Episode 157

171 18 11
                                    

Uni

ကားကြီးတစ်စီးက ကြမ်းတမ်းသော လမ်းကိုဖြတ်သန်းကာ အိမ်ရှေ့သို့ ထိုးဆိုက်လာသည်။ ရာသီဥတုက အေးလွန်းသဖြင့် ကားမှန်များမှာ ရေငွေ့ကြောင့် ခပ်မှိုင်းမှိုင်းဖြစ်နေကြသည်။ အထဲရှိကားမောင်းသူသည် ကားကို ဂိုထောင်ထဲထိမထည့်တော့ဘဲ ရပ်ထားသည့်နေရာတွင်ပင် ဒလိမ့်တုံးခုကာ အိမ်ထဲသို့ အမြန်ပြေးဝင်လာခဲ့သည်။ ထမင်းစားပြီးရင် ပြန်ထွက်ရဦးမှာမို့ ကားကို ဂိုထောင်ထဲထိ သွားထည့်မနေချင်တော့။ တစ်ခုခုဆို ကားထုတ်ရတာနဲ့တင် ပင်ပန်းဖို့ကောင်းလွန်းသည်။ တချို့သောကိစ္စတွေဟာ ဘေးကရပ်ကြည့်နေရင် လွယ်တယ်ထင်ရသလောက် တကယ်လုပ်ကြည့်မှ ခက်မှန်းသိရတဲ့အမျိုး။

"ပြန်လာပြီလား"

အိမ်ထဲကအမျိုးသမီးသည် ဝင်လာသော လူရွယ်လေးအား လှမ်းနှုတ်ဆက်သည်။ ကောင်လေးသည် တံခါးဝမှာ ခဏရပ်နေပြီးမှ အမျိုးသမီးကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့။ ဦးလေးရော မရောက်သေးဘူးလား"

"သူ မရောက်သေးဘူး သားရေ။ ရွာထဲကလူကြီးတွေနဲ့ သွားတွေ့မယ်လို့တော့ ပြောတာပဲ"

ကောင်လေးက ခေါင်းညိတ်ပြလိုက်သည်။ အေးသောဒေသမို့ လူတိုင်းက လက်ရှည်တစ်ထည်တော့ အမြဲတမ်းဝတ်ဆင်ထားတာဖြစ်သည်။ ကောင်လေးက အရပ်ရှည်လှသည်။ အနည်းငယ်မှောင်မိုက်မိုက်ဖြစ်နေသည့် အိမ်ထဲကို ဝင်လာတာတောင် သူ့အရပ်ကြီးကြောင့် ထင်းခနဲ လင်းခနဲ။ ဝတ်ထားသည့် ဆွယ်တာက အစိမ်းရောင်မှိုင်းမှိုင်းဖြစ်သည်။ ဘောင်းဘီအနက်ရောင်က အတော်လေးထူပြီး ရှည်လျားသည်။ သို့သော် ထိုရှည်လျားသော ဘောင်းဘီက ကောင်လေး၏ ကိုယ်လုံးနှင့် ကွက်တိဖြစ်နေတာပင်။

သူသည် မြန်ဆန်သော ခြေလှမ်းများဖြင့် အိမ်အတွင်းသို့ ဝင်သွားလိုက်သည်။ အိမ်၏အတွင်းပိုင်းသည် အပြင်ထက်တော့ အနည်းငယ် အအေးသက်သာပါသေးသည်။ သို့သော် အနည်းငယ်ဆိုသော စကားလုံးမှာ မိုင်ကုန်သုံးထားသော စကားလုံးပင်။ အိမ်ထဲဝင်လိုက်လည်း အေးတာက အေးနေဆဲ။

သူ အပိုင်စားရသော အခန်းလေးသည် အိမ်၏ ထောင့်နားမှာ တည်ရှိသည်။ အရင်နေခဲ့သည့် အခန်းတွေနဲ့ယှဉ်လျှင် တကယ်မှ ကျဉ်းကျဉ်းကလေး။ အိပ်စရာနေရာတစ်ခုနဲ့ လမ်းလျှောက်စရာနေရာတစ်ခု အကုန်လုံးစုပေါင်းလိုက်ရင်တောင် ဒါပဲရှိသည်။

Love Like Heaven (Completed)Where stories live. Discover now