အပိုင်း (၉၀)
ဆောင်းလလယ်ပွဲတော်တွင် ဝတ်ဖို့ စီစဉ်လိုက်ပြီးနောက် လင်းရှို့ချင်း တစ်ယောက် မျက်နှာထက်တွင် အပြုံးများ ဝေဆာလျက်ရှိပြီး သူ့အား ပိတ်စတစ်ဖက်ကို ကိုင်ထားခိုင်းလိုက်၏။ သူ(မ)က ပိတ်စကို ဖြတ်လိုက်ပြီး စစ်ဆေးကြည့်ရာ အနည်းငယ် ရှည်နေမှန်း သတိထားမိလိုက်သည်။
"ရှင် ဘယ်နှမီတာ ဝယ်လာခဲ့တာလဲ"
"၂ မီတာလေ၊ မင်းပဲ ငါ့ကို ၂ မီတာဝယ်ခဲ့ဆို"
"ရှင်က ကလန်ကလားကြီးမို့လို့ ၂ မီတာ လိုတာလေ၊ ကျွန်မက ဘာလို့ ၂ မီတာ လိုရမှာတုန်း"
"ရပါတယ်ကွာ၊ ပိုတာ ဘောင်းဘီလေး ချုပ်လိုက်ပေါ့၊ ဝမ်းဆက်လေး ရသွားတာပေါ့"
"ဘောင်းဘီတော့ လုပ်ဝတ်လို့ မရလောက်ဘူး၊ ခါးတို တစ်ထည်တော့ ရလောက်မယ်"
လင်းရှို့ချင်းက အတန်ကြာ တစ်ခုခုကို ရေရွတ်ရင်း ဝယ်လာသည့် အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ၎င်းက အလင်းရောင်ရှိသည့် အချိန်မှ ချုပ်လုပ်လို့ရမည်ပင်။
ပစ္စည်းများ အားလုံး ဘေးဖယ်ပြီးသည်နှင့် သူ(မ)က တစ်ဖက်သို့ လှည့်ပြီး ပင်လယ် ကြက်ခြေထောက် အကြောင်းကို တစ်ဖန် ပြန်တွေးမိကာ :
"ရှင် အဲ့ပင်လယ် ကြက်ခြေထောက်ကို တူးဦးမှာလား။ အဲ့ဟာက အရမ်း တန်ဖိုးကြီးတာဆိုတော့"
ရီရောင့်သုန်းက အိပ်ရာပေါ်တွင် လှဲလျောင်းပြီး ခြေထောက်ကို လှုပ်ကာ ;
"တခြားကျွန်းတွေမှာ ရှိပါ့မလား ငါလည်း မသိဘူး၊ ဒီရေမြင့်တဲ့အချိန်မှ မဟုတ်ရင် သွားလို့ လွယ်မှာမဟုတ်ဘူး၊ ဒီဟာတွေက တစ်နှစ်လုံး လှိုင်းဒဏ်ခံထားရတဲ့ ဒီရေမြင့်ပိုင်းရဲ့ သန္တာကျောက်တန်းတွေပေါ်မှာပဲ ရှိတတ်တာ၊ ပုံမှန်အချိန်တွေမှာသာ သွားမယ်ဆိုရင် ဒီရေက အရမ်းကြီး ကျနေမှာ မဟုတ်ဘူး၊ အဲ့ခါကျရင် လှိုင်းတစ်ချက် ရိုက်တာနဲ့ ပင်လယ်ထဲပါသွားမှာ၊ အရမ်း အန္တရာယ်များတယ်"
"ထားလိုက်ပါတော့ ရှင်၊ လနှစ်သစ်ရဲ့ ၁၅ ရက်နေ့ ရောက်တော့မှပဲ သွားကြည့်ကြည့်ပေါ့၊ တစ်ခုခု တွေ့ရင်လည်း တူးခဲ့ရုံပေါ့။ မတွေ့ရင်လည်း လိုက်ရှာမနေနဲ့ မေ့လိုက်တော့၊ ရှင် ဒီလောက် ရှာနိုင်နေတာနဲ့တင် တော်တော်လေး ကောင်းနေပြီ၊ ကံကောင်းလို့ပေါ့၊ အဲ့ဒါကို သိနေတဲ့လူ ရှိနေလို့"
"အမ်"
"ကျွန်မတို့ရဲ့ဒီလို နေရာလေးကို လာတဲ့ နိုင်ငံခြားသားတွေ ရှိတယ်ဆိုတာ ရှင် ဘယ်လိုစဉ်းစားမိသွားတာလဲ"
"အဲ့ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား။ ငါ ခန့်မှန်းကြည့်လိုက်တာလေ။ ဟုန်းရှန်ရဲ့မင်းသားလေးက သူတို့နဲ့ နိုင်ငံခြားမှာ စာသင်ရင်းနဲ့ တွေ့မယ်။ သူတို့က ငါတို့မြို့လေးကို အထူးတလည် လာရောက် ပျော်ပါးမယ်။ သူတို့ ဘာလုပ်လုပ် အဲ့ဒါ သူတို့ ကိစ္စပါ၊ မင်းသာ ငါ့ကို အရင် ဂရုစိုက်"
သူက မရေမရာဖြင့် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
လင်းရှို့ချင်း သူ ဆိုလိုသည့် အဓိပ္ပါယ်ကို ချက်ချင်းသဘောပေါက်လိုက်ပြီး ကစားနေသည့် ကလေးနှစ်ယောက်ကို ရှက်ရွံ့စွာ လှမ်းကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ;
"ရှင် မပမ်းဘူးလား၊ ဒီလောက် နေ့ပိုင်းမှာ အလုပ်တွေ အများကြီး လုပ်ထားရတာ။ ရှင့်ဦးနှောက်ကိုလည်း သုံးရဦးမယ်...."
"ဘာလို့ ပင်ပန်းရမှာလဲ။ ပြီးတော့ ဒီနှစ်ခုက တူမှ မတူတာ၊ မနေ့က ငါ လိပ်ဥ ငါးလုံးတောင် စားထားတာ ဒီနေ့လည်း နှစ်လုံး ထပ်စားထားသေးတယ်၊ ရလဒ်ကိုကြည့်ဖို့၊ မင်း ဒီမျောက်လောင်းလေး နှစ်ကောင်ကို အရင် သိပ်...."
အချက်အလက်များကတော့ လိပ်ဥဟာ အတွေ့လေး ထိရောက်မှု ရှိလှကြောင်း သက်သေပြခဲ့လေ၏။ တကယ့်ကို ယန်ဓာတ်ကို အားကောင်းစေပြီး ကျောက်ကပ်ကို အားအင် ဖြစ်စေသည်ပင်။ သူ့ကိုယ်သူ အရမ်း ဂုဏ်ယူတာပဲ။
နောက်တစ်နေ့နံနက် သူ နိုးလာသည့်အချိန်တွင် လူက လန်းဆန်းနေ၏။ မနေ့ညက လိပ်ဥ ငါးလုံး၊ ခြောက်လုံးလောက် ကျန်နေသေးပုံရသည်ကို တွေးမိသဖြင့် သွားရှာရန် မီးဖိုချောင်ထဲ ဝင်သွားရာ စွပ်ပြုတ်က လွဲပြီး ဘာမှ ရှိမနေချေ။
"လိပ်ဥတွေ ဘယ်ရောက်ကုန်တာလဲ"
"မင်း နောက်ကျသွားပြီ၊ ကျန်တဲ့ နှစ်လုံး ငါ စားလိုက်တယ်"
ရီရောင့်ဖုန်က ရယ်ရင်း ပြောလိုက်၏။
"ရလဒ်က ကောင်းမှန်းတော့ သိတယ်၊ ငါ့အတွက် တစ်လုံးလောက် ချန်ထားဖို့တော့ မသိဘူး"
ကျန် လေးလုံးကို အဖေ ရီက ညဘက် ပင်လယ်ထဲထွက်ရင်း စားရန် ယူသွားခဲ့၏။ မနေ့က ပင်လယ်ထဲထွက်ရမည့်လူမှာ သူဖြစ်သော်လည်း သူက မြို့ထဲကို သွားနေသဖြင့် အဖေ ရီက အစ်ကိုကြီးကို ခေါ်သွားခဲ့ပြီး ညတွင် အားဟွာ၏ အလှည့် ဖြစ်သဖြင့် သူက တစ်ခါတည်း သူ့ဝေစုကို ယူပြီး ဇနီးဖြစ်သူကို သွားနှုတ်ဆက်လေ၏။
"ဟီးဟီး"
ရီရောင့်ဖုန် တစ်ယောက် ပြန်ဖြေရမှာပင် ရှက်လွန်းနေလေ၏။
အမေ ရီက :
"မြန်မြန် မနက်စာ လာစားတော့၊ အလုပ်ပြီးသွားတော့ ဥက နည်းနည်းပဲ ကျန်တော့တာ၊ ဒီလိပ်ဥတွေက ညှီးရညှီးနဲ့ ဘာတွေ စားချင်နေကြတာလဲ"
"သိပါပြီ"
ညကျရင် အားကွမ်ဆီ သွားပြီ တောင်းရမယ်။ သည်ကောင်က လူပျိုကြီးပဲကို အများကြီးယူထားပြီး ဘာလုပ်ဖို့လဲ။
သို့သော် သူ မမျှော်လင့်ထားသည်မှာ သူ အိမ်ပြင်ထွက်ရန် ဟန်ပြင်လိုက်စဉ် အားကွမ်က အလုပ်ရန်အတွက် အလောတလျင်ဖြင့် အိမ်ကို ရောက်ချလာ၏။
"မင်း ဘာဆေးစား မှားထားတာလဲ ဟမ်။ ဒီလောက်မနက် အစောကြီး အလုပ်လုပ်ဖို့ ရောက်လာတယ်ပေါ့။ တစ်ခါမှ နေလောင် မခံဖူးဘူး၊ အလုပ် မလုပ်ဖူးဘူးပေါ့။ မင်းအတွက် နေ့စားခ ရတာလဲ မဟုတ်ဘဲနဲ့များ ဘာလို့ ဒီလောက်တောင် ဝီရီယ ရှိနေရတာလဲ"
"ငါကဖြင့် စေတနာ ကောင်းကောင်းနဲ့ မင်းတို့အတွက် အလုပ်လုပ်ပေးနေတာပါနော်၊ မင်းက ဒီလိုစကား ပြောထွက်ရက်တယ်"
"ဟုတ်ပါပြီကွာ၊ မင်း အရမ်း အလုပ်ကြိုးစားချင်နေတယ်မလား။ လာ၊ ဒါဆိုလည်း လုပ်ကွာ။ ငါ့အမေကို မင်းအတွက်ပါ လုပ်အားခ ထည့်ထွက်ပေးဖို့ ပြောပေးမယ်"
"တော်စမ်းပါ"
အားကွမ်က အထင်မြင်သေးစွာဖြင့် ;
"ငါ့ပုံစံက မင်း လစာကို မျှော်ကိုးနေရတဲ့ပုံ ပေါ်နေလို့လား"
"မင်း မင်းမိန်မလောင်းလေးအတွက် ပိုက်ဆံစုချင်နေတယ်မလား။ ဘာတွေလိုက်ပြီး သေသိမ်ချင်နေတာလဲ"
"ဒါဆိုလည်း မင်း ပင်လယ်ထဲ များများထွက်ပြီး ငါ့ကိုပါ ခေါ်သွား"
"ငါ့ဟာနဲ့ငါတောင် ထွက်ဖို့ အချိန်မရှိတာ၊ အိမ်မှာတင်ပဲ လုပ်စရာတွေက ပုံခံနေပြီ၊ လူသူမဲ့ကျွန်းကို နေ့တိုင်းချည်း သွားဖို့ကျတော့ အန္တရာယ် မကင်းဘူး၊ မင်းတို့ လှေဝယ်ချင်ကြတယ်မလား။ ညကျရင် အားချိုင်ဆီသွားပြီး ငါတို့ ပိုက်ဆံတွေ ရ၊ မရ သွားမေးကြည့်ပါလား၊ စောစောစီးစီးရတော့ လှေ စောစော ဝယ်လို့ ရတာပေါ့"
"ဟုတ်တယ်၊ ညကျရင် အတူသွားပြီး မေးကြရအောင်၊ တစ်ရက်တောင် ရှိနေပြီ။ ငါတို့ သူ့ဆီက အမြဲတမ်း ဈေးကောင်းရခဲ့တာ မဟုတ်ဘူး"
အားကွမ်၏ နှစ်ရက်တာ ကြိုးစားပမ်းစား အလုပ်လုပ်မှုက အချည်းနှီ မဖြစ်ခဲ့ချေ။ အမေ ရီ၏ သူ့အပေါ်ထားသည့် အမြင်ကို တစ်ခါတည်း ပြောင်းလဲပစ်နိုင်ခဲ့သည်။ သူ(မ)က ညနေခင်း အလုပ်ပြီးချိန်တွင်တောင် ပြုံးနေဆဲဖြစ်ပြီး သူ့ကို အိမ်တွင် ညစာလိုက်စားရန် နွေးထွေးစွာ ဖိတ်ခေါ်လေသည်။
ရီရောင့်သုန်းကလည်း သူ့ကို ငြင်းခွင့်မပြုပြီး မည်သည့် ရှင်းပြချက်မှ ယူမနေဘဲ သူ့ပုခုံးပေါ် လက်တင်ကာ အိမ်ထဲ တန်းခေါ်သွားလေသည်။
တကယ်တမ်းတွင် အားကွမ်၌ ငြင်းဆန်ရန် စိတ်ကူးမရှိလေပြီး၊ ထမင်း စားရန် အပြုံးဖြင့် သူတို့နောက် လိုက်သွားကာ စားပြီးနောက်တွင်တောင် အခြောက်လှမ်းထားသည့် ကမာများနှင့် ပင်လယ် ဖရဲစေ့များကိုပါ ဝင်ပြီး ကူစုဆောင်းပေးလိုက်သေး၏။ သူက ရီရောင့်သုန်း ပိုက်ဆံသွားယူရန် လာမခေါ်ခင်အထိ မလိုက်သွားသေးချေ။
ထိုသို့နှင့်ပင် အားကွမ် တစ်ယောက် ရက်အတော်ကြာ အခမဲ့ လုပ်သားလေးအဖြစ် အလုပ်လုပ်ပြီး၊ ရီရောင့်သုန်း သူအဖေနှင့် ပင်လယ်ထဲ လိုက်သွားပြီး အိမ်တွင် မရှိသည့် အချိန်တွင်တောင် ပုံမှန်အတိုင်း လာမြဲလာဆဲ၊ အချိန်တိုင်းဆိုသလို ဖရဲသီးများပါ ယူလာပေးတတ်၏။
အားကွမ်က သူ့ လုပ်အားခ မလိုကြောင်း အကြိမ်ကြိမ် ငြင်းသည့်တိုင် အမေ ရီက သူ့အား အတင်းအကျပ် ယူခိုင်းရာ လူကြီးတစ်ယောက်နှင့် ပြိုင်စကားများရသည်က မလွယ်ကူလှသဖြင့် ပြုံးဖြီးဖြီးဖြင့် ခေတ္တ လက်ခံထားလိုက်ပြီး နောက်မှ ရီရောင့်သုန်းအား ပြန်ပေးစေလိုက်သည်။
အမေ ရီက စိတ်ကျေနပ်မှုဖြင့် ;
"တော်တယ်၊ မဟုတ်ရင် ငါမင်းကို နောက်ဆို ခိုင်းရဲမှာ မဟုတ်လောက်ဘူး၊ ငါ အရင်က မင်းနဲ့ သိပ်မသိတော့ မင်းအကြောင်း သိပ်မသိဘူး၊ ဒီရက်ပိုင်း မင်းကို မြင်ရတာ အရမ်း စိတ်ချမ်းသာရတာပဲကွယ်၊ မင်းက တကယ် တော်တဲ့ လူငယ်လေးပဲ"
အားကွမ်က ရှက်စိတ်လေးဖြင့် ခေါင်းအနောက်ကို ကုတ်လိုက်ပြီး ရယ်ကျဲကျဲ လုပ်နေ၏။
"မင်းလည်း သိပ်မငယ်တော့ဘူးလို့ အဒေါ်မြင်တယ်၊ အဒေါ်ကူပြီး မင်းအတွက် တစ်ယောက်လောက် ရှာပေးမယ်လေ၊ မိသားစုထဲမှာ မိန်းမ လုံးဝ ရှိမနေတာက အမြင်မတော်ဘူးနော်၊ ဇနီး တစ်ယောက် လက်ထပ်ယူပြီးနောက်မှပဲ မိသားစုကို ခန့်ခွဲလို့ အဆင်ပြေမှာ၊ မင်းရဲ့ညီမလေး နှစ်ယောက်ကလည်း တဖြည်းဖြည်း အသက်တွေ ကြီးလာပြီ။ နောက်နှစ်နှစ်လောက်ဆို သူတို့ကို လာတောင်းရမ်းတဲ့သူတွေ ရှိချင် ရှိလာတော့မှာ"
"ဟဲဟဲ၊ အဒေါ့်မှာ သင့်လျော်မဲ့သူ ရှိရင်တော့ ကျွန်တော့်ကို မိတ်ဆက်ပေးလို့ ရပါတယ်ဗျ"
သူက ပြောရင်းဖြင့် မျက်လုံးအကြည့်များက တောင်ရောက် မြောက်ရောက် ဖြစ်နေ၏။
"ငါက ခုရက်ပိုင်း အိမ်ဆောက်နေတာနဲ့ တစ်နေကုန် အလုပ်များနေရတာလေ၊ ဘယ်ကလာပြီး အောင်သွယ်တော်လုပ်ဖို့ အချိန်ရှိမှာတုန်း။ မင်း စိတ်မပူနဲ့။ အိမ်ဆောက်လို့ ပြီးသွားတာနဲ့ ငါ မင်းကိစ္စကို အာရုံစိုက်ထားပေးမယ်"
"ဟုတ်ဟုတ် အဒေါ်၊ ကျွန်တော် မလောပါဘူး၊ ကျွန်တော်က အားသုန်းထက်တောင် တစ်နှစ်ငယ်သေးတာပဲကို"
ရီရောင့်သုန်းက ဘေးကနေပြီး မျက်စောင်းထိုလိုက်ကာ :
"မင်းက ငါနဲ့ ဘာကို လာယှဉ်နေတာလဲ။ ငါ့မှာက သား နှစ်ယောက်တောင် ရှိတယ်၊ မင်းမှာက မိန်းမတောင် ရှိလို့လား"
"အေး၊ ဟုတ်တယ်။ အဲ့ဒါကြောင့် အဒေါ် မင်းအတွက် တစ်ယောက် ရှာပေးမယ်လို့ ပြောတာ၊ အဆင်သာပြေသွားလို့ကတော့ ဒီနှစ်မှာ ငါ့အတွက် ပျော်ပွဲရွှင်ပွဲကြီး တစ်ပွဲ ဖြစ်သွားတာပေါ့!"
"ဟုတ် ဟုတ်ကဲ့......"
သူ့နှလုံးသားထဲတွင်လည်း ထိုအကြောင်းကို တွေးနေလေခြင်း ဖြစ်၏။ ...ဒါပေမဲ့... ထုတ်ပြောဖို့ကျတော့ သိပ်မကောင်ဘူးလေ၊ ခြေလှမ်း မှန်မှန် လှမ်းမှ အရိုက်ခံရသက်သာ...ထားလိုက်ပါတော့၊ နည်းနည်း မသင့်တော်သေးဘူး...။
သူက ခေါင်းစဉ် ပြောင်းလိုက်ပြီး ;
"အားသုန်း၊ မင်း ကွန်ဘယ်နှခုလောက် လုပ်ပြီးပြီလဲ"
"သိပ်တော့ မများဘူး၊ နေ့ခင်းပိုင်း အိမ်ဆောက်နေရသေးတာဆိုတော့ ညစာ စားပြီးနောက်မှ ခဏတဖြုတ် ထိုင်လုပ်ရတယ်၊ လက်က သွက်တော့သွက်ပေမဲ့ ငါးကွန်ပဲ လုပ်လို့ပြီးသေးတယ်"
"သူများကိုလည်း ကူပြီးလုပ်ခိုင်းလေ။ မြန်မြန်လုပ်ပြီးမှ ပင်လယ်ထဲ မြန်မြန်ချထားလို့ရမှာ စောစောစီးစီး အကျိုးမြတ်ရတာပေါ့"
"စိတ်မပူပါနဲ့၊ အိမ်မှာလည်း အလုပ်တွေ အများကြီးရှိနေသေးတော့ ဖြည်းဖြည်းပဲ လုပ်ကြတာပေါ့"
သူ ဆယ်ခုလောက် လုပ်ပြီးချိန်မှ အားလုံးကို တစ်ပြိုက်နက်တည်း ပင်လယ်ထဲ ပစ်ထားမှပင်၊ မဟုတ်လျှင် ပင်လယ်ထဲ ငါးခု၊ ခြောက်ခုလောက်ပစ်ထားပြီး အားလုံးကို ပြန်သိမ်းရန် လှေလှော်ရမည်ဖြစ်ကာ ကွန်ထဲ ဘာမှရှိမနေလျှင် အတော်လေး အချိန်တွေ ပုပ်ကုန်လိမ့်မည် ဖြစ်သည်။
ဆယ်ခုတောင် နည်းနေသေးသော်လည်း အနည်းဆုံးတော့ အားလုံးကို အတူတူ ပစ်ထားလို့ရနိုင်သည်ပင်။
"နင့်ရဲ မြေလှောင်ပိုက် တစ်ခုက အိမ်မှာ ဘာမှ မသုံးဘဲ ထားထားတာမလား၊ ဘာလို့ ညဘက် ရေကန်ထဲသွားမချထားလိုက်တာလဲ ဟင်းစားဖို့ ရေချိုငါးလေး ဘာလေး ရချင် ရနိုင်တာပဲလေ၊ တစ်လက်စတည်း ရေထဲမှာ စမ်းပြီးသား ဖြစ်သွားတာပေါ့"
ရီရောင့်သုန်း၏ မျက်လုံးများ ထိုစကားကိုကြားသည်နှင့် ဖြာထွက်လာတော့၏။ ငါ့မှာ မြေလှောင်ပိုက် ရနေပြီပဲ။
