Chapter 58

1.5K 155 0
                                    

အပိုင်း (58)


လင်းရှို့ချင်း တစ်ယောက် သူ(မ)မျက်နှာကို လက်ဖြင့်အုပ်ပြီး  သူ့ကို တွန်းထုတ်လေတော့သည်။ သည်အရှက်မရှိ ယောကျာ်းကတော့လေ ခဏလေးတောင် ကောင်းကောင်း မနေနိုင်ဘူး...။

သို့ရာတွင် ရီရောင့်သုန်းက သူ(မ) လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်ပြီး မျက်မှောင်ကြုတ်ကာ ...

"မင်း လက်ကိုရော ထိခိုက်ခဲ့တာလား"

သူ(မ)က လက်ကိုပြန်ဆွဲထုတ်ပြီး ...

"အမ်း၊ ကြီးကြီးမားမား ဒဏ်ရာ မဟုတ်ဘူး။ ‌ခြစ်ရာသေးသေးလေးပဲ"

"အိမ် ပြန်ရောက်ရင် အနာကို ဆေးကြောအုံး၊ လိုက်ရှာမနေနဲ့တော့။ ပင်လယ်ရေနဲ့ ထိမိရင် ပိုဆိုးသွားလိုက်မယ်"

"ရပါတယ်ဆို၊ ကျွန်မ မနာပါဘူး၊ စောလည်းစောသေးတယ် ဒီရေကလည်း ကျနေတုန်း၊ ကောက်စရာတွေ ရှိနေအုံးမှာ၊ ကျွန်မ ပင်လယ်ရေကို မထိဘူးလေ။ တစ်ခုခု တွေ့ရင် ရှင့်ကို ခေါ်လိုက်မယ်၊ အရင်ကလည်း အဲ့အတိုင်းပဲ လုပ်တာမလား"

"ခေါင်းမမာစမ်းပါနဲ့....."

"အို့၊ ဘာမှမဖြစ်ပါဘူးဆို။ ချော်လဲတာလေးကို...ဆက်ပြီး ရှာကြစို"

သူ(မ)က အေးအေးဆေးဆေး ပြောပြီး စိတ်ပါဝင်စားစွာ ဆက်ရှာလေသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ(မ)က ရပ်တန့်လိုက်ပြီး

"အဲ့ကျောက်တုံးကို ဖယ်ကြည့်ကြည့်လိုက်၊ ကျွန်မ ကဏန်းပြာ ခြေထောက်ကို တွေ့လိုက်တယ်၊ သစ်ခွကဏန်း ထင်တယ်"

သူ(မ)က တက်ကြွနေပြီး ရီရောင့်သုန်းလည်း ဘာမျှမတတ်နိုင်တော့ကာ သူ(မ)နောက်သို့သာ လိုက်ပေးရလေသည်။

နှစ်ယောက်သားက ကျောက်ဆောင်နေရာ တစ်ဝိုက် ဆက်ရှာ‌ကြ‌၏။ သူတို့ပြန်လှည့်ခါနီးတွင် မိုးစက်ပေါက်ကြီးများက ကျလာသော်လည်း ချက်ချင်း ပြန်တိတ်သွားပြန်၏။ သူတို့ နှစ်ယောက် ဆက်ပြီး အရှာတော်ပုံ ဖွင့်ကြလေသည်။

နောက်နှစ်နာရီကျော် ကြာပြီးနောက်တွင် ရီရောင့်သုန်းက နောက်ဆုံးတော့ ...

"တော်လောက်ပြီ။ နေ့လယ်လည်း ရောက်နေပြီဆိုတော့ ပြန်ကြရအောင်"

"နည်းနည်းလောက် ဆက်ရှာကြရအောင်လေ"

ရီရောင့်သုန်းက သဲ့သဲ့လေး ရယ်လိုက်ပြီး ...

"ဘာဖြစ်လို့လဲ။ ပင်လယ်မှာ ကျွင်းတူးရတာ စွဲသွား‌ပြီလား"

"အင်း၊ နည်းနည်းပေါ့၊ ဒီနေ့ ပင်လယ်တူးရတာ အရမ်းလွယ်တာပဲလို့ ခံစားရလို့၊ တစ်မနက်ခင်းတည်းနဲ့တင် ဒီလောက် အများကြီး ကောက်ပြီးသွားပြီ၊ နှစ်သစ်ရဲ့ ပထမရက်နဲ့ ဆယ်ငါးရက်နေ့ ဒီရေမြင့်တဲ့အချိန်တွေဆို ကျွန်မတို့ ဘာမှ သိပ်ရှာလို့မရဘူးလေ"

"တကယ်တော့ အဲ့ရက်တွေမှာက ရတနာတွေ ပိုပေါတာကွ၊ ဒါပေမဲ့ ငါတို့ရွာက ရွာသားတွေ ခဏခဏပတ်ရှာနေကြတာနဲ့ ပင်လယ်စာတွေ နည်းသွားတဲ့ပုံပဲ၊ ဘာပဲဖြစ်ဖြစ် လူသူမဲ့ ကျွန်းတွေ အများကြီးရှိသေးတာပဲ၊ တော်လောက်ပြီ၊ သွားကြရအောင်၊ အိမ်ပြန်ဖို့ အချိန်ရောက်ပြီ။ ငါဗိုက်က တဂွီဂွီ အော်နေပြီဟ၊ ကောင်းကင်လည်း တိမ်တွေ ပြန်ထူလာပြီ"

"ပြီးတာပဲ၊ မနက်ဖြန် ဒီရေကျတဲ့ အချိန်ကို စောင့်ပြီး ပြန်လာကြရအောင်နော်"

"ဟားဟား၊ မင်းတော့ တော်တော်စွဲသွားပြီပဲ"

သူက ရယ်ပြီး ခေါင်းကို ခါကာ ...

"မနက်ဖြန် ရာသီဥတုက ငါတို့ ကမ်းရိုးတန်းဘက်ကို ဘယ်လို သက်ရောက်လဲ အရင်ကြည့်ကြတာ‌ပေါ့၊ တိုင်ဖွန်မုန်တိုင်းက အားကောင်းနေတယ်ဆိုရင်တော့ ဒီရေက ကျအုံးမှာ မဟုတ်ဘူး၊ ဒီရေလှိုင်းတွေ ဖြစ်နေမှာ သေချာသလောက်ပဲ၊ ပြီးတော့ မိုးသည်းဖို့လည်း များတယ်"

"ရှင် ပြောတာ မှန်တယ်၊ ဒါဆိုလည်း မေ့လိုက်ပါတော့၊ ဒီရေကျပြီး မိုးတိတ်တော့မှပဲ ပြန်လာကြမယ်"

"အမ်း"

သည်မနက်တွင် သူတို့ တော်တော်များများ ရိတ်သိမ်းနိုင်ခဲ့သည်။ အရွယ်အစား အမျိုးမျိုး ရှိသည့် ကဏန်းပြာ ရှစ်ကောင်နှင့် ကျောက်ကဏန်းများပင် ဖမ်းနိုင်ခဲ့သည်။ ထို့အပြင် အတော်လေးမာကျောပြီး ဈေးကောင်းရနိုင်သည့် သစ်ခွကဏန်းပြာသုံးကောင်ကိုပါ တွေ့ရှိခဲ့၏။ ပင်လယ်ပုပ် ဆယ်ကောင်ကျော်နှင့် မိုရေးငါး တစ်ကောင်၊ ရွှေငါးမုတ်များနှင့်အတူ ငါး၊ ပုစွန်ဆိတ်များလည်း စုဆောင်းနိုင်ခဲ့သည်။ သို့ရာတွင် အများဆုံးမိခဲ့သည့်အကောင်များကာ ခုံးများ......

သူတို့ အိတ်ကိုသာ သွန်ချကြည့်လိုက်လျှင် ပုံးအကြီးကြီး တစ်ပုံး အပြည့်ဖြည့်နိုင်မည်ဆိုတာ သေချာသည်။

ဟုတ်ပါ၏၊ အထူး စပယ်ရှယ် အကောင်းဆုံး တစ်ခုမှာ လှပသည့် Meile ပုတီးစေ့ ဖြစ်သည်၊ သို့သော် လောလောဆယ်၌ သိုသိုဝှက်ဝှက် သိမ်းဆည်းထားရမည် ဖြစ်၏။ သို့ရာတွင် ပုံးထဲရှိ ပင်လယ်ကကတစ် ငါးကြီးမှာလည်း အတော်လေး အံ့မခန်းဖွယ်ရာပင်။

ရောင့်သုန်းက လက်တစ်ဖက်တွင် ပုံးကို သယ်ပြီး တစ်ခြား လက်တစ်ဖက်ဖြင့် အိတ်ကို ကိုင်ထားစဉ် လင်းရှို့ချင်းက ပျော်ရွှင်မှုများဖြင့် သူ့အနောက်ကလိုက်လေသည်။ နှစ်ယောက်သားမှာ ဖျတ်လပ်စွာဖြင့် အိမ်သို့ပြန်ကြလေသည်။

သူတို့ကို အံ့ဩသွားစေသည်က သူတို့ အလုပ်ပြီးစီးလို့ အိမ်ပြန်တော့မည့်အချိန်တွင် မိုးက သည်းထန်စွာ ရွာချလေခြင်းပင်။ သူတို့မှာလည်း မိုသည်းသည်းဖြင့် အိမ် အမြန်ပြန်ရုံမှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သူတို့ အိမ်ပြန်ရောက်ချိန်တွင် နှစ်ယောက်သားမှာ ရေစိုနေသည့် ကြက်ပေါက်လေးများလိုရွှဲရွှဲစိုနေကြ၏။ သို့ရာတွင် နှစ်ယောက်သားက ရေချိုးအဝတ်အစား လဲဖို့ပင် အချိန် မရှိကြချေ။ ပြန်ရောက်ရောက်ချင်း သူတို့က ပုံကြီး တစ်ပုံးကို ယူပြီး အိတ်ထဲ ပါလာသမျှ အကောင် အကုန်သွန်ချလိုက်သည်။

လင်မယား နှစ်ယောက် ရေနစ်သွားသည့် ကြက်ပေါက်လေးများလို စိုရွှဲနေကြသည်ကို ကြည့်ပြီး အမေ ရီမှာ မနေသာတော့ဘဲ သတိပေး စကား အနည်းငယ် ပြောလာ၏။

"မင်းတို့နှစ်ယောက် ဘယ်တွေ လျှောက်သွားနေကြတာလဲကွယ်၊ တိုင်ဖွန်ရက်ကြီး လိုက်လျှောက်သွား....."

ခယ်မ အကြီးဆုံးက အာမေဍ္ဍိတ်သံဖြင့် ...

"အား၊ နင်တို့‌တွေ ပင်လယ်တူး ထွက်ကြတာလား။ တိုင်ဖွန်တိုက်နေတာတောင် သွားရဲကြတယ်နော်၊ နင်တို့တွေ သတ္တိ ရှိလိုက်ကြတာ"

ဒုတိယခယ်မကလည်း သူ(မ) လုပ်နေသည့်အရာကို ချလိုက်ပြီး ...

"အတော်လေးများတာပဲ....အာ  ကဏန်းပြာတွေလည်း အများကြီပဲရော..."

အိမ်ထဲရှိ ကလေး တစ်အုပ်ကြီးလည်း စုပြုံရောက်လာကြ၏။ လင်မယား နှစ်ယောက်၏ အကြီးဆုံးသားဖြစ်သူ ရီချန်ဟူက ဘေးတစ်ဖက်ကနေ အော်ဟစ်ရင်းဖြင့် ...

"အဖေတို့၊ အမေတို့ကျ ကမ်းခြေမှာ သွားကစားကြပြီး သားတို့ကိုကျ မခေါ်သွားဘူး"

"ကောင်စုတ်လေး၊ လှိုင်းနဲ့ ပါသွားတာ ခံချင်လို့လား၊ ဟမ်။ အဲ့ဒါကြောင့် မင်းတို့ သွားလို့ မရတာပေါ့"

"အားလုံးကျသွ ားလို့ရပြီးတော့ သားကျ ဘာလို့ မရလဲ၊ ဟွန့်"

"ဘာလို့လဲဆိုတော့ ပင်လယ် မကောင်းဆိုးဝါးကြီးက အထူးသဖြင့် ကောင်လေးငယ်ငယ်၊ ကောင်မလေး‌ ငယ်ငယ်လေးတွေကိုပဲ ပစ်မှတ်ထားလို့လေ၊ မင်းက မကြောက်ဘူးလား"

"မကြောက်ပါဘူး"

"ဒီအကောင်စုတ်လေးကတော့"

သူ့သားအား ရယ်ရယ်မောမောဖြင့် စနောက်ပြီးနောက် ရီရောင့်သုန်း တစ်ယောက် သူ့ကို အာရုံစိုက်မနေတော့ချေ။ သူက သူ့အမေဘက်သို့ လှည့်ကာ ...

"အဖေရော၊ ကျွန်တော်တို့ ဂျပန် ပင်လယ် ကကတစ်ကြီး တစ်ကောင် ဖမ်းမိလာတယ်၊ သူ့ကို တစ်ချက်လောက် ဘယ်လောက်တန်လဲ၊ ကြည့်ခိုင်းမလို့"

"အာ ..."

ထိုအခါမှပင် အမေရီတစ်ယောက် သူ(မ) ခြေထောက်အောက်မှ ပုံးကို သတိထားမိလိုက်ပြီး တကယ်ပင် Grouper ကြီး တစ်ကောင် ရှိနေ၏။ သို့ရာတွင် သူ(မ)လည်း အမျိုးအစားကိုတော့ မမှတ်မိချေ။

ငါးများနှင့် ပင်လယ်စာများနှင့် ပတ်သက်လာလျှင် များသောအားဖြင့် မိသားစုရှိ ယောကျာ်းများက ပို၍ နားလည်ပြီး ဗဟုသုတကြွယ်ကြလေသည်။

"သူက အိမ်ထဲမှာ လှဲနေလေရဲ့၊ အမေ သွားခေါ်ပေးမယ်"

အကြီးဆုံး ခယ်မနှင့် ဒုတိယ ခယ်မတို့က ပစ္စည်းများ ခွဲရာတွင် စပြီး ကူညီပေးနေကြပြီ ဖြစ်သည်။ သူတို့က အားကျမှုများဖြင့် ...

"နင်တို့ အများကြီး ကောက်နိုင်ခဲ့တာပဲ၊ တိုင်ဖွန်ရက်ကြီး ဒီလောက် အများကြီး ရှာတွေ့မယ်လို့ ထင်တောင် မထင်ထားဘူး"

"ဟုတ်တယ်။ တစ်ချို့ကဏန်းပြာတွေဆို အတော်ကြီးပြီး မာတောင့်နေရော၊ ဒါတွေ ရောင်းရုံနဲ့တင် ယွမ် တော်တော်ရနေပြီ"

"အဲ့ Grouper ကြီးလည်း တော်တော် ဈေးကြီးလောက်မှာ"

"အခုနက နင် လောကြီးသုတ်ပြာနဲ့ပြန်လာပြီး ပုံးယူပြီး ပြန်ပြေးထွက်သွားတာ တွေ့လိုက်တယ်၊ ငါ နင့်ကို လှမ်းမေးတာ နင် ပြန်မဖြေဘူးလေ၊ အဲ့တော့ ပုံးနဲ့ ဒီအကောင်ကြီးကို ထည့်ဖမ်းမလို့ပေါ့၊ နင်က တကယ် စိတ်ပုပ်တာပဲ၊ ငါတို့ကိုတောင် မခေါ်ဘူး....."

လင်းရှို့ချင်း တစ်ယောက် ဒုတိယ ခယ်မ၏ ပြောစကားတွင် အနည်းငယ်လေး အရှက်ရသွား၏။ သူ(မ) တမင် လုပ်တာမှ မဟုတ်တာ၊ လောလောနဲ့ဆိုတော့ ပုံးကို ကောက်ဆွဲပြီး ပြန်ပြေးသွားရတာလေ...။

"ကျွန်မလည်း ငါး သေသွားမှာစိုးပြီး အလျင်လိုနေလို့ပါ၊ အများကြီး မတွေးမိလိုက်ဘူး"

လင်းရှို့ချင်းက လက်ဆော့နေသည့် လက်သေးသေးလေးများကို ရိုက်ရင်းဖြင့် ရှင်းပြလိုက်၏။

"မဆိုးရဘူးလေ၊ မဟုတ်ရင် ကဏန်းညှပ်ခံထိမှာနော်၊ အဲ့တော့မှ မငိုနဲ့"

ရုတ်တရက် ပုံးထဲရှိ မိုရေးငါးကြီးက အမြီးကို ခါပြီး ပုံးကို ဝင်တိုက်လိုက်ရာ ကလေးများကို ထိတ်လန့်သွားစေပြီး အနောက် အမြန်ဆုတ်သွားစေ၏။

"အား၊ အဲ့ငါးကြီးက အရမ်း ကြမ်းတာပဲ"

ရီရောင့်သုန်းက လက်ကို ဝှေ့ယမ်းကာ သူတို့ကို အမြန်မောင်းထုတ်လိုက်၏။

"သွား သွား သွား၊ မင်းတို့ အားလုံး ဟိုဖက်မှာ သွားဆော့ကြ၊ လူကြီးတွေ အလုပ်လုပ်နေတာ လာမရှုပ်နဲ့"

"ဟီး ဟီး ဟီး~"

ကလေးစုတ်လေးများက ပြောင်ချော်ချော်မျက်နှာများ လုပ်ပြပြီး မိုးစဲသွားသည်ကို အခွင့်ကောင်း ယူကာ အပြင်ဘက်သို့ ပြေးထွက်ကစားကြလေသည်။

အမေ ရီ သွားခေါ်လာခဲ့သည့် အဖေ ရီတောင် ပုံးထဲရှိ Grouper ငါးကြီးကို မြင်ပြီး အံ့အားသင့်သွားရကာ ပါးစပ်တောင် ပွင့်လျက်သား ဖြစ်သွား၏။

"မင်း ဘယ်ကနေ ရှာတွေ့လာတာလဲ။ တို့ရဲ့ဒီနားတစ်ဝိုက်မှာ ဒီလို Grouper တွေ ရှိလို့လား"

ကြည့်ရတာတော့ သူတို့ရဲ့တတိယသားက ခုနောက်ပိုင်း ကံဇာတာတွေ တက်နေပုံပဲ..

သူက ဤကဲ့သို့သော ရှားပါး ငါးကြီးကို ရှာတွေ့နိုင်ခဲ့သည်လေ။ ကျား Grouper ထက်တောင် ပိုပြီးအဖိုးတန်သေးသည်။ ကျား Grouper မှာ သာမန် Grouper အမျိုးအစား ဖြစ်၏။

"တုန်ချောင်းရွာနဲ့ နီးတဲ့ ကျောက်ဆောင်တွေဘက်က ရှာတွေ့လာတာ၊ ကျွန်တော်က လှိုင်းဘယ်လောက်ထိ ကြီးလဲ သွားကြည့်တာနဲ့ ဒီရေကျနေတာ သတိထားမိသွားလို့၊ ကမ်းခြေက လှိုင်းတွေက တစ်ဖြည်းဖြည်း ကြီး,ကြီးလာတာလေ။ ဒီအကောင်ကြီး သောင်လာတင်နေတာ အဲ့ဒါကြောင့်ပဲ နေမှာ"

"ဟုတ်လောက်တယ်"

ဤပင်လယ် ကကတစ်များက ပင်လယ်အော် ဒေသပိုင်းတွင် အများအားဖြင့် နေထိုင်ကြသည်။ ပင်လယ်အော်ရှိ ကျွန်းများနှင့် သူတို့၏ တည်နေရာ အနီးအဝေးကို တွေးဆကြည့်လျှင် ငါးများ လှိုင်းလုံးများကြောင့် မျောပါလာသည်က ဖြစ်ကောင်းဖြစ်နိုင်၏။

"ဒီတစ်ကောင်က ကျား grouper ထက် ပိုပြီး တန်ဖိုးကြီးတယ်၊ ဈေး အတိအကျ ပြောရမယ်ဆိုရင်တော့ အားချိုင်ကိုပဲ မေးကြည့်ရမှာ"

မြေပြင်ထက်ရှိ ပုံးအကြီးကြီးကို လှမ်းကြည့်ရင်း အဖေ ရီက ပြောလာခဲ့သည်။

"ဒါတွေကို ခွဲခြမ်းစိတ်ဖြာပြီး ပိုက်ဆံနဲ့ ရောင်းလို့ရတာ မှန်သမျှ ရွေးထုတ်ရအောင်၊ ငါတို့ အားချိုင်ရဲ့နေရာကို တစ်ခါတည်း ယူသွားကြမယ်၊ အများကြီးမတန်တဲ့ အကောင်တွေကိုတော့ အိမ်စားဖို့အတွက်ပဲ သိမ်းထားကြမယ်"

"အားချိုင် တစ်ယောက် တိုက်ဖွန်ရက်ရော ပစ္စည်း‌တွေ လက်ခံရဲ့လား မသိဘူး"

"သူ လက်ခံလိမ့်မယ်၊ သူ့ နေရာမှာ အောက်ဆီဂျင်ပေးတဲ့ စနစ် ရှိပြီးသား အဲ့ဒါကြောင့် ဒီကောင်တွေ သေမှာ မဟုတ်ဘူး၊ တိုင်ဖွန် ပြီးတာနဲ့ ဘာအနာအဆာမှ မရှိဘဲ သူ ထုတ်ရောင်းလို့ရတယ်"

"အမ်း"

တိုင်ဖွန် မုန်တိုင်းကြောင့် ဖြတ်သွားဖြတ်လာ ယာဉ်များ မရှိသဖြင့် သွားလာရေး အဆင်မပြေသည့်အချက်ကြောင့်သာ မဟုတ်လျှင်၊ အိမ်မှာပဲ သူတို့ကို အောက်ဆီဂျင် ပေးနိုင်တဲ့ နည်းလမ်းသာရှိလျှင် ပေးထားလိုက်ပြီး ပုံးကို သူကိုယ်တိုင် ဆွဲကာ မြို့ပေါ်ရှိ ဟိုတယ်များတွင် သွားရောင်းကြည့်မည်ဖြစ်သည်။ သူတို့သာ ဝယ်လျှင် တစ်ခြားသူများ၏ အမြတ်ကြီးစား ခေါင်းပုံဖြတ်ခြင်းမှ ကင်းဝေးသွားလိမ့်မည်ပင်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now