Uni
လိုတထွက်ခွာသွားပြီးနောက် ပိုင်ဥာဏ်တွေးမိသည့်အရာက တစ်ခုတည်းဖြစ်သည်။ တံခါးပွင့်သွားပြီးနောက် လိုတက သိမ့်ကိုသွားတွေ့တာဖြစ်နိုင်သည်။ ထိုသို့တွေးမိပြီးနောက် သူ အနည်းငယ်စိတ်ပျက်သလို ခံစားလိုက်ရသည်။ လိုတ ခေါင်းမာနေပုံက တကယ်ကြောက်စရာပင်။ မသိလျှင် ပိုင်ဥာဏ်ကပဲ ကိန္နရီကိန္နရာကို ချောင်းခြားအောင်လုပ်မိသည့် လူယုတ်မာလိုလို ဘာလိုလို။
ယုတ်မာမိမှတော့ အဆုံးစွန်အထိ ယုတ်မာသင့်တာမို့ ပိုင်ဥာဏ်က ဆတ်ခနဲထပြီး အမြန်ပြေးလိုက်သွားသည်။ နှစ်ယောက်စလုံးက ပိုင်ဥာဏ်၏အခန်းရှေ့မှ ရှေ့ဆင့်နောက်ဆင့်ဖြတ်ပြေးသွားကြသည်သာ။ တံခါးနားခေါင်းကပ်၍ အခြေအနေထောက်လှမ်းနေသော ပြင်ညီက တံခါးဖွင့်လိုက်ပြီး ခေါင်းထွက်ကြည့်သည်။
ပြီးနောက် သူ ဘာတွေလုပ်နေမိသလဲဆိုတာကို သတိရသည့်အခါ သူ့နှဖူးသူ ရိုက်လိုက်သည်။ သူသည် ဘယ်တုန်းကမှ ဒီလိုစပ်စုသည့်အလုပ်မျိုးကို မလုပ်ခဲ့ဖူးပေ။ စပ်စုသည် သူများကိစ္စကို ချောင်းကြည့်သည်ဆိုတာ ရပ်ကွက်ထဲက အန်တီကြီးတို့၏အကျင့်ဟုသာ ပြင်ညီက သတ်မှတ်ထားသည်။ နောက်ပြီး ပြင်ညီက ထိုကိစ္စများ၌ နည်းနည်းလေးမှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။
သို့သော် ဒီနှစ်ယောက်ကိစ္စကတော့ သူ့ကို စိတ်ဝင်စားလာအောင် တမင်ကလိနေသကဲ့သို့ပင်။ ပြင်ညီ တကယ်ပဲ စိတ်ဝင်စားသည်။ ပိုင်ဥာဏ်၏ အဓိပ္ပာယ်မရှိသော ဆင်ခြေများနှင့် အဓိပ္ပာယ်မရှိသော လုပ်ရပ်များကို ခြေရာကောက်ချင်သလို လိုတက ဘယ်လိုတုံ့ပြန်မလဲဆိုတာလည်း ပြင်ညီ သိချင်သည်။ သို့နှင့် ဦးနှောက်နှင့် နှလုံးသားလွန်ဆွဲအပြီး ပြင်ညီက အခန်းအပြင်ကို ထွက်လိုက်တော့သည်။
တစ်ခါတလေလည်း စိတ်အပန်းဖြေရမည်။ နောက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းတာ အန္တရာယ်ကင်းခြင်းကို ဖြစ်ပေါ်စေသည်။ ပြင်ညီသည် စပ်စုနေမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ရှက်နေခဲ့သည်။ ထို့ကြောင့် သူစပ်စုတာ သူများမသိရင်ရပြီဟုတွေးကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေသည်။ ဤသို့ဖြင့် ပြင်ညီသည် မျက်နှာထားကို ပုံမှန်ဖြစ်အောင် မနည်းပြင်ဆင်ပြီးနောက် ဓာတ်လှေကားဆီ အမြန်ပြေးတော့သည်။
YOU ARE READING
Love Like Heaven (Completed)