Chapter 48

1.8K 156 0
                                    

အပိုင်း (48)


"ငါက မျက်စိလျင်တယ်လေကွာ၊ ကဏန်းတော်တော်များများက ရွံ့တွေနဲ့ ဖုံးပြီး နုန်းထဲ ဝင်ပုန်းနေကြတာ၊ ငါဆို မျက်စိမှောက်တော့မလို့"

သူက သူ ကံကောင်းကြောင်းကို ဝန်ခံခဲ့ပေမဲ့ အတွေ့အကြုံ ဆိုသည်မှာကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။

"ငါ အစကတော့ ကဏန်းပြာ တစ်ကောင် ဖမ်းမိလို့ ပျော်နေတာ။ အခု ဒီလိုယှဉ်ကြည့်လိုက်တော့လည်း ငါ မင်းနဲ့ မယှဉ်နိုင်ဘူးဘဲ"

အားကျန်းက နှမြောတသသဖြင့် သက်ပြင်းချရင်း ပြောလာခဲ့သည်။

"စိတ်မပူပါနဲ့ကွာ။ ဒီရေက အဲ့လောက်ထိ တက်သေးတာမှ မဟုတ်တာ၊ နုန်းထဲ နည်းနည်းလောက်ပတ်ရှာကြည့်ကြတာပေါ့၊ ဒါနဲ့ ဖက်တီးနဲ့ အားကွမ်က ဘယ်မှာလဲ"

အသေးလေးက သန္တာကျောင်တန်းဘေးမှ သဲကမ်းခြေဆီညွှန်ပြပြီး ...

"ဖက်တီးကတော့ ဟိုနားမှာ တစ်ရေး အိပ်နေတယ်"

ရီရောင့်သုန်းက အသေးလေး ညွှန်ပြရာနေရာဆီ လှည့်ကြည့်လိုက်ရာ ဖက်တီး တစ်ယောက် လက်ကို ခေါင်းအောက်ထားပြီး ဦးထုပ်ကို မျက်နှာပေါ်တွင်ဖုံးကာ သဲသောင်ပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

"လခွမ်း။ သူ ဘယ်လိုတောင် အိပ်နေရတာလဲ။ အဲ့ကောင် ဝက်များလား"

"သူက ဝက်ပဲလေကွာ၊ မဟုတ်လို့လား"

ငါ ဆွံ့အ။

ပူခြစ်တောက်နေသည့် နေမင်းကြီးအောက် ကောင်းကင်ကို ခြုံစောင်အဖြစ်၊ မြေပြင်ကြီးကို အိပ်ရာခင်းအဖြစ် သတ်မှတ်ပြီး ဒီလို အိပ်နေနိုင်တယ်...သည်ကောင် သူ့ကို တော်တော်‌လေး အံ့အားသင့်အောင် လုပ်နိုင်တာပဲ။

"အိုး၊ အားကွမ်ကျတော့ ခုံးတစ်ခြမ်းတွေသွားကောက်တယ်၊ ကျောက်တန်းပေါ်ကဟာတွေက သူနဲ့ ပိုအဆင်ပြေမယ် ထင်တယ်တဲ့"

"အိုး"

သန္တာကျောက်တန်းများပေါ်တွင် တစ်စုံတစ်ယောက် ကုန်းကုန်းကွကွ လုပ်နေသည်ကို သူ လှမ်းတွေ့လိုက်သည်။

"အင်း၊ မင်းတို့ ဆက်ပြီး ရှာနှင့်ကြလေ၊ ဒီရေက တော်ရုံနဲ့ တက်အုံးမှာ မဟုတ်လောက်ဘူး၊ ငါတော့ ခဏနားလိုက်အုံးမယ်"

သူက ပြောရင်းဖြင့် သူ ပင်လယ်ကင်းခြေများ,များဖမ်းထားသည့်နေရာဆီ ဦးတည် လျှောက်သွားလိုက်သည်။ သူ့ ပုံးမှာ တစ်ဝက်နီးပါးလောက် နေရာကျန်နေသေးသည်။ ထို့ကြောင့် တစ်ခဏလောက်နားပြီးမှ ဆက်ပြီး ဖမ်းရန် ဒါက အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

သူတို့ ပုံစံက ရွံရှာဖွယ် ကောင်းသော်ငြားလည်း ဒီသတ္တဝါမျိုးများဟာ အစားသမားများအတွက် စားကောင်း သောက်ဖွယ်ကြီးပင်။

သူတို့ ရွာကမ်းခြေတွင် ဤကဲ့သို့ သတ္တဝါမျိုး မရှိသည်ဖြစ်ရာ သူ ဒီအခွင့်အရေးကောင်းကို အမိအရဖမ်းဆုပ်ပြီး ဒီရေ မတက်သေးသည့်အချိန်တွင် နည်းနည်းလောက် ထပ်ပြီးတူးကာ ဆိပ်ခံဘက်မှာ သွားရောင်းကြည့်ရမည်။ 

အကယ်၍ ဆိပ်ခံက မဝယ်လျှင်လည်း အကြောင်းမဟုတ်။ သူ သူတို့ကို မသတ်သရွေ့ ရက်အနည်းငယ်လောက် ထား,ထားလို့ ရသည်။ သူ့လို မိသားစု ကြီးကြီးမျိုးနှင့်ဆိုလျှင် သေချာသည် ဒီပင်လယ်ကင်းခြေများတွေ သုံးရက်တောင်ခံမည်မဟုတ်။ နှစ်ရက်အတွင်း စားကုန်မှာ ဖြစ်သည်။

ရီ‌ရောင့်သုန်း တစ်ယောက် ပင်လယ်ကင်းခြေများ,များ တစ်ကောင်ပြီး တစ်ကောင်ကို သူတို့၏ ကျွင်းများကနေ ဆွဲထုတ်နေ၏။ အချို့ဆို ၂၀ - ၃၀ စင်တီမိတာ နီးပါး ရှည်ကြပြီး အချို့မှာ စင်တီမီတာ အနည်းငယ်လောက်သာ ရှည်သည်။

"မင်း အဲ့ဒါတွေ ဖမ်းနေတုန်းပဲလား။ မရွံဖူးလားကွာ"

အသံကြားပြီးနောက်တွင် အားကွမ်၏ အသံမှန်း ရီရောင့်သုန်း သိလိုက်သည်။ ခေါင်းကို မော့ကြည့်မနေတော့ဘဲ

"တစ်ကောင်ပြီး တစ်ကောင်ဖမ်းရင် အဲ့လောက် မဆိုးပါဘူးကွာ၊ သူတို့လည်း ရေအောက်ကင်းခြေများတွေလို ပင်လယ်သတ္တဝါတွေပဲဟာ၊ ငါ အရင်က မမြင်ဖူးတာလည်း မဟုတ်"

"မင်း ဒီလောက် အများကြီးဖမ်းနေတာ ရောင်းဖို့လား၊ စားဖို့လား"

"အားချိုင်က ဝယ်ရင်တော့ ရောင်းမယ်ကွာ၊ ဘာပဲဖြစ်ဖြစ် ငါတို့ ဆိပ်ခံမှာက ဒါမျိုးတွေ သိပ်မရှိဘူးလေ၊ သူ မဝယ်ဘူးဆိုလည်း ငါတို့ဘာသာပဲ စားတာပေါ့"

အားကွမ်က သူ့ ပလိုင်းသူ ကြည့်ပြီး

"ဒီမှာ ကဏန်းပြာတွေ အားကြီးပဲကွာ၊ မင်းကြည့်စမ်း ဒီကောင်တွေ မကြီးဖူးလား။ ရိတ်သိမ်းတာက‌တော့ အတော် အောင်မြင်သား၊ ငါ တစ်ရက်လုပ်အားခတောင် ရှာနိုင်နေပြီ"

"မိုက်တယ်ကွာ သားကြီ ၊ ငါတော့ ကဏန်းပြာ အမနှစ်ကောင်၊ အထီး ငါးကောင်နဲ့ ခုနစ်ကောင် ဖမ်းမိထားတယ်၊ အကုန်လုံးက အသားကြွယ်တယ်ကွ"

ရီရောင့်သုန်းကလည်း ဂုဏ်ယူစွာ ပြောလာခဲ့သည်။ ကျွန်းတစ်ကျွန်းမှာ သည်လောက် သယံဇာတတွေ ပေါကြွယ်ဝလိမ့်မယ်လို့ သူတစ်ခါမှတောင် စိတ်ကူးမယဉ်ဖူးချေ။

"ဘာ၊ ခုနစ်ကောင် တောင်လား။ မင်း သောက်ရမ်းတွေ ကံကောင်းနေပါလား"

အားကွမ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဖြစ်ရပြီး ပလိုင်းကို မင်္သကာဟန်ဖြင့် လှုပ်ခါလိုက်သည်။ အမှန်တကယ်ကိုပဲ အခြေတွင် ကဏန်း လက်မကြီးများကို သူတွေ့လိုက်ရသည်။

"အားကျန်းနဲ့ ချန်ဝေလည်း တစ်ယောက် တစ်ကောင်စီ မိထားကြတယ်၊ ဒီနားတစ်ဝိုက် ပတ်ကြည့်ပြီး မင်း ကံကို စမ်းကြည့်ချင်သေးလား။ ဒီရေကလည်း အပြည့်မတက်သေးဘူးဆိုတော့"

"သွားမယ်။ ငါ အခုချက်ချင်း သွားလိုက်မယ်၊ ဘယ်မှာ ရှာရမလဲသာ ငါ့ကို ပြောလိုက်"

"ဟိုးမှာ"

ရီရောင့်သုန်းက သေချာသည့် နေရာ တစ်ခုကို ညွှန်ပြလိုက်သည်။

"ဒါပေမဲ့ အဲ့နေရာ တစ်ခုလုံးကို ငါ အပြောင် ရှင်းထားတာဆိုတော့ မင်းကတော့ နည်းနည်း ဝေးဝေးသွားရှာကြည့်လိုက်ပေါ့၊ အဲ့တစ်ဝိုက်ကိုတော့ ငါ မရောက်ဖြစ်သေးဘူး"

"အေးအေး"

အားကွမ်တစ်ယောက် တက်ကြွစွာဖြင့် ရီရောင့်သုန်းညွှန်ပြသည့်နေရာကို ပြေးထွက်သွားလေသည်။ ဒီရေကလည်း တစ်ရိပ်ရိပ် တက်လာရင်း မကြာခင် အပြည့်ဖြစ်တော့မည် ဖြစ်သည်။ ထို့အပြင် ယနေ့ကာ လနှစ်သစ်၏ ပထမဆုံးနေ့ကို ကျော်လွန်သွားပြီဖြစ်ရာ ရေချိန်က အများကြီးမကျသွားပေ။

ရီရောင့်သုန်းမှာ သူ၏ အကြုံပြချက်က အားကွမ်အတွက် ဤမျှအထိ ရိတ်သိမ်းနိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အားကွမ်က ကဏန်းပြာ နှစ်ကောင် ဖမ်းလာနိုင်ပြီး တစ်ကောင်မှာ အတော်လေးကြီးကာ ရီရောင့်သုန်း ဖမ်းလာသည့် အကြီးဆုံးအကောင်ထက်ပင် နည်းနည်း ပို၍ ကြီး၏။

အားကွမ် ပြန်ရောက်လာသည့်အချိန်တွင် သူ ဖမ်းမိလာသည်ကိုကြည့်ပြီး အခြားသူများမှာလည်း အားမကျဘဲ မနေနိုင်တော့ချေ။

အသေးလေးက စနောက်ဟန်ဖြင့် ...

"ဆရာကြီး သုန်း၊ ကျွန်တော်မျိုးတို့ကိုလည်း ဘယ်အချိန်မှ စောင်မပေးမလဲ မသိဘူးဗျာ"

"ဟုတ်တယ်။ ငါသာ မင်းကို အစောကြီးကတည်းက ဘယ်မှာ ဖမ်းရမလဲ မေးလိုက်ရင် ငါလည်း နှစ်ကောင်လောက် ရချင်ရနေမှာ"

အားကျန်း တစ်ယောက် နောင်တ အကြီးကျယ်ရနေတော့သည်။ သူ အစောပိုင်းတုန်းက ရောင့်သုန်းနှင့် အာလူး ထိုင်ဖုတ်နေခဲ့သည်လေ။

တစ်ဖက်မှ အားကွမ်က နောင်တသံ စွက်စွက်ဖြင့်

"အား၊ ငါ အဲ့ကို နောက်ကျမှ ရောက်သွားတာကွ၊ ဒီရေမတက်လာခင် နှစ်ကောင်လောက်ပဲ ဖမ်းနိုင်ခဲ့တာ၊ ဒုတိယ တစ်ကောင်ဆို ရေနဲ့ မျောပါသွားတော့မလို့ ကံကောင်းလို့ ငါ အမြန်ကောက်လိုက်နိုင်ပေလို့"

"တစ်ခါတည်းနဲ့ နှစ်ကောင်တောင် ဖမ်းနိုင်တာပဲ တော်ရောပေါ့၊ ဖက်တီးနဲ့ အသေးလေးဆို တစ်ကောင်မှကို မမိတာ၊ ငါသာ အဲ့နေရာကို ကြိုသိလို့ကတော့ ငါ့ဘာသာပဲသွ ားလိုက်တယ်"

ရီရောင့်သုန်းက ပြုံးရင်းပြောလိုက်သည်။ ပြီးနောက် သူက အားလုံးကို သတိပေးလိုက်သည်။

"ဒီရေ တက်လာတော့မယ်၊ ပစ္စည်းတွေ သိမ်းပြီး လှေပေါ်တက်ကြစို့"

"သွားကြစို့ အိမ်ပြန်ကြမယ်၊ ငါတော့ သေအောင်ဗိုက်ဆာနေပြီ"

"ဖက်တီးကို အရင်နှိုး......."

"အဲ့အကောင်ကို ဒီမှာပဲ ထားခဲ့လိုက်တော့၊ သူ့ဘာသာသူ တောထဲမှာ နေပါလေ့စေ..."

"မင်းတို့ကောင်တွေ ဒီလောက် အကျယ်ကြီး ပြောနေတာ မကြားဘဲနေရအောင် ငါက နားလေးမလို့လား"

အားလုံးက စနောက်နေကြပြီး သူတို့၏ ပုံးများနှင့် တန်ဆာပလာများကို လှေဆီ သယ်သွားကြသည်။ ထို့နောက် အားကွမ်က ကြိုးကို ဖြေကာ၊ ကမ်းမှခွာရန် ဝါးချောင်းကို အသုံးပြုလိုက်ပြီးနောက်တွင် အင်ဂျင်ကို နှိုးလိုက်သည်။

အချိန်ကာ သုံးနာရီပင် တီးပြီး ဖြစ်ကာ သူတို့မနက်ကတည်းက ထွက်လာခဲ့ကြသည်မှာ အတော်ပင်ကြာသွားခဲ့သည်။ လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီး လှေပေါ်ရောက်ကြသည်နှင့် တစ်ယောက် တစ်နေရာစီ လှဲသူက လှဲ၊ မှီသူမှီဖြင့် နေရာယူလိုက်ကြသည်။

"ပင်လယ်မှာ ငါးဖမ်းထွက်ရတာ အတော် ပင်ပန်းသား၊ တော်သေးတယ်။ ဒီနေ့ ရိတ်သိမ်းတာ အောင်မြင်လို့ပေါ့ကွာ၊ လာရကြိုးနပ်သွားတယ်"

ချန်ဝေက လည်ပင်းကို ပွတ်သပ်ရင်း စကားစပြောလာ၏။

သူက တစ်ခြားသူများလောက် တက်တက်ကြွကြွမရှိ၊ များသောအားဖြင့် သူတို့၏ နောင်ပြောင် ကျီစယ် စကားများတွင်လည်း ဝင်ပါလေ့ မရှိပေ။ သီးသန့်ဆန်ပြီး တစ်ခါတစ်ရံမှသာ စကားပြောလေ့ရှိသည်။

ဖက်တီးက မျက်စောင်းထိုးလိုက်ပြီး ...

"ငါ ဘာလို့ မင်း ငါ့ကို စောင်းပြောနေတယ်လို ခံစားနေရတာလဲ"

"ဟား ဟား၊ ဖက်တီးရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ၊ မင်းရဲ့ အဲ့ဒီ 'ခံစားနေရတယ်' ဆိုတဲ့စကားကြီးကို ဖျောက်လိုက်"

ရီရောင့်သုန်းက ရယ်မောရင်း ဝင်ပြောလာ၏။

အားလုံးဟာလည်း မရယ်ဘဲ မနေနိုင်ကြတော့ချေ။

"ဟေး၊ ဖက်တီး၊ အမှန်ဆို မင်း မလိုက်လာခဲ့သင့်ဘူး၊ မင်းရဲ့ဖြူဖွေးပြီး အဆီတွေပြည့်နေတဲ့မျက်နှာကြီးကို ကြည့်စမ်းပါအုံး။ အကုန်လုံး နေလောင်ကုန်ပြီ"

"ယောကျာ်းပဲ။ နည်းနည်းလေး နေလောင်တာကို ဂရုစိုက်နေစရာလား။ နေကတော့ အတော်ပူတာကွ၊ နောက်ဆို ငါ မလာတော့ဘူး"

"မနက်ဖြန် ငါတို့ ရောင့်သုန်းရဲ့ခြံဝိုင်းကို ဝိုင်းကူပေးရအုံးမှာ အဲ့တော့ နေပူဒဏ်ကို ခံ......."

ရီရောင့်သုန်းက အလျင်အမြန်ဖြင့်

"ဟေ့၊ ဖိအားများဖို့ မလိုပါဘူးကွာ! အပြင်မှာ ဒီလောက် နေပူတာ မင်းတို့တွေ နေရောင်အောက်ကြီးမှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်ကြလိမ့်မယ်လို့လည်း ငါမထင်ဘူး၊ ငါ ဘယ်သူ့ကိုမှအတင်းအကျပ် မလုပ်ခိုင်းဘူး။ အဲ့တာကြောင့်မလို့ လာတာ မလာတာကတော့ မင်းတို့ အပိုင်းပဲ"

ဖက်တီးက အနည်းငယ် ရှက်သွားပြီး

"အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကြည့်ကြည့်လိုက်အုံးမယ်လေ၊ လိုရင်တော့ ဝင်ကူညီမှာပေါ့ကွာ"

"ရပါတယ်ကွာ၊ အိမ်ဆောက်တယ်ဆိုတာကလည်း တစ်ရက်နှစ်ရက်တည်းနဲ့ ပြီးမှာမှ မဟုတ်တာ၊ အဲ့ဒီအတွက် ငါတို့ အလုပ်သမားတွေ ငှားထားပါတယ်ကွ၊ မင်းတို့ကောင်တွေ အေးဆေးနေလို့ရတယ်"

အားလုံးက တစ်ညီတစ်ညွှတ်တည်း ခေါင်းညိတ်လာကြသည်။ မည်သို့ပင်ဆိုစေ အခြေအနေပေါ်မူတည်၍ အကူအညီလိုအပ်လာလျှင်တော့ သူတို့ လိုလိုလားလားနှင့် ကူညီပေးမည်ဖြစ်သည်။

ဆယ်မိနစ်အကြာ ခရီးနှင်ပြီးနောက်တွင်တော့ လှေက ကမ်းကပ်လေသည်။ အားလုံးက လှေပေါ်တွင် စောင့်ကြည့်နေဆဲဖြစ်သည့် ရီရောင့်သုန်းတစ်ယောက်တည်းကိုသာ ချန်ထားခဲ့ပြီး တစ်ယောက်ပြီး တစ်ယောက် ဆင်းသွားကြသည်။

သူတို့က သူတို့၏ ပစ္စည်းများ ထုပ်ပိုးရန် အိတ်များသွားပြန်ယူကြ၏။ ကုန်းပတ်ပေါ်တွင် သူတို့စုဆောင်းထားသည့် အခွံငါးများက အတော်များလေသည်။ ထို့ကြောင့်လည်း သယ်ပိုးရ ခက်သည့် ငါးများကို အိမ်အပြန် သယ်ရလွယ်ကူစေရန်အတွက် တွန်းလှည်း တစ်စီးပါ ယူလာရန် စီစဉ်ထားကြသည်။

ရီရောင့်သုန်း စောင့်နေစဉ်အတွင်း ငါးဖမ်းလှေအများအပြားကလည်း တစ်စီးပြီး တစ်စီး ကမ်းကပ်လာကြသည်။ မွန်းလွဲချိန်ပင် ရောက်တော့မည်ဖြစ်ရာ ငါးဖမ်းလှေများ ပြန်လာရတော့မည့်အချိန်လည်း ဖြစ်၏။

အားလုံးက တစ်ရွာတည်းသားများ ဖြစ်ကြ၍လည်း တစ်ဦးနှင့် တစ်ဦး ရင်းနှီးကြလေသည်။ အခွံမာငါးတွေ ပြည့်နေသည့်သူ့ရဲ့လှေကို မြင်သည်နှင့် လူတိုင်းက သူ့ကို နှုတ်ဆက်လာကြသည်။ သူတို့က စိတ်ဝင်စားပုံပြပြီး မေးခွန်း အနည်းငယ် မေးလာကြပေမဲ့ သူက သူတို့၏ မေးခွန်းနှိုက်ထုတ်မှုကို ရှောင်ရှားခဲ့လေသည်။

ကျောက်တောင်များပေါ် အခွံမာငါးများ တွေ့သည်က ပုံမှန်သာ ဖြစ်၍ အားလုံးကလည်း အထူးတလည် အံ့အားသင့် မနေကြချေ။ သူတို့ကို ပို၍ အံ့အားသင့်စေသည့်အရာက လှေတစ်စီးလုံးပြည့်နေသည့် အခွံမာငါး အပုံလိုက်သာ ဖြစ်သည်။ ရီ‌ရောင့်သုန်းက နောက်ထပ် အချက်အလက်များ ဝေမျှလိုစိတ် မရှိပုံပေါ်၍ သူတို့လည်း ဆက်မေးမနေတော့ဘဲ နည်းနည်းပါးပါး ခိုးကြည့်ပြီးသာ ထွက်သွားကြသည်။

သည်အကောင်များက စျေးသိပ် မရချေ။ ရွာတွင် စက်လှေပိုင်ဆိုင်သည့် မိသားစုမှာ အနည်းငယ်သာ ရှိပြီး အများစုက လက်ဖြင့် လုပ်ထားသည့် သစ်သားလှေများသာ ဖြစ်သည်။ ထို့အပြင် လှေများကို အသက်မွေးဝမ်းကြောင်း ပြုရန်အတွက် ငါးဖမ်းရာတွင်သာ အဓိက အသုံးပြုကြသည်။ မဟုတ်လျှင် အနီးတဝိုက်ရှိ ကျွန်းများတွင် ဘာမှ ကျန်တော့မည် မဟုတ်။

တစ်ခဏ စောင့်ပြီးနောက်တွင် သူ့အမေ ကမ်းစပ်ဆီ ရောက်လာသည်ကို သူတွေ့လိုက်ရသည်။ သူ (မ) က သူ့အဖေကို လာစောင့်နေခြင်း ဖြစ်ပါလိမ့်မည်။

သူ့အမေကလည်း သူ့ကို သတိထားမိလိုက်ပြီး ကမန်းကတန်း အော်ပြီး သူ့ဆီ အပြေးလာကာ

"မင်း ဘာလို့ အိမ်ပြန်လာဖို့အ‌ရေး ဒီလောက်တောင်ကြာနေရ......အခွံမာငါးတွေ ဘာလို့ အဲ့လောက်တောင် များနေရတာလဲ"

သူ (မ) က စကားတောင်မဆုံးသေးခင် အခွံမာငါးများပြည့်နေသည့် လှေကို မြင်ကာ အံ့အားသင့်သွားတော့သည်။ သူ (မ) မျက်လုံးများက အံ့သြမှုများနှင့်အတူ ပြူးကျယ်လာ၏။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now