Episode 60

171 22 6
                                    

Uni

ဒီနေ့နေသာသည်။ ကောင်းကင်ပြင်ကျယ်ကြီးသည် တိမ်တွေနှင့်အုပ်စိုင်းခြင်းမရှိဘဲ ပကတိပြာစင်နေသည်။ သို့သော် တကယ်ပဲ တိမ်မရှိတာလား၊ တိမ်တွေကကို ပြာနေတာပဲလား သူ မသိ။ သူ့စိတ်ထဲရှိသလို ပြောရရင်တော့ ကောင်းကင်တစ်ပြင်လုံး တိမ်မည်းတွေချည်းပင်။

ပိုင်ဥာဏ်မရှိသောနေ့ရက်များသည် အသက်ရှူကျပ်စရာကောင်းလှသည်။ နိုးထလာသည့်အချိန်မှစ၍ အိပ်ရာဝင်သည့်တိုင်အောင် ပိုင်ဥာဏ်ကို မတွေ့ရသော နေ့ရက်များက ငရဲလိုပင်။ လွမ်းနာကျတယ်ပဲဆိုရမလား။ ဒီရက်တွေမှာ လိုတရ မပျော်ပါ။ နောက်ပြီး လောဘတက်လွန်းနေသည့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သတိပေးထားတာ မကြာသေးဘူးမဟုတ်လား။

ရွှေရေးကဗျာ၏စကားလုံးတို့ကို ပြန်ကြားယောင်တော့ မရည်ရွယ်ဘဲ ပြုံးဖြစ်သွား၏။ ပျော်လို့တော့ မဟုတ်။ အပြုံးတိုင်းမှာ နှစ်သက်သဘောကျခြင်းဆိုသည့် အဓိပ္ပာယ်တစ်ခုတည်းရှိတာမှ မဟုတ်ဘဲ။ အချိန်တန်ရင် ခွဲရမဲ့လူလို့ အထပ်ထပ်ပြောဆိုခံရပြီးနောက် သူ့နှလုံးသားက ကျောက်ဖြစ်သွားသည်ထင်သည်။ ဒီနေ့မနက်ပိုင်းလည်း ငြိမ်သက်နေသည်။ မနေ့ကညကလည်း ငြိမ်သက်နေခဲ့သည်။ စာပေဟောပြောပွဲ... နေစရာမရှိအောင် ရင်ခုန်နေရမည့်အချိန်မှာတောင်မှ ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။

ကြာတော့လည်း သူ့ရင်ဘတ်ထဲမှာ နှလုံးသားမှ ရှိပါသေးရဲ့လားဟု တွေးလာမိသည်။ ရင်ဘတ်ကိုလက်ကပ်ကြည့်တော့ ခပ်တိုးတိုးခုန်နေသေးသည်ကို သိရသည်။ တော်ပါသေး၏။

စနေနေ့...

လုပ်စရာလည်း တကူးတကမရှိတာမို့ လက်ရှည်ကွက်ကျားလေးကို ထပ်ဝတ်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ခါတိုင်းလို ဘောင်းဘီအတို အင်္ကျီလက်ရှည်နှင့် လိုတရမှာ ထူးခြားထင်းထွက်နေတာ ဘာမှမရှိ။ ဆံပင်အုပ်အုပ်တွေကို လက်နဲ့သပ်လိုက်ရင်း နားရွက်ကားကားလေးနောက် ညှပ်ထားလိုက်သည်။ ဒီနေ့ မနက်နိုးတာနဲ့ သူ ခေါင်းနည်းနည်းကိုက်နေသည်။ အိပ်ရေးမဝလို့ ထင်ပါ၏။

မနေ့ကညက ပိုင်ဥာဏ့်ကို လောဘတကြီးလိုချင်စိတ်တွေနှင့် ရှုံးပွဲချ ငိုခဲ့မိသည်။ ပိုင်ဥာဏ့်မျက်နှာကိုထိထားသော လက်ကိုင်ပဝါလေးကို နမ်းရင်း ငိုနေခဲ့သော သူ့ပုံစံက ကြောင်တောင်တောင်ဖြစ်နေခဲ့မှာ အမှန်ပင်။ ညလယ်ထိ ပြင်းပြင်းထန်ထန်ငိုပြီးမှ နှလုံးသားက အသားကျသွားတော့ သူ့မျက်လုံးက ဖူးယောင်လာသည်။ ခေါင်းတွေကိုက်တာဆိုတာလည်း အခုထိပင် မပျောက်။

Love Like Heaven (Completed)Where stories live. Discover now