အပိုင်း (၂၄)
လင်းရှိုချင်းက သူ့ကိုကြည့်ပြီး "ရှင့်သားကို ဘယ်ခေါ်သွားမလို့လဲ"
"ဘယ်မှ မဟုတ်ပါဘူး၊ အဖွားကို ပြောင်းကောက်ကူမလို့"
"အကုန် ခူးမှာလား ဒါမှမဟုတ် တချို့ပဲလား။ ကျွန်မကော လိုက်ကူပေးရအုံးမလား"
ခြင်းတောင်း တစ်လုံးသာ ကိုင်ဆောင်ထားသည့်အဖွားကို ရီရောင့်သုန်း လှည့်ကြည့်လိုက်သည်။ "တချို့ပဲ ခူးတာပေါ့၊ မနေ့က ပြောခဲ့တဲ့ အတိုင်းပဲ အားလုံးကို မရောင်းဘဲ အိမ်စားဖို့ပဲထားသင့်တယ်။ နည်းနည်းခူးပြီး ပြန်လာခဲ့မယ်။ မင်းလုပ်စရာရှိတဲ့အလုပ်တွေပဲ ဆက်လုပ်လိုက်တော့"
ထူးထူးဆန်းဆန်း လုံ့လ ဝီရိယ ရှိနေတဲ့ သူ့ကို မြင်သောအခါ အမေရီက “ဒီနေ့ နည်းနည်း ပိုကောက်ခဲ့၊ ပြောင်းဖူးအခွံကို မခွာနဲ့ ညနေကျရင် အခွံထဲထည့်
ပြီး မုန့်လုပ်လို့ရတယ်၊ မင်းအဖေတို့ ပင်လယ်ထဲထွက်တဲ့အခါလည်း အဆာပြေ စားလို့ရတယ်"
"ဒါဆို အိတ်တစ်အိတ် ထပ်ယူသွားလိုက်မယ်၊ အခု ၂၀ လောက် ပြန်ယူလာခဲ့လို့ရတာပေါ့"
"စကားမစပ် သခွားဖရုံသီး နည်းနည်းပါ ထပ်ခူးခဲ့၊ အဖေနဲ့ တခြားသူတွေ ပင်လယ်မှာ စားဖို့ ယူသွားပေးလို့ ရတယ်" ဟု အကြီးဆုံး ခယ်မက ပြောသည်။
"နားလည်ပြီ"
အဖွားသည် အိတ်ကိုသယ်၊ ရီရောင်သုန်း သည်လည်း သားဖြစ်သူကို ချီကာ ပင်လယ်ကမ်းစပ်သို့ သွားရာလမ်းနှင့် မတူသည့် ရွာဝင်ပေါက်ဆီ သူမနှင့်အတူ လျှောက်သွားခဲ့သည်။
အဖွားသည် ဖြည်းညှင်းစွာ လမ်းလျှောက်သဖြင့် သူသည်လည်း သူမကို အဖော်ပြုကာ လျှောက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် ခြံတံခါးဝ၌ ထိုင်ကာ ပိုက်ကွန်ယက်လုပ်နေသော မိန်းမများ၊ ပြေးလွှားဆော့ကစားနေသည့် ကလေးများကို သူတွေ့ရသည်။
သူတို့အိမ်က ကလေး ခုနစ်ယောက်သည်လည်း အနီးနား တောင်စောင်းမှ ပြေးဆင်းလာကြသည်။ သူ့ ရင်ခွင်ထဲက သားအငယ်ဆုံးကတော့ အားလုံး ရောက်လာကြတာကို မြင်ပြီး "အကိုတို့ အစ်မတို့~"
"အို့ ဖေဖေက ဒီမှာ ဘာလုပ်နေတာလဲ။ အားလုံးက ဘယ်သွားကြမလို့လဲ"
ရီချန်းဟူက သူ့အဖေနှင့် ညီငယ်တို့ကို သတိပြုမိသွားပြီး သူတို့အား အမြန်လှမ်းခေါ်ကာ အောက်ကို မကြည့်မိပဲ မတော်တဆ အဖေ့ခြေရင်းသို့ ချော်လဲလျှောကျသွားသည်။
ဒါပေမယ့် သူ မငိုပါဘူး " အား ” အနည်းငယ်သာ ညည်းပြီး မတ်တပ်ထရပ်ကာ ဖင်ကို လက်ဖြင့် ခါသည်။ "အိုး၊ နာလိုက်တာ၊ တော်သေးတယ် ဖင်ပဲထိလို့"
ရီရောင့်သုန်း ပြုံးမိသွားသည်။ သည်ကောင် ခံနိုင်ရည်ရှိသားပဲ။
အဖွားကလည်း လျှောက်လာပြီး ဖင်ကို လက်ဖြင့်ပွတ်ပေးကာ "ဖြည်းဖြည်းလျှောက်၊ လမ်းသွားရင် အာရုံစိုက်၊ အိုး၊ ဘောင်းဘီတောင် ပြဲသွားပြီ၊ သွား အိမ်မြန်မြန်ပြန်ပြီး မင်းအမေကို ချုပ်ခိုင်းလိုက်"
"မသွားချင်ဘူး၊ အမေက သားကို ဆူလိမ့်မယ်။ အဖွားကိုပဲ ချုပ်ခိုင်းလိုက်မယ်၊ ဒါနဲ့ ဖေဖေနဲ့ အဘွားနဲ့က ဘယ်သွားမလို့လဲ"
"ပြောင်းဖူးနဲ့ သခွားဖရုံသီးတွေ သွားခူးမလို့"
"အော်~ သားလည်းလိုက်မယ်"
"သားလည်း သွားချင်တယ်"
"သား/သမီးတို့လည်း သွားချင်တယ်" အာလုံးကပါဝင်လိုတဲ့ ဆန္ဒကို စိတ်အားထက်သန်စွာ ဖော်ပြကြသည်။
"မင်းရဲ့ ဖင်က မြင်နေတယ်၊ ဘောင်းဘီချုပ်ဖို့ မင်းအိမ်အရင် ပြန်မသင့်ဘူးလား"
"မဟုတ်ဘူး၊ ပြောင်းဖူးနဲ့ သခွားဖရုံသီးကို အရင်သွားခူးချင်တယ်။ နောက်မှ ပြန်လာရင် ဘောင်းဘီချုပ်လိုက်မယ်" ဆိုပြီး ရွာအဝင်ဝကို ပြေးသည်။ သူ့ဘောင်းဘီအပေါက်ကို စိတ်မ၀င်စား၊ ဖုံးဖို့တောင် မစဉ်းစားပေ။
တခြားသူတွေကလည်း ဝမ်းသာအားရ အော်ပြီး ရှေ့ကို ပြေးသည်။
“ဖြည်းဖြည်း ချော်လည်မယ် သတိထားကြအုံး…” အဘွားအိုက စိုးရိမ်တကြီးနဲ့ အနောက်ကနေ အော်သည်။
ရီရောင်သုန်းကတော့ စိတ်ထဲသိပ်မထားပေ။ "သူတို့
အတွက် စိတ်ပူမနေပါနဲ့။ သူတို့ ချော်မလဲအောင် သားသေချာကြည့်ထားလိုက်မယ်"
"ဖေဖေ မြန်မြန် မြန်မြန်၊ အစ်ကိုက ပြေးသွားပြီ"
ရီရောင်သုန်း သူ့ သားငယ်၏ တင်ပါးကို ပွတ်သပ်ပေးကာ "ဘာတွေ အလျင်လိုနေတာလဲ။ ငါတို့ သူတို့ကို ခဏလေးနဲ့ အမှီလိုက်နိုင်တာပဲကို"
ရွာဝင်ပေါက်လမ်းအကျော်ရှိ မြေကွက်များသည် မူလက ပေါင်းပင်များဖြင့် ထူထပ်သော တောင်စောင်းတစ်ခု ဖြစ်သည်။ ဒါပေမယ့် သူ့အဖိုးက သူ့ခေတ် သူ့အခါက တဖြည်းဖြည်းရှင်းလင်းပြီး စိုက်ပျိုးရေး စလုပ်ခဲ့သည်။
အဖိုး ဆုံးပါးသွားပြီးနောက် ဖခင်ဖြစ်သူက အဖွားအတွက် မြေကို ပြုစုစောင့်ရှောက်ရန် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူမသည်လည်း အမြဲတစေ ဂနာမငြိမ် ဖြစ်ပြီး မထိုင်နိုင်သောကြောင့် မြေယာထွန်ယက်ခြင်းကို ခေတ္တ ကူ၍ လုပ်ဆောင်ခဲ့သည်။
ကောက်ပဲသီးနှံများကို တစ်စုံတစ်ယောက်က ခိုးယူမည်ကို စိုးရိမ်သောကြောင့် သူမသည် တစ်နေ့လျှင် နှစ်ခေါက် လာကြည့်တတ်သည်။
"မမှည့်သေးတာကို မခူးနဲ့" ရီရောင်သုန်းက ပြောင်းဖူးစကောက်နေပြီ ဖြစ်တဲ့ ကလေးတွေကို အမြန်ပြောလိုက်သည်။
"အိုး၊ သားတို့ ဘယ်လို ရွေးရမှန်းသိပါတယ်နော်။ ပြောင်းဖူးခွံနောက်က အမျှင်တွေ အားလုံး မည်းပြီး ခြောက်သွားတဲ့အခါမှ ပြောင်းဖူးကို ခူးလို့ရတာ" သူတို့အထဲမှာ အသက်အကြီးဆုံးဆယ့်နှစ်နှစ် အရွယ်ရှိပြီဖြစ်သည့် ရီချန်းဟိုင်က ပြန်ဖြေသည်။
ကလေးများစွာသည် ပြောင်းဖူးပင်များကြားတွင် ပျောက်နေသည်။ အငယ်ဆုံးဖြစ်သော ရီချန်းယန် ပင်လျှင် ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဆော့ကစားနိုင်ရင် ရီရောင်သုန်းသည် သားငယ်ကိုမြေပြင်ပေါ်သို့ ညှင်သာစွာ ချထားပေးလိုက်သည်။ ထို့နောက် အဖွားလက်ထဲမှ အိတ်ကို ယူကာ ပြောင်းဖူးထည့်ဖို့ ရီချန်းဟိုင်ကို ပေးလိုက်သည်။
"လုံလောက်ပြီ။ အခုလောလောဆယ် ၂၀ ခူးကြရအောင်။ မင်းတို့ တစ်ယောက် ၃ ခုစီ ခူးလို့ရပေမယ့် အများကြီးတော့ ခူးမနေနဲ့၊ မနက်ဖြန် မနက်မှ ပြန်လာခူးလို့ရတယ်"
"အာ၊ သားတို့ နောက်ထပ် နည်းနည်းထပ်ခူးလို့ မရဘူးလား" ရီချန်းဟိုင်သည် သူ့ လက်ထဲတွင် ရှိသော ပြောင်းဖူးနှစ်ခုကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားပုံရသည်။ သူမှာနောက်ထပ် တစ်လုံးသာ ထပ်ခူးခွင့်ရှိတော့သည်။
"တစ်နေ့စာ စားဖို့နည်းနည်းပဲ ခူး၊ မဟုတ်ရင် အဖွားက သွားရောင်းမှာ၊ မင်းတို့စားဖို့ကျန်တော့မှာ မဟုတ်ဘူး"
"ဒါဆိုလည်း တော်ပါပြီ၊ နေ့တိုင်းနည်းနည်းဆီပဲ ခူးကြရအောင်"
လက်များစွာကြောင့် ပြောင်းဖူးကို အချိန်တိုအတွင်း ခူးနိုင်ခဲ့သည်။ အဖွားသည် သေးငယ်သောအရွယ်မှ ကြီးမားသော အရွယ်အစားအမျိုးမျိုးရှိသည့် သခွားဖရုံ အပြည့်ရှိသော ခြင်းတောင်းကို သယ်ထားသည်။ အားလုံးက မှည့်နေကြသည်။
ရီရောင့်သုန်းသည် ပြောင်းဖူးအိတ်ကို ပခုံးပေါ်ထမ်းကာ အဖွားလက်ထဲမှ တောင်းကို ယူလိုက်သည်။ "သား ပစ္စည်းတွေ သယ်လိုက်မယ်၊ အဖွား အေးအေးဆေးဆေးနဲ့သာ လမ်းကို ဖြည်းဖြည်းလျှောက်"
သူက ကလေးတွေအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး "လူစုံပြီလား။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်... ဘယ်သူပျောက်နေတာလဲ၊ ရီချန်းဟူ ဘယ်မှာလဲ"
"ရီချန်းဟူ" သူ အသံထွက်ပြီး ပြောင်းခင်းထဲကို လှမ်းအော်လိုက်သည်။
"သား ဒီမှာ ဖေဖေ" ရီချန်းဟူ သည် မြင့်မားသော ကုန်းစောင်းပေါ်မှ ပြန်ပြောပြီး ပြောင်းဖူးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အောက်သို့ ဆင်းလာခဲ့သည်။
ရီရောင်သုန်းသည် ရီချန်းဟူ၏ ရှပ်အင်္ကျီတွင် ချိတ်ထားသည့် ပြောင်းဖူးများကို ကြည့်ပြီး "အဲ့ဒါတွေကို မင်းအပေါ်ကနေ ခူးလာတာလား"
"လူဆိုးကောင်လေး၊ ဘာလို့ တခြားသူဟာကို သွားခူးတာလဲ" အဘွားက လမ်းဘက်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
"အာ၊ ဒီပြောင်းဖူးတွေ အားလုံးက သားတို့ မိသားစုပိုင်တာ မဟုတ်ဘူးလား"
"ဒီတစ်ကွက်ပဲ ငါတို့ ပိုင်တာ"
ရီချန်းဟူက သူ့ခေါင်းကို ကုတ်လိုက်ပြီး "ဒီက ပြောင်းဖူးတွေ အားလုံးက သားတို့မိသားစု အပိုင်ပဲလို့ ထင်ခဲ့တာ"
ရီရောင်သုန်းသည် ခြင်းတောင်းကို ချလိုက်ပြီး သူ့လက်ထဲမှ ပြောင်းဖူးများကို အိတ်ထဲသို့ ပျော်ရွှင်စွာ လွှင့်ပစ်လိုက်သည်။ "ဘယ်သူမှ မမြင်သေးရင် ဘာမှမဖြစ်ဘူး။ မင်းအဖေ ငယ်ငယ်ကလည်း တစ်တောင်လုံးကို ပိုင်တယ် ထင်ပြီး ကောက်ဖူးတာပဲ"
အဘွားက "နောက်တစ်ခါ တခြားလယ်တွေကို သွားမကောက်နဲ့။ လူမိသွားရင် လူတွေက မင်းကို ကဲ့ရဲ့လိမ့်မယ်" ဟု တိုးတိုးလေး သတိပေးသည်။
"ဒါတင်မကဘူး၊ တောင် တစ်ခုလုံးတောင် လိုက်ဖမ်းခံနေရမယ်"
"ဖေဖေကော တစ်ယောက်ယောက်က လိုက်ဖမ်းတာခံရဖူးလား"
"တောင်နဲ့ ပင်လယ်ပြင်မှာ ကစားလို့ရသမျှ အကုန်လုပ်ဖူးတယ်ကွ။ ကဲ သွားကြရအောင်၊ အိမ်ပြန်ချိန်ရောက်ပြီ" ရီရောင်သုန်းက ပြောင်းဖူးအိတ်ကို သူ့ပခုံးပေါ် တင်လိုက်ပြန်သည်။
"စောင့်အုံး၊ ယန်းယန်းကျန်သေးတယ်" အဘွားသည် ထွက်ခွာခါနီးတွင် ရီရောင်သုန်းကို ဆွဲလိုက်သည်။
"အို့ ဟုတ်သားပဲ၊ ဒီကောင်လေးကို မေ့နေတာ"
လှည့်ပတ်ကြည့်သော်လည်း သားငယ်ကို မတွေ့။ သူ့ ပစ္စည်းတွေကို ချနေတုန်း တခြားကလေးတွေကို အရင်သွားရှာခိုင်းလိုက်သည်။
"ဒီကလေးက ခြေတိုတိုလေးနဲ့ကို မြန်မြန်ပြေးနိုင်တယ်၊ သူ ဘယ်မှာ ပုန်းနေနိုင်မလဲ"
"သူ ဒီမှာ၊ တတိယဦးလေး! ယန်းယန်းက မြေပြင်ပေါ်မှာထိုင်ပြီး သခွားဖရုံသီးကို စားနေတယ်!"
ရောင်သုန်းသည် စကားသံ ဦးတည်ရာဆီသို့ လျှောက်သွားရာ သူ့သားအငယ်ဆုံးမှာ မြေပြင်ပေါ်ထိုင်ကာ မျက်နှာထက် ပိုကြီးသော သခွားဖရုံကို စားရင်း လူတိုင်းကို အပြစ်ကင်းတဲ့ပုံနှင့် စိုက်ကြည့်နေသည်။
ထို သခွားဖရုံကြီးသည် နွယ်ကိုင်းတွင်ရှိနေဆဲဖြစ်ပြီး မခူးဆွတ်မီ ကိုက်စားထားပြီးဖြစ်သည်။ ထိုမျှရှည်ပြီးကြီးသောအသီးကို သူရှာတွေ့နိုင်ပုံမှာ အထင်ကြီးစရာပင်။
"မင်း ဒီမှာ စားဖို့ ဘာလို့ပုန်းနေတာလဲ"
"ဖေဖေ"
ရီချန်းယန်းက သူကိုင်ထားတဲ့ သခွားဖရုံသီးကို မြှောက်ပြပြီး သူ့အဖေဆီ အပ်ဖို့ ကြိုးစားပေမယ့် သူ့မှာ လုံလောက်တဲ့ ခွန်အားမရှိပေ။ မလိုက်စဉ်မှာပင် အသီးသည်သူ့လက်ထဲမှ ချော်ကျပြီး နွယ်ကိုင်းမှ လွင့်ထွက်ကာ သူ့နဖူးကို ထိသွားသည်။ ရိုက်ခတ်မှုကြောင့် လန့်ဖျပ်သွားပြီး ဟန်ချက်ပျက်သွားကာ ဖင်ထိုင် လဲကျသွားသည်...
"ဟားဟား~"
"ဟားဟားဟား"
အခြားကလေးငယ်များသည် အားရပါးရကို ရယ်နေကြသည်။
ရီရောင်သုန်းသည် မြေပြင်ပေါ်ရှိ ငိုလည်းမငို၊ ပြဿနာလည်း မရှာသော သူ့သားငယ်ကို ကြည့်ပြီး ဟန်မဆောင်နိုင်ဘဲ ပြုံးမိသည်။ ကလေးငယ်သည် နောက်ပြန်လှည့်လိုက်ပြီး လက်နှင့်ခြေတို့ကို အသုံးပြုကာ နောက်ပြန်တွားသွားနေသည်။
"မင်းကတော့ ညစ်ပတ်နေတာပဲ၊ မင်းနဲ့ မင်းအစ်ကိုတော့ အိမ်ပြန်ရောက်ရင် အဆူခံရတော့မယ်"
