို့ ရောက်လာတာ ယုံတောင် မယုံနိုင်။ သူတို့ ကျောင်းစတက်ခဲ့စဉ်က စိမ်းစိုစိုအရွက်တို့ဖြင့် လှပနေခဲ့သော မန်ကျည်းပင်ကြီးများ၊ သရက်ပင်ကြီးများမှာ ယခုတော့ ခြောက်သွေ့ဝါရော်သည့်အဆင့်ကို ကျော်လွန်ကာ လေတစ်သုတ်တိုက်လိုက်တိုင်း အရွက်တို့က ဖွဲခနဲ ဖွဲခနဲ ကြွေကျ၏။
လိုတရ မန်ကျည်းပင်ကြီး အောက်မှာ ရပ်နေသည်။ နွေ၏ အငွေ့အသက်နှင့်လိုက်ဖက်ညီစွာ ပြင်းတော့အံ့ဆဲဆဲ နေအပူရှိန်က ကောင်းကင်မှာ ဖြန့်ကျက်ထား၏။ သို့ပါသော်လည်း မန်ကျည်းပင်ကြီး၏ အေးမြသော ထွေးပွေ့မှုကြောင့် ထိုနေရောင်ပြင်းပြင်းက သူ့ဆီရောက်မလာ။ ဆောင်းလက်ကျန်လေအေးတစ်သိုက်က ဝေ့ဝဲနှုတ်ဆက်သွားတော့ မန်ကျည်းပင်ကြီးတွေခမျာ ဝမ်းနည်းသလို အရွက်တွေကြွေကျရပြန်ပါသည်။ လိုတရ Bioစာအုပ်ကို လက်မှာကိုင်ထားရင်း နှင်းကျသကဲ့သို့ ကျလာသည့် အရွက်သေးသေးများအား လက်ဖဝါးနှင့် ခံထားမိ၏။
အယူအဆတစ်ခုက ပြောသည်။ အပင်တွေ၏ အရွက်တွေအား မြေပြင်ပေါ်မရောက်မီ ဖမ်းယူနိုင်ခဲ့လျှင် ထိုအရွက်က ကိုယ့်ကို ကံကောင်းခြင်းတွေ ယူဆောင်ပေးတတ်သည်ဟူ၍...။ ယခုတော့ သူ့လက်ခုပ်အတွင်းသို့ သက်ဆင်းလာတာ မန်ကျည်းရွက် အစုအဝေးလေးတစ်ခု။ ရိုးတံသေးသေးမှာ အရွက်ပိစိတွေက စုပြုံကပ်နေကြ၏။ ဘာရယ်မဟုတ် ထိုအရွက်လေးတွေက သူတို့သူငယ်ချင်းငါးယောက်နဲ့တူသည်ဟု ခံစားမိလိုက်သည်။
"ဟေ့ကောင်တွေ လာဦး"
မလှမ်းမကမ်းမှ စာကျက်နေကြသော လေးယောက်ကို လှမ်းခေါ်လိုက်သည်။ ပိုင်ဥာဏ်နဲ့ ခန့်မင်းကျော်က အရင်ဆုံးထလာသည်။ ဇော်မြတ်ကတော့ ခပ်ဖြည်းဖြည်းမှ ထရပ်လိုက်တာဖြစ်ကာ လွင်ဟိန်းက ချက်ချင်းမလာသေးဘဲ စာအုပ်ကိုတစ်ချက်ကြည့်ပြီး သူ့မျက်မှန်အထူကြီးကို ပင့်တင်၏။
"လွင်ဟိန်း ငါ lucky leafပေးမလို့ပါဆို။ လာဟ"
လိုတရ ထပ်ခေါ်လိုက်မှ လွင်ဟိန်းက မျက်နှာကြည်ကြည်ဖြင့် ထလာတော့သည်။ လွင်ဟိန်းက တခြားလူတွေထက် ထိုကဲ့သို့သော အရာများကို ပိုယုံတတ်သည်။ ကြောင်နက်ဖြတ်သွားရင် နမိတ်မကောင်းတာမျိုး၊ မွေးနေ့မှာ ခေါင်းမလျှော်ရတာမျိုး စသည် စသည်ဖြင့်။ ယခုတောင် ဖြေနေရသည့် ကိုးတန်းအတန်းတင် စာမေးပွဲကြီးအတွက် ရွာကသူ့အမေ ယူလာပေးသည့် အဆောင်လက်ပတ်နီရဲရဲအား လက်မှာပတ်ထားလိုက်သေးသည်။ စာမေးပွဲဖြေခါနီးပြီဆို ထိုလက်ပတ်နားကို ကပ်၍ တိုးတိုး တိုးတိုးဖြင့် ဘာတွေရွတ်ဖတ်သရဇ္ဈာယ်နေသည်လည်း မသိ။
ВЫ ЧИТАЕТЕ
Love Like Heaven (Completed)