Chapter 33
Myat ThiriNovember 03, 2023
အပိုင်း (၃၃)လူတိုင်းနှင့် ခဏတာ စကား စမြည်ပြောပြီးနောက် လေးနာရီ ထိုးခါနီးတွင် ရီရောင့်သုန်းသည် မတ်တပ်ထရပ်လိုက်သည်။
"ငါ ကုန်ပစ္စည်းတွေ သယ်ဖို့ ဆိပ်ခံကို သွားလိုက်အုံးမယ်၊ မင်းတို့ ပင်လယ်စာတွေ ပြင်ထားလိုက်၊ ကုန်ပစ္စည်းတွေ သယ်ပြီးရင် ငါပြန်လာခဲ့မယ်"
အားဂွမ်းက အံ့အားသင့်စွာ သူ့ကို ကြည့်ပြီး "မင်းက တကယ်ကို သိတတ်လာတာလား"
"သွားပြီ"
သူသည် အရှိန်အဟုန်ဖြင့် ဆိပ်ခံဆီသို့ ဦးတည်သွားသည်။ ထိုအချိန်တွင် ကမ်းစပ်တစ်လျှောက် ဒီရေကတက်လာပြီး ငါးဖမ်းလှေများသည်လည်း ဆိပ်ကမ်းအနီးသို့ ချဉ်းကပ်လာဖွယ် ရှိသည်။
ဆိပ်ခံသို့ ရောက်သောအခါ ကမ်းနားတွင် စောင့်ဆိုင်းနေသည့် ရွာသားအနည်းစုပင် ရှိနေပြီဖြစ်သည်။ သူတို့ အားလုံးသည် ပင်လယ်ပြင်သို့ ထွက်သွားကြသူများ၏ မိသားစုဝင်များဖြစ်ပြီး ပြန်လာမည့်အချိန်တွင် ဝင်ကူရန် အသင့်စောင့်နေကြခြင်းဖြစ်သည်။
မေမေ ရီလည်း ဆိပ်ခံတွင် စောင့်ဆိုင်းနေပြီး ရီရောင့်သုန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမ ကျေနပ်သွားပုံရသည်။
မကြာသေးမီကပင် သူမသည် အချိန်အတော်ကြာ စောင့်မျှော်ခဲ့ပြီး သူ့အား မတွေ့ခဲ့ရပေ။ သည်ခေါင်းမာတဲ့ကလေးက အရင်လို ပြန်ဖြစ်သွားပြီဟု သူမထင်ခဲ့သည်။ အခုလို သူမ စကားအား ရင်ထဲထည့်ပြီး နားထောင်းခြင်းကို ကြည့်ခြင်းဖြင့် သူ့အပေါ် မျှော်လင့်ချက်ထားလို့ရသေးသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှ စ၍ သည်ကလေးသည် တိုးတက်လာသည်။
ရီရောင့်သုန်းက သူ့အမေကို တွေ့ပြီး သူမဆီ လှမ်းကာ ပြုံးပြုံးရွှင်ရွှင်နဲ့ "အမေ ဘာလို့ ဒီကို ရောက်နေတာလဲ"
"မင်းကို စိတ်ပူလို့လေ။ စကား နားမထောင်တာတို့ မေ့သွားတာတို့ဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းအဖေနဲ့ အစ်ကိုကြီးက အားလုံးကို တစ်ယောက်တည်း လုပ်နိုင်ကြမှာ မဟုတ်ဘူး"
"အမေဘာလို့ သားကိုမယုံတာလဲဗျ"
"မင်းကကော ယုံဖို့ကောင်းလို့လား"
