အပိုင်း (၁၂၁)
နောက်ဆုံးတွင် သူ နောက်တစ်ကွန် ထပ်ပစ်ပေးလိုက်ကာ ပုစွန်ဖြူတစ်ကျင်းကျော်ကျော်သာရပြီး ကျန်သည့်အရာများက ကောင်းကောင်းကန်းကန်း မရှိချေ။
အားကျန်းနှင့် အသေးလေးတို့လည်း နောက်တစ်ကြိမ် ပွပေါက်ရတော့မည်လို့ ထင်မှတ်ထားသဖြင့် အနည်းငယ် စိတ်ပျက်မိသွားကြသော်လည်း ယခုတွင်လည်း စိတ်အခြေအနေက ကောင်းနေဆဲဖြစ်၏။ ဒီလောက်ရတာနဲ့တင် ကောင်းနေပြီ!
ရီရောင့်သုန်း သူတို့အား ကွန်ကိုပြန်ပေးပြီးနောက်တွင် အိမ်ပြန်ရန်အလို့ငှာ သူ့လှေဆီပြန်သွားလိုက်သည်။
သူ ကမ်းစပ်သို့ ပြန်ရောက်လာချိန်တွင် ဆိပ်ခံ၌ လူအများအပြား စုရုံးနေသည်ကို လှမ်းမြင်လိုက်သည်။ သူတို့ ဘာလုပ်နေကြမှန်း သူမသိချေ။
သူ့လှေကို ကမ်းကပ်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် သူတို့ပြောတာကိုနားထောင်ရန် ကမ်းစပ်ဆီ ချဉ်းကပ်သွားလိုက်သည်။ ဆိပ်ခံဆိုသည်မှာ သူတို့လိုတံငါသည်များအတွက် အရေးကြီးသတင်းအချက်အလက်များ ဖလှယ်သည့်နေရာတစ်ခုအဖြစ် မှတ်ယူလို့ရပေသည်။
သူ အနီးနားရောက်သွားချိန် တစ်စုံတစ်ယောက် သေသွားသည့်အကြောင်း ပြောနေသည်ကို ကြားရမယ်လို့ ဘယ်သူက ထင်မိမှာလဲ?
ဟုတ်ပါ့မလား? တိုင်ဖွန်းတိုက်တုန်းကတော့ မသေဘဲနဲ့ တိုင်ဖွန်းပြီးသွားတော့မှ သေသွားတယ်ဆိုတော့လေ?
သူက အလျင်အမြန်ဖြင့်
“ဘယ်သူ ပင်လယ်ထဲကျသွားလို့လဲ? ဘယ်လိုပြုတ်ကျသွားတာလဲ? လင်မယားနှစ်ယောက် အတူတူပြုတ်ကျသွားတာလား?”
“အင်း အဲ့ဒါက ညတုန်းက အဲ့ဒီကို ထွက်သွားကြတဲ့ လှေသုံးလေးစင်းလောက် ရှိသေးမှန်း ငါမသိလိုက်ဘူး၊ တစ်စင်းကတော့ ပြန်ရောက်လာတယ်၊ တိုင်ဖွန်းက မနေ့မနက်ကမှ ပြီးသွားတာမလား အဲ့ဒါကို တချို့က ညဘက် ပင်လယ်ပြန်ထွက်ကြတာ၊ ငါ သူများတွေပြောတာ ကြားတာတော့ မင်းတို့ တိုင်ဖွန်းရက်ကြီး ပင်လယ်ထဲထွက်တာ ရှန်းသုန်းငါးတွေနဲ့ တလုံးသွယ်ကို ဖမ်းမိလာခဲ့တာကို အားကျပြီးတော့ သူတို့လည်း သူတို့ကံကို လောင်းကြေးထပ်ကြည့်တာတဲ့”
“သူတို့ပြောတာ အခြေအနေမဟန်ရင် မြန်မြန်ပြန်လှည့်လာခဲ့မယ်တဲ့၊ ငါ ဘယ်လိုလုပ်ပြီး တွေးမိပါ့မလဲ....”
“သူတို့မိသားစုက ကွမ်ရင်မယ်တော်တောင်ခြေရင်းမှာ နေကြတာလေ၊ လင်မယားနှစ်ယောက်က အတူထွက်သွားခဲ့ကြတာ တချို့ရွာသားတွေဆို အဝေးကနေ လှိုင်းတွေလှိမ့်လာတာကို မြင်လိုက်ကြတယ် အဲ့ဒီလှိုင်းတွေကြောင့်ပဲ လှေကမှောက်သွားတာ၊ လှိုင်းတွေက အရမ်းကြီးလွန်းတော့ သူတို့တွေ အရိုက်ခံထိပြီး ဘယ်ပါသွားမှန်း မသိကြဘူး၊ ငါတို့မှာ ကူညီချင်တာတောင် သွားပြီးကူညီလို့မရခဲ့ဘူး”
“ငါတို့ ဘေးရွာသုန်ချောင်ကိုလည်း သွားခဲ့သေးတယ်၊ လှေတစ်စီးလားနှစ်စီးလားတော့ မသိဘူး ငါကြားတာ ဘယ်သူမှ ပြန်မရောက်လာကြဘူးတဲ့”
ရီရောင့်သုန်း မျက်မှောင်ကြုတ်လွန်းထားသည်က ယင်ကောင်ကိုပင် ညှစ်သတ်နိုင်နေပြီပင်။ တိုင်ဖွန်းက သူတို့ဆီကနေ ဖြတ်သွားပြီးပြီဆိုပေမဲ့ ဒါက ပြီးသွားပြီလို့မှ မဆိုလိုတာ။ အသံချဲ့စက်မှလည်း တိုင်ဖွန်းမုန်တိုင်း ဆင်းသက်သွားသည့် သတင်းကို ထုတ်လွှင့်ခြင်း မရှိသေးပေ။ သူတို့ ဧရိယာနှင့် ဝေးရာသို့ ရွေ့လျားသွားကြောင်းကိုသာ ကြေညာထား၏။
တကယ်ဆင်းသက်သွားတယ်ဆိုရင်တောင်မှ ပင်လယ်ပြင်က မုန်တိုင်းနဲ့ လှိုင်းတွေက ဒီလောက်မြန်မြန်ကြီး ဘယ်ငြိမ်ကျသွားပါ့မလဲ?
ယခင်ကဆိုလျှင် သူတို့က တိုင်ဖွန်းပြီးပြီနောက် တစ်ရက်နှစ်ရက်နေမှ လှေများ ပင်လယ်ထဲ ပြန်ထွက်ကြသည်ပင်။ တိုင်ဖွန်းက မနေ့မနက်ကမှ ပြီးသွားခဲ့တာကို ညကြီးမင်းကြီး ပင်လယ်ထဲထွက်ဖို့ မစောင့်နိုင်ကြတော့ဘူးပေါ့၊ သက်သက်မဲ့ သွားပြီးအသေခံတာမဟုတ်ဘူးလား? အရဲစွန့်ချင်တယ်ဆိုတာမျိုးက ဒီလိုမျိုးအရဲစွန့်ရတာမျိုးမှ မဟုတ်တာ!
သူတို့သွားခဲ့တယ်ဆိုတာကလည်း တိုင်ဖွန်းမဝင်ခင် နှစ်ရက်အလိုက၊ ဒါတောင် အတော်လေး အန္တရာယ်များပြီး သူတို့မှာ တစ်ကြိမ်တည်းနဲ့တင် ကြောက်သွားခဲ့ကြတာ!
သူ ပြန်လာသည့်အချိန်တုန်းကလည်း ပင်လယ်ပြင်က အန္တရာယ်များကြောင်းကို တမင်တကာ ချဲ့ကားပြောပြခဲ့သည်မှာ လူတချို့ သူတို့တွေ ပစ္စည်းကောင်းများ အလွယ်လေးရလာသည်လို့ ထင်မှတ်ပြီး သူတို့အသက်နှင့်ရင်းကာ အန္တရာယ်ထဲ သွားပြီးစွန့်စားကြမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့်ပင်။
သူက ထပ်မေးလိုက်၏။
“သူတို့နဲ့အတူသွားတဲ့ လှေတွေကရော? ညဘက်ကထွက်သွားတယ်ဆိုပြီ ဘာလို့ အခုမှပြန်လာကြတာလဲ?”
“ကြားတာတော့ လှိုင်းတွေလေတွေ တအားပြင်းပြီး လှေမှောက်သွားတာကို တွေ့လိုက်တာ ကြောက်လန့်သွားပြီးတော့ လေနဲ့ဝေးတဲ့ဘက်ခြမ်းမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းကို ရှာလိုက်ကြတာတဲ့၊ ဒါတောင် လှိုင်းလုံးတွေက ကုန်းပတ်ကို ဆက်တိုက်ဆိုသလို ရိုက်နေတာ၊ ရှေ့က လှိုင်းတွေ သိပ်မကြီးတော့ဘူးဆိုမှပဲ လှေကို ပြန်မောင်းရဲလာတော့တယ်လေ”
“အရမ်းသနားဖို့ကောင်းတာပဲ လင်မယားနှစ်ယောက် အတူတူပြုတ်ကျသွားတာ....”
“ငါ စဉ်းတောင်မစဉ်းစားချင်တော့ဘူး...”
“ငါကြားတာ သူတို့မိသားစုက သားတွေအများကြီး တစ်ယောက်ပြီးတစ်ယောက် လက်ထပ်သွားပြီးတော့ အကြွေးတွေ အများကြီး တင်နေတာတဲ့၊ တိုင်ဖွန်းပြီးသွားတော့ ငါးတွေအများကြီးရှိမှာပဲဆိုပြီး ပင်လယ်ထဲသွားပြီး ကြိုးစားကြည့်ကြတာ....”
လူအုပ်ကြီးမှာ တစ်ဖန်စတင် ဆွေးနွေးလာပြန်ပြီး ရီရောင့်သုန်းလည်း အချိန်အတန်ကြာ ရပ်နားထောင်နေပြီးနောက်မှ အိမ်ပြန်လာခဲ့လိုက်သည်။
မမျှော်လင့်ထားစွာဖြင့် သေသည့်လူက ရှိနေဆဲပင်။
လောဘကြီးလွန်းသွားကြတယ်လို့ပဲ ပြောရတော့မှာ။
ဤမတော်တဆမှုက သူ့အား သတိပေးလိုက်သလိုပင်။ ပင်လယ်ပြင်က ရက်စက်ကြမ်းကြုတ်သဖြင့် နောင်ဆို သူ ပင်လယ်ထဲထွက်သည့်အချိန် ဂရုစိုက်သင့်ပေသည်။
သူ အိမ်ပြန်စဉ် လမ်းတစ်လျှောက်တွင်လည်း အနှီကိစ္စအား တစ်ရွာလုံး နေရာအနှံ့ဆွေးနွေးနေကြပြီး ထိုထဲတွင် သူ့မိသားစုလည်း အပါအဝင်ပင်။
အဖေရီက သူ အိမ်သို့ပြန်ရောက်လာသည်ကို မြင်သည်နှင့် သူ့ကို ထပ်ဆူပြန်ပါတော့သည်!
“မင်းသိပြီလား အဲ့ဒါ ဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာ? မင်းသွားပြီးရင် ပြန်လာလို့တောင်ရမှာမဟုတ်ဘူး၊ မင်း ပြန်လာနိုင်တယ်ဆိုတာ မဇူနတ်ဘုရားမ ကောင်းချီးပေးလို့ပဲ၊ နောက်တစ်ခါ မင်း ဒီလို အန္တရာယ်များတာ ထပ်လုပ်လို့ကတော့ ငါ မင်းရဲ့ခွေးခြေထောက်ကို ရိုက်ချိုးပစ်ပြီသာမှတ်! မင်း ပင်လယ်ထဲကျပြီးသေသွားမှာထက် အိမ်မှာ သုံးစားမရတဲ့ငပျင်းလိုပဲ ပေးနေခိုင်းလိုက်မယ်”
သူ အမှန်တကယ်တွင် ရှင်းပြချင်သော်လည်း စကားလုံးများကို ပြန်ပြီးမျိုချထားလိုက်ပြီး သူ့အဖေကို သူ့အား ဆူခွင့်ပေးထားလိုက်၏။ သူ့အဖေမှာလည်း သူ့အား သည်းသည်းနင့်နင့်ချစ်သည်ဖြစ်၍ သူ့အတွက် အလွန်စိုးရိမ်ပူပန်နေခြင်းပေ။
အမေရီကလည်း မျက်မှောင်ကြုတ်ရင်းဖြင့်
“နင်ကြားလား? ပင်လယ်က ဘယ်လောက်အန္တရာယ်များလဲဆိုတာ၊ မင်းက လူငယ်တစ်ယောက် လူကြီးတွေလို ပင်လယ်ထဲထွက်တဲ့ နေရာမှာ အတွေ့အကြုံသိပ်ရှိသေးတာမဟုတ်ဘူး၊ စကားကို နားထောင်သင့်တဲ့အချိန်မှာ ကောင်းကောင်းနားထောင်”
“အင်းပါ ကျွန်တော် တကယ်မှားသွားပါတယ်၊ ကျွန်တော် ဒီလိုမလုပ်ခဲ့သင့်ဘူး”
“တကယ်ပဲ လူကြီးတွေကို စိတ်မပူရအောင် လုပ်တယ်ဆိုတာ မရှိဘူး၊ ဒီကောင်ကို ဘယ်လိုမွေးထားမိမှန်းတောင် မသိဘူး....”
အဖေရီတစ်ယောက် အချိန်အတော်ကြာ ကြိမ်းမောင်းနေပြီး ရေဆာပြီး မောသွားသည့်တိုင် ရေသောက်နေသည့်အချိန်တွင်တောင် မရပ်သေးချေ။
ရီရောင့်သုန်း ဒါက သူ့အမှားမှန်းနားလည်သဖြင့် မြေလှောင်ကွန်လုပ်ရန်အတွက် ပစ္စည်းများ အမြန်ယူကာ ထောင့်တစ်နေရာတွင်ထိုင်ပြီး အေးအေးဆေးဆေး လိမ်လိမ်မာမာဖြင့် နေ,နေလိုက်သည်။
နောက်ဆုံးတွင် အဖေရီလည်း အဆူရပ်သွား၏။
သိပ်မကြာလိုက်ခင် ဘေးသုန်ချောင်ရွာမှ ထိုလှေ ပြန်မရောက်လာဘူးဆိုသည့်သတင်းက ရွာထဲတွင် ပြန့်လာပြီး သူတို့ လုံးဝပြန်မလာနိုင်တော့သည်မှာက သေချာသလောက်ပင်။ ထိုလှေအား သားအဖနှစ်ယောက် မောင်းသွားခြင်းဖြစ်သည်။ သူကြားရသည်မှာ သူတို့မိသားစုဝင်များက ယခု ငိုကြွေးပူဆွေးနေကြသည်တဲ့လေ။
ရွာသားများ၏နှလုံးသားမှာ အလွန်လေးလံနေကြ၏။ သူတို့က နှစ်များစွာအကြာ သိကျွမ်းလာသူများဖြစ်ရာ အားလုံးမှာ သူတို့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်ရသည်ပင်။ လူတိုင်းက ပင်လယ်ပြင်တွင် အတူတူအလုပ်,လုပ်နေကြသူများဖြစ်ရာ ရုတ်တရက်ကြီး လူလေးယောက်က ပျောက်ကွယ်သွားခဲ့ရသည်။
ညဘက်တွင် သူတို့သူငယ်ချင်းများ အတူသောက်သည့်အချိန်၌ သူတို့လည်း အနှီကိစ္စအား ပြောဖြစ်ကြသည့်အခါ သောက်နေရသည့်အရက်မှာလည်း အရသာမရှိတော့သလို မြည်းနေရသည့် ပင်လယ်စာကလည်း မကောင်းတော့သလို ခံစားရသည်။
“တိုင်ဖွန်းက ပြီးကာစပဲရှိသေးတယ်ဆိုတာကို ဘာလို့မတွေးမိကြတာလဲကွာ? တစ်ရက်နှစ်ရက်လေးတောင် မစောင့်နိုင်တော့ဘူးလား? ဒီလိုဖြစ်နေရင် အသက်ဆုံးရှုံးရမယ်ဆိုတာ သိရက်သားနဲ့”
“နောက်ဆုံးစိစစ်ချက်ကတော့ ပိုက်ဆံက လူတွေရဲ့နှလုံးသားကို ဖြားယောင်းသွားတာ”
“ပြောကာမှပဲ အားဝေရဲ့ယောက်ဖလေ ဟိုငါးသူခိုး၊ သူ့ကို အိတ်စွပ်ပြီး ငါတို့ရဲ့ဒေါသတွေကိုပေါက်ထွက်ဖို့ သွားပြီးသမရအောင်”
အားကွမ် သူ့ရဲ့ယောင်ကိုင်းနေသည့်ပါးကို ကိုင်ကာ စိတ်မချမ်းမသာဖြစ်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ သူ့ခမျာ အနှီမျက်နှာကြီးဖြင့် ရက်အတော်ကြာ အပြင်မထွက်ရဲခဲ့ပေ။
သူ့မျက်နှာကို မြင်ပြီး သူ ရန်ပြန်ဖြစ်လာသည်လို့ လူတွေ ထင်မည်စိုးလို့ပင်။ ယခုအခါမှ နည်းနည်းလေးကောင်းလာသည့်သူ့ရဲ့ဂုဏ်သတင်းအား တစ်ဖန်ထပ်၍ အပွန်းပဲ့ခံလို့ မဖြစ်ပါချေ။
အကယ်၍ အနာဂတ် ယောက္ခမလောင်းနှင့် ယောက္ခထီးလောင်း၏နားထဲ ရောက်သွားခဲ့လျှင် အခြေအနေတွေ ဆိုးကုန်လိမ့်မည်ပင်။ သူ မိန်းမတစ်ယောက်တော့ လိုချင်သေးသည်လေ။
“အင်း ငါလည်း ထပ်မသောက်နိုင်တော့ဘူးဆိုတော့ တို့တွေ အခုသွားကြမလား? မှောင်လည်းမှောင်နေတာဆိုတော့”
“သွားကြတာပေါ့ သွားကြမယ် မင်း အများကြီးခံလာရမှဖြင့် သူတို့ သေချာပေါက် ပြန်ပေးဆပ်ရမှာပဲ!”
လေးယောက်သားက အိတ်တစ်လုံးယူပြီး အားဝေ၏ယောက္ခမအိမ်ဘက် စိတ်လှုပ်ရှားစွာ ထွက်လာခဲ့လိုက်သည်။ သူတို့အဖွဲ့ ဒီလိုမလုပ်ဖြစ်သည်မှာ ကြာသွားလို့လားပဲ မသိ အားလုံးမှာ အနည်းငယ်လေး စိတ်လှုပ်ရှားနေကြ၏။
ချောင်မှာကွယ်ပြီး ခြင်စာကျွေးနေရလည်း ကိစ္စမရှိဘူး၊ ဒီကောင်နဲ့တွေ့ကြသေးတာပဲလို့ စဉ်းစားရင်း ထိုင်စောင့်ရုံပဲ!
ရလဒ်အနေဖြင့် သူတို့ နာရီဝက်နီးပါးစောင့်ပြီး စိတ်မရှည်တော့လုနီးပါးဖြစ်လာချိန်တွင်မှ ထိုကောင်လေးက အိတ်ကပ်ထဲကနေပြီး တစ်ဝက်တောင်မကျန်တော့သည့် ဆေးလိပ်ဖင်ကို ထုတ်ကာ ခိုးကြောင်ခိုးဝှက်နှင့် မီးခြစ်ဆံကိုခြစ်ပြီး လမ်းလျှောက်ရင်း သောက်ကာ မိမိုက်ချင်ယောင်ဆောင်နေ၏။
ထိုပုံစံကို ကြည့်ပြီး လေးယောက်သားမှာ အတော်လေး လက်ယားနေကြပြီဖြစ်သည်။ ဒီကောင် ရိုက်ခံရမှာနဲ့ တန်တယ်!
သူက အတန်ကြာသည်အထိ သောက်မပြီးသေးပြီး အိတ်ကပ်ထဲမှ နောက်ထပ်စီးကရက်တစ်ပိုင်းကို ထပ်ထုတ်ကာ မီးခြစ်ဆံကို ထပ်ခြစ်နေသည်အား ကြည့်ပြီး လေးယောက်သားက တိတ်တိတ်လေးခိုးထွက်လာလိုက်ကြသည်။
မည်သို့ဆိုစေ သင်းက လူငယ်တစ်ယောက်ဖြစ်နေပြီ အခုမှဆေးလိပ်စသောက်မဲ့ အရွယ်မရောက်သေးတဲ့ကလေးလည်း မဟုတ်တော့ဘူး မိတ်ဆွေစီးကရက်တစ်ထုပ်ကဖြင့် ငါးဆင့်လောက်ပဲရှိတာကို ဒါတောင် မင်းက မဝယ်နိုင်ဘူးပေါ့? သူများပစ်ထုတ်ထားတဲ့ စီးကရက်ဖင်တွေကိုများ သောက်နေရသေးတယ်...
မီးခြစ်ဆံကို အလကား ဖြုန်းတီးနေတာ!
အားလုံး သူ့ကို ရှုတ်ချလိုက်ကြသည်။ ချောင်မှထွက်လာပြီးနောက်တွင် ရီရောင့်သုန်းက အိတ်ကိုယူပြီး အတုံ့အဆိုင်းမရှိ ခေါင်းမှစွပ်ချလိုက်သည်။
သူ့ပုံစံက ကောင်းကောင်းသမပေးမှရမယ့်ပုံ ဒါကို မသမပေးရင် နှမြောစရာပဲ!
နောက်သုံးယောက်ကလည်း အမြန်လိုက်လာပြီး ထိုးနှက်ကန်ကျောက်၏။
အဝေးမှအသံကို ကြားသည့်အခါမှပင် သူတို့တွေ အမြန်ရပ်လိုက်ကြသည်။
စိတ်လိုလက်ရဒေါသများ ပေါက်ကွဲပြီးနောက်တွင် အားကွမ်တစ်ယောက် ပျော်ရွှင်နေ၏။ နောက်ဆုံးတွင် သူ သင်းအိမ်မှာ ဆူဆဲခံထိပြီး တံမြက်စည်းနှင့် မောင်းထုတ်ခံထိလာတာ အလကားမဖြစ်တော့ဘူးပင်။
ရီရောင့်သုန်း သူ့လက်သီးကိုပွတ်ပြီး
“လူမရိုက်ရတာ တော်တော်ကြာသွားလို့လားမသိဘူး တစ်မျိုးကြီးပဲ”
“မင်းသားနှစ်ကောင်ကို အလှည့်ကျရိုက်လိုက်လေ မကောင်းဘူးလား တစ်ယောက်က 135၊ နောက်တစ်ယောက်က 246!”
“ချီး!”
“မင်း သားတွေမဟုတ်တော့ မင်းက ပြောရဲတာပေါ့! မင်းပါးစပ်ဖွင့်ပြီး ဒီကိုလာစမ်း!”
“မဟုတ်လို့လား? ငါတို့ထဲက ဘယ်သူကများ ငယ်ငယ်တုန်းက မရိုက်ခံထိဖူးတာရှိလို့လဲ? ငါ ငယ်ငယ်တုန်းကဆို ငါ့အဖေ ငါ့ကို မိုးရွာတိုင်းရိုက်တာ”
“ချီး! ဟားဟားဟား တကယ်ကြီးလား....”
