အဖေ အပြင် ထွက်သွားပြီးနောက် အစ်ကိုကြီးနှင့် အစ်ကိုလတ်သည် သင်္ဘော ကြည့်ရန်သွားကြသည်။
နှစ်ကုန်ခါနီး၍ အခုတလော ရေကျနေသည်။သင်္ဘောသာ သောင်တင်နေပါက သူတို့ အချိန်မှီ ရွက်လွှင့်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အစ်ကိုတို့သည် သင်္ဘောနေရာအား စစ်ဆေး၍ နေရာရွှေ့ရင်း သင်္ဘောမောင်းဖို့ ဒီဇယ်ဆီပါ ဝယ်ထားရန် ထွက်သွားကြသည်။
မနေ့က ဖမ်းမိသော ငါးပုတ်သတ်ကြီးသည် အံ့ဩစရာ ကောင်းလှသည်။ သူတို့ညီအစ်ကိုသည် နောက်ထပ် ဖမ်းဖို့ ပင်လယ်ထဲသွားရန် ဆန္ဒစောနေကြသည်။ သို့သော် အချိန် သိပ်မရှိသောကြောင့် ခဏသွားပြီး ပြန်လာပါက ဒီဇယ် ဖြုန်းသလိုသာ ဖြစ်မည်။
မိသားစုမှ အမျိုးသမီးများသည် ငါးဖမ်းပိုက်အား အိမ်ရှေ့တံခါးဝ ချ၍ ထိုင်ကာ သူတို့၏ နေ့ရက်အား ငါးဖမ်းပိုက်ပြင်ခြင်းနှင့် စတင်လိုက်သည်။
သူတို့သည် ခါတိုင်းထက်ပင် တက်ကြွနေကြသည်။အကြောင်းရင်းမှာ အိမ်အသစ် ဆောက်ပြီးသည်နှင့် သီးခြားနေရမည်ဖြစ်သောကြောင့်ပင်။
လင်းရှိုချင်းပင် အရမ်းပျော်နေသည်။ သူမ၏ နှုတ်ခမ်းများ တင်းတင်းစေ့ထားသော်လည်း စိတ်ထဲတွင် သူမလည်း သိီးသန့်အိမ်လေးရချင်နေသည်။ သူမ၏ ပိုက်ကွန်ပြင်နေသော လှုပ်ရှားမှုများပင် ပို၍ မြန်ဆန်လာသည်။
သူတို့ ငါးဖမ်းလေ့ ရှိသော ရွာလေးမှာ ပိုင်ရှာရွာဟုခေါ်သည်။ မြို့နယ်မှ အတော်ဝေး၍ တောင်ကြားလမ်ရမှ နာရီကျော်အောင် လျှောက်ရသည်။အမျိုးသမီးများသည် မိသားစုအား စောင့်ရှောက်ရ၍ အပြင်ထွက် အလုပ် မလုပ်ရသလို ငွေလည်းမရှာရပေ။ သူတို့ ငွေရှာနိုင်သော နည်းလမ်း တစ်ခုမှာ ငါးဖမ်းပိုက် ယက်ခြင်းပင်။
သည်အလုပ်သည် ပိုက်ဆံ အမြောက်အများ မရသော်လည်း အဆင်ပြေ၍ အိမ်တွက်လုပ်နိုင်သည်။သည်နယ်တစ်ဝိုက်မှ အမျိုးသမီးများသည် ငါးဖမ်းပိုက်ပြုလုပ်ခြင်းနှင့် ပြင်ခြင်းအား လုပ်နိုင်ကြသည်။ ထို့အပြင် အပိုအလုပ်အနေဖြင့် လယ်လုပ် ငါးဖမ်းကြသည်လည်း ရှိသည်။ သို့သော် ရှားသည်။