အပိုင်း (၁၃၃)
သုံးယောက်သားက လမ်းဆုံအရောက်တွင် ကိုယ့်အိမ်ကိုယ် အသီးသီးပြန်သွားကြ၏။
ရီရောင့်သုန်း အိမ်သို့ပြန်ရောက်ချိန်တွင် မြေလှောင်ကွန်များကို ချပြီးနောက် လင်းရှို့ချင်းထံ ဘောက်ချာကို လှမ်းပေးလိုက်ပြီး ငါးများကိုမူ အမေရီအား ပေးလိုက်သည်။ ထို့နောက်မှာတော့ အမေရီ၏ သူ့အား ပုစွန်ထုပ်များကို အိမ်ပြန်ယူလာကာ အလဟဿဖြုန်းတီးပြီး လက်ဖွာလိုက်လေခြင်းဟူသော ဆူဆဲသံကို ကြားရပါတော့သည်။
သူက စကူတာကို တွန်းပြီး သူ့အမေ၏ဆုံးမသံများကို ဆက်နားမထောင်ရန်အလို့ငှာ အမြန်ထွက်ပြေးလေ၏။ အမေရီမှာလည်း သူ(မ)အရှေ့တွင် ရီရောင့်သုန်းမရှိတော့သည်ကို မြင်ကာမှပင် တစ်ခွန်းနှစ်ခွန်းပြောပြီး တိတ်တော့သည်။ အကယ်၍ သူသာ သူ(မ)အရှေ့တွင် ဆက်ရှိနေလျှင် သေချာပေါက် ညထိတိုင်အောင် ပြောနေအုံးမည်ဖြစ်သည်။
ရလဒ်အနေဖြင့် သူ အပြင်ထွက်လာသည်နှင့် အားကွမ်နှင့်ဆုံလေ၏။
“ဘာလုပ်နေတာလဲ? လက်ထဲကရော ဘာဖာကြီးလဲ?”
အားကွမ်က သူ့အား အံ့အားတသင့်ကြည့်ကာ
“မင်း ဘယ်တုန်းကပြန်ရောက်နေတာလဲ?
“နေ့လယ်ကပဲ၊ မင်းလက်ထဲက ဘာတုန်းလို့”
“နဂါးခေါင်းငါးလေ ငါးခြောက်လှမ်းလို့ရအောင် မင်းတို့ကို တစ်ဖာလာပို့ပေးတာ”
ယခုတွင်တော့ ရီရောင့်သုန်း အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။
“ကွန်မဆွဲဘဲနဲ့ နဂါးခေါင်းငါးတွေ သွားဖမ်းလာတယ်?”
“နောက်ဖေးကို ယူသွားရအောင်၊ တစ်ခါတည်း သတ်လို့ရအောင်လို့”
“ဘယ်ကသာ နဂါးခေါင်းငါးတွေက အခု အရမ်းဈေးပေါနေပြီလေ၊ ငါက နဂါးခေါင်းငါးတွေကိုတော့ ကွန်လုံးပြည့် သွားဖမ်းပါ့မလားဟ? ငါ့အဖေရဲ့သူငယ်ချင်းက ဒီနေ့ပဲ နှစ်ဖာတောင် ပို့လာပေးခဲ့တာ သန်ဘက်ခါဆိုပဲ သက်သတ်လွတ်စားရတော့မှာဆိုတော့ ငါတို့ ဒါတွေအကုန် အခြောက်မလှမ်းနိုင်လောက်တော့ဘူးလေ၊ အဲ့ဒါကြောင့်မလို့ မင်းတို့လည်း အခြောက်ခံပြီးစားလို့ရအောင် တစ်ဖာ လာပို့ပေးတာ”
အိမ်နောက်ဖေးတွင် ငါးသတ်နေသည့် အမေရီက သူတို့အသံက ကြားချိန်တွင် အမြန်ပြုံးလိုက်ပြီး ပျူငှာစွာဖြင့်
“ဘာလို့ ဒီလောက်ဖာအကြီးကြီးကို ပို့လာရတာတုန်း? ညဘက်မှာ ဖြည်းဖြည်းချင်း သတ်လည်း ရနေတာပဲကိုကွယ် အခြောက်လှမ်းဖို့ ဝါးခြမ်းပြာရှည်နည်းနည်းပါးပါးငှားလိုက်ပေါ့”
“အများကြီးလည်း မဟုတ်ပါဘူး အဒေါ်ရဲ့၊ ဒီငါးက ကျင်း ၅၀ ကိုမှ တစ်ယွမ်ပဲရတာ တစ်ကျင်းကို နှစ်ဆင့်လောက်ပဲရှိတာ ဈေးပေါပါတယ်ဗျာ၊ အိမ်မှာလည်း ချန်ထားတာ တစ်ဖာရှိသေးတယ် ဒါက အဒေါ်တို့အိမ်အတွက်”
“ကောင်းတယ် ကောင်းတယ်....”
အမေရီက ပျော်ရွှင်သော အပြုံးဖြင့် လက်ခံလိုက်ပြီးနောက် ချွေးမသုံးယောက်နှင့် ရီဟွေ့မေအား အတူသတ်ရန် လှမ်းခေါ်လိုက်သည်။ မဟုတ်လျှင် သူ(မ)တစ်ယောက်တည်းသာဆိုလျှင် ညထိတိုင်အောင် သတ်လို့ပြီးမည်မဟုတ်ချေ။
အားကွမ်က ရီဟွေ့မေအား လှမ်းကြည့်ရုံကာရှိသေး ရီရောင့်သုန်းက အရှေ့တွင် လှမ်းကာလိုက်ပြီး သူ့ပခုံးကိုဖက်ကာ အပြင်လျှောက်ခေါ်သွားလေသည်။
“ဒီနေ့ ကွန်သွားမဆွဲဘူးလား? လာလေ အပြင်ထွက်ပြီး စကားပြောစို့”
အားကွမ်မှာ မပါချင်ပါချင်နှင့် သူ့နောက်ပါသွားရပြီး၊ ရီရောင့်သုန်းကို စိုက်ကြည့်ရုံသာ တတ်နိုင်တော့ကာ မျက်လုံးများက ပြောနေသည်မှာလည်း....၊ ငိုး မင်း ဟိုမှာ ဘာလို့ ရက်နည်းနည်းပါးပါး ပိုမနေလိုက်တာလဲ?
ရီရောင့်သုန်းက သူ့မေးကို လှမ်းဆွဲပြီး ခေါင်းကို တည့်တည့်ထားကာ
“လမ်းလျှောက်ရင် အရှေ့တည့်တည့်ကြည့်လေကွာ၊ မင်းအရွယ်ပဲ ဒီလောက်ကြီးနေပြီး ဘာလုပ်ရမလဲဆိုတာတောင် သင်ပေးနေရအုန်းမှာလား”
“သွားစမ်းပါ မင်းက ဘာလို့ ဒီလောက်အစောကြီး ပြန်ရောက်လာတာလဲ?”
“ငါသာပြန်မရောက်လာရင် အခုချိန်လောက်ဆို ငါ့အိမ်ကလည်း မင်းအိမ်ဖြစ်နေလောက်ပြီ”
“ဘယ်ကသာ မင်းကလဲ”
ရီရောင့်သုန်း သူ့အား မီးဟုန်ဟုန်တောက်နေသည့်အကြည့်များဖြင့် စိုက်ကြည့်ကာ