Uni
စနေနေ့ဖြစ်သည်။ ရုံးပိတ်ရက်ဖြစ်သည့်တိုင် ရာထူးကြီးသည့်လူများကတော့ အလုပ်ကို အိမ်ယူပြီး လုပ်ကြရသည်သာ။ ရုံးမှာလုပ်တာနဲ့ အိမ်မှာလုပ်တာပဲကွာသည်။ ပင်ပန်းတာက ဘာမှမထူး။ ဒီကြားထဲ အိမ်မှာနေပြီး လှုပ်လှုပ်ရှားရှားတွေ မလုပ်ရတော့ ပျင်းသည့်စိတ်က ပိုဆိုးသေးသည်။
ပိုင်ဥာဏ်က ပေါင်ပေါ်က laptop ကို အိပ်ရာပေါ်သို့ ချလိုက်ကာ အကြောဆန့်လိုက်သည်။ အခုမှ မနက်၈နာရီပဲရှိသေးသည်။ လှုပ်လှုပ်ရှားရှားဖြစ်အောင် မနက်စာသွားဝယ်လိုက်ချင်ပေမဲ့ ဗိုက်လည်း မဆာပေ။ ဒီနေ့က အလုပ်တွေနဲ့ပုံနေသည့်နေ့မို့ Gymတောင် ညနေမှ သွားရမည့်အဖြစ်မျိုး။ သူ ဒီလိုနေ့တွေကို တော်တော်ကြီး စိတ်ပျက်လှသည်။
ညောင်းညာကိုက်ခဲလာသော မျက်စိတို့ကိုအနားပေးရင်း နှာခေါင်းရင်းကို လက်ချောင်းတို့ဖြင့် ဖိနှိပ်ကြည့်လိုက်သည်။ အိပ်ခန်းအပြင်ဘက်ကို ထွက်လာတော့ ချာချီက မီးဖိုခန်းမှာ နေပူစာလှုံရင်း အခန့်သား။
ဆောင်းက ဒီလောက်လည်း မအေးတော့ပါပေ။ မနက်၈နာရီဆိုသည့် အချိန်သည် စောစောစီးစီးလည်းမဟုတ်။ ဒါပေမဲ့ တိုက်ခန်းတွေဆိုသည့်အတွက်ကြောင့် သာမန်ထက် နည်းနည်းတော့ အေးသည်ဟု ပြောရမည်။ အထူးသဖြင့် တိုက်ကျိုတိုက်ကြားက နေရောင်ခြည်မစို့မပို့က အထဲရှိလူတွေကို မနွေးထွေးစေနိုင်ပေ။ ချာချီကတော့ အေးစက်နေသည့် လေထုထဲ နေရောင်ခြည်လေးလှုံရင်း သာယာနေပုံရသည်။
မီးဖိုခန်းပြတင်းပေါက်သည် မှန်ချပ်ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး နေပြောက်တစ်ကွက်က ထိုနေရာသို့ ကျရောက်နေသည်။ ချာချီသည် ထိုနေပြောက်ထဲတွင်ရှိနေကာ သူ ကိုယ်တိုင်ဆွဲယူလာသော ကူရှင်ပေါ်၌ အခန့်သား ကွေးနေသည်။ နေရောင်ခြည်နွေးနွေးထဲမှာ မီးခိုးရောင်အမွှေးလုံးလုံးကြီးကို ကြည့်ရတာ သက်တောင့်သက်သာ ဖြစ်လှသည်။ ပိုင်ဥာဏ် ချာချီကိုကြည့်ရင်း ပြန်အိပ်ချင်စိတ်တွေတောင် ပေါက်လာသည်။ ကြောင်တွေများ အားကျချင်စရာကောင်းသည်။ အလုပ်လည်း လုပ်စရာမလိုဘဲ အိပ်လိုက်စားလိုက်နှင့် ဇိမ်ကျနေပုံများ...
YOU ARE READING
Love Like Heaven (Completed)