Chapter 48
တော်ဝင်နဂါးတံဆိပ်တုံးရွှယ်ယွီ စစ်သုံ့ပန်းများကိုသတ်ဖြတ်သည့်သတင်းက ပြည်သူများထံပါ ပျံ့နှံ့သွားသည်။ နန်းတွင်းမှ မှူးမတ်များသာမက သာမန်ပြည်သူများပါ ထိုလုပ်ရပ်ကြောင့် အထိတ်လန့်ဖြစ်ကုန်သည်။
သာမန်ပြည်သူများ၏စိတ်ဓာတ်က အလွန်ရိုးရှင်းလှသည်။ သူတို့က နိုင်ငံရေးနှင့် နန်းတွင်းညီလာခံ၏ ရှုပ်ထွေးမှုများကို နားမလည်ကြပေ။ သို့ဖြစ်၍ မင်းမှုထမ်းတစ်ယောက်က ဤသို့ပြုလုပ်ရခြင်းမှာ တာ့ဝမ်၏ အမိန့်ပေးမှုကြောင့်ဟုသာ ထင်ကြသည်။
ထိုနေ့တွင် ရွှယ်ကျွင်းလျန်က လူပေါင်းများစွာမုန်းတီးခံရသည့် မင်းဆိုးမင်းညစ်တစ်ယောက် ရုတ်ချည်းဖြစ်သွားခဲ့သည်။
နယ်စားမင်းကျန့်ကျန်း၏ ရည်ရွယ်ချက်ကို ရွှယ်ကျွင်းလျန်သဘောပေါက်သွား၍ အော်ရယ်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။ သူ ရွှယ်ယွီကို အထင်သေးခဲ့မိခြင်းပင်ဖြစ်သည်။ သူ့ညီတော်က အသက်ရှင်ရန်တစ်ခုတည်းသာ မျှော်လင့်နေခဲ့ရသည့် မင်းသားငယ်လေး မဟုတ်တော့ပဲ အရွယ်ရောက်သည့်ကျားတစ်ကောင်ဖြစ်လာကာ ယခုအချိန်တွင် အမဲလိုက်ပြီးစားသောက်ရန်ကိုပါ စတင်တွေးတောနေပြီဖြစ်သည်။
ရွှယ်ကျွင်းက ဒေသငယ်လေး၏ပြဿနာနှင့် ရိက္ခာပို့ဆောင်ရေးအကြောင်း ဧကရီကိုမေးခဲ့ပြီးဖြစ်၍ ယခုအခါတွင် သူမကို ရွှယ်ယွီ၏ ပြဿနာအကြောင်း မေးမြန်းခဲ့သည်။
သို့ရာတွင် ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို မကူညီချင်ပေ။ ချန်းထျန်နှင့် ကျု့ကျန့်ရင်တို့၏ တိုက်ခိုက်မှုကို ကူညီဖြေရှင်းပေးခဲ့ခြင်းမှာ သူ့အတွက်လည်း အကျိုးကျေးဇူးများ ရရှိသောကြောင့်ဖြစ်သည်။ ထိုသို့ကူညီရာမှ ရွှယ်တိုင်းပြည်၏ မြေအနေအထားကို အပြည့်အဝ သိရှိခဲ့ရုံသာမက ရှေ့တန်းမှ ထန့်ရှန်၏ သတင်းများကိုလည်း ရရှိခဲ့သည်။
သို့သော် ရွှယ်တိုင်းပြည်မှ ပြည်သူများနှင့် နိုင်ငံရေးကိစ္စများတွင်မူ ထန့်ယွင်က ဖြေရှင်းချက်များကိုသိလျှင်ပင်လည်း ရွှယ်ကျွင်းလျန်ကို မပြောပြလိုပေ။ သူတို့က ယခုချိန်ထိ ရန်သူဖြစ်နေကြဆဲဖြစ်သည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...