Uni
လိုတ အိမ်ပြန်ရောက်တော့ ပိုင်ဥာဏ့်တိုက်ခန်းရှေ့က ဖြတ်ခဲ့သည်။ ထိုလူ၏တိုက်ခန်းသည် သဘာဝကျစွာပင် တိတ်ဆိတ်ကာ ခြောက်ကပ်နေသည်။ တံခါးကို ခိုင်မာစွာပိတ်ထားပြီး လူတစ်ယောက်မှ မရှိသည့်အရိပ်အယောင်က ထင်းခနဲ။ လိုတက လွယ်လာသည့် လွယ်အိတ်ကိုချွတ်လိုက်ကာ ရင်ဘတ်ဆီ ပိုက်ထားလိုက်သည်။ ထို့နောက် ပိုင်ဥာဏ့်အခန်းတံခါးဆီသို့ ကျောအပ်ပြီးမှီသည်။
သူ့နောက်ကျောနှင့်ထိတွေ့နေသော အခန်းသည် တစ်စုံတစ်ယောက်သောလူ၏ အစိတ်အပိုင်းတစ်ခုဟု တွေးလိုက်လျှင်ကို နွေးထွေးခြင်းတွေက လှိုက်တက်လာရသည်။ အကြိမ်ကြိမ်အခါခါရုန်းထွက်ချင်ပေမဲ့ ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့သော နွေးထွေးခြင်းမျိုး...
လိုတ သူ့ကို လွမ်းသည်။ ထိုသူသည် လိုတသိသည့် နေရာတစ်ခုမှာ လုံခြုံစွာရှိနေတာကိုလည်း သိသည်။ ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ အသံကြားရမယ်ဆိုတာလည်း နားလည်သည်။ ဒါပေမဲ့ လိုတလွမ်းသည်။ ဒီအလွမ်းသည် ကျိုးကြောင်းမဆီလျှော်ဘူးဆိုရင်တောင် ကမ္ဘာပေါ်မှာ ကျိုးကြောင်းမဆီလျော်သောအလွမ်းတွေ အများကြီးရှိသည်။ လိုတမှာ လွမ်းခွင့်ရှိလေသည်။
ကော်ရစ်တာထဲမှာရှိသည့် ပိတ်လှောင်မွန်းကျပ်နေသော လေထုကိုရှူကာ လိုတ အသက်ရှူမဝသလို ခံစားလာရသည်။ ပိုင်ဥာဏ်ရှိတုန်းကတော့ ကော်ရစ်တာလေထုသည် ဒီလောက်ထိ မွန်းကျပ်စရာမကောင်းခဲ့သည့်ပုံပင်။ အခုမှ ဒီလေထုမြေထုတွေက ပြောင်းလဲလာသလိုမျိုး...
အတွေးစတွေကိုရပ်ကာ ယိုင်တိုင်တိုင်လမ်းလျှောက်ရင်း ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်လိုက်မိသည်။ မီးပိတ်ကာ အေးစက်နေသောအခန်းက သူ့အား အသင့်ကြိုဆိုနေသည်။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုတွေးမိတော့ လိုတ ပြုံးမိသေးသည်။ နောက်ဆုံးတော့ ဒီအချိန်ရောက်လာလေပြီ။
ပိုင်ဥာဏ် အကုန်လုံးကို ရှင်းရှင်းလင်းလင်းသိသွားတဲ့အချိန်၊ သူနဲ့သက်လျာ ဘာမှမဆိုင်ဘူးဆိုတာ သိသွားတဲ့အချိန်။ ထိုသို့စဉ်းစားလိုက်လျှင် သူ အသက်ရှူချောင်သလို ခံစားရသည်။ ဒီကိစ္စကြီးဟာ သူ့အပေါ်မှာ ၄နှစ်တာ အုပ်မိုးနေသည့် တိမ်မည်းကြီးလိုပင်။
YOU ARE READING
Love Like Heaven (Completed)