Chapter 66

1.7K 153 0
                                    

အပိုင်း (66)


ရီရောင့်သုန်း တစ်ယောက် အိမ်သို့ ပြန်ရောက်သည်နှင့် ရေ အမြန် ဝင်ချိုးလိုက်ပြီး သူ့ကလေး နှစ်ယောက်ကို ဆုံးမရန် အခန်းထဲပြန်ဝင်လာ၏။

"အကြီးကောင်၊ မင်း ရေ ဘယ်လိုကူးရမလဲဆိုတာ မသိဘူမလား။ သင်ချင်လား"

"သင်ချင်တယ် ဖေဖေ၊ အားဟိုက်တောင် ရေကူးတတ်တာမလို့ သားလည်း သင်ချင်တယ်"

နောက်ကလေး ရီချန်ယန်ကလည်း အိပ်ရာပေါ် ထခုန်ပြီး အော်ဟစ်ရင်းဖြင့် ;

"သားရော၊ သားရော"

"မင်း ရိုက်ခံထိချင်နေတာလား။ အိပ်ရာပေါ် တက်ခုန်နေတာ ရပ်တန်းက ရပ်။ မဟုတ်လို့ကတော့ ငါ မင်းကို သင်ခန်းစာ ပေးပစ်မယ်"

ရီရောင့်သုန်းက ကောင်ငယ်လေးကို စွေကြည့်လိုက်ပြီး သူ့သား အကြီးကောင်ဆီ ပြန်လှည့်ကာ ;

"အခုနက ကလေး တစ်ယောက် ရေနစ်တာ မြင်တော့ လန့်သွားလား"

ရီချန်ဟူ လည်ပင်းလေး ကျုံ့ပြီး ယခုလေးတွင် ကမ်းခြေ၌ ဖြစ်ပွားခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်မိ၏။ သူက တုံ့ဆိုင်း တုံ့ဆိုင်းနှင့် ;

"ဖေဖေ တကယ်လို့ သား ရေကူး သင်ပြီးသွားရင် ရေမနစ်နိုင်တော့ဘူးပေါ့နော်"

"မင်းကို ဘယ်သူမှ မရှာနိုင်တဲ့ ပင်လယ်နက်ထဲ ပြုတ်ကျသွားပြီး မင်းကလည်း အရမ်း ပင်ပန်းနေပြီး ကူဖို့မျောနေတဲ့ အထောက်အပံ့ ပစ္စည်းကလည်း မရှိရင်က လွဲပြီး ကျန်တဲ့ အခြေအနေတွေမှာဆိုရင်တော့ မင်း နစ်မှာ မဟုတ်ဘူး"

"သား ကြောက်တယ်..."

"ဘာကြောက်စရာရှိလဲ။ မင်း ယောကျာ်းပဲဟာကို၊ ငါ မင်းကို သင်ပေးမှဖြင့် ဘာမှဖြစ်မှာ မဟုတ်ဘူး"

ရီရောင့်သုန်းမှာ သူ့က‌လေးတွေ စကား နားမထောင်ပြီး ကမ်းခြေမှာ သူတို့ဘာသာ သွားသင်ယူရနေကြမည်ကိုလည်း ကြောက်နေရ၏။ ယခင်ဘဝတုန်းက ကလေး နှစ်ယောက်စလုံးက သူတို့ကို မည်သူကမှ မသင်ပေးဘဲ ရေကူးနည်းကို သိခဲ့ကြသော်လည်း၊ ဒီတစ်ခါတော့ ပြောင်းလဲသွားနိုင်မလားဆိုတာ ဘယ်သူက သိမှာလဲ။ မည်သို့ဆိုစေ ဒီနေ့တော့ ထိုကလေးကို သူ ကယ်တင်လိုက်နိုင်ခဲ့ပြီ။

သူကိုယ်တိုင် သင်ပေးလိုက်သည်က ပိုပြီး စိတ်ချရမည်။

"ဟုတ်တယ်၊ မင်းအဖေ မင်းကို ရေကူးသင်ပေးပါစေ၊ မင်းရဲ့ဝမ်းကွဲတွေလို ကမ်းခြေကိုသွားပြီး ကိုယ့်ဘာသာကိုယ် သွားမသင်ရဘူးနော်"

လင်းရှို့ချင်းကလည်း သူတို့ အနားမှာ နေပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လာ၏။ ယခုလေးတွင် ကမ်းခြေ၌ ရေနစ်သွားသည့် ကလေးက သူ(မ)ကလေး‌ ဖြစ်လိမ့်မည်ဟု‌ တွေးရင်း သူ(မ)အား ခေါင်းနပန်း ကြီးသွားစေ၏။ ပင်လယ်တွင် နေထိုင်သူများအနေဖြင့် ရေ မည်သို့ ကူးရမလဲကို သိကို သိသင့်သည်။

"မင်းတို့ ရေကူးတတ်တဲ့အထိ ဘယ်သူမှ ကမ်းခြေကို လူကြီးမပါဘဲနဲ့ မသွားရဘူး၊ အေး၊ သွားတယ်လို့ ငါ ပြန်သိလို့ကတော့ ခြေထောက် ရိုက်ချိုးခံရပြီသာ မှတ်"

ရီချန်ဟူမှာ လည်ပင်းလေး ကျုံ့ပြီး တုံချိချိဖြင့် ;

"သိပါပြီ ဖေဖေ"

"မနက်ဖြန် ငါးဖမ်းထွက်စရာ မရှိရင် မင်းကို ရေဘယ်လို ကူးရမလဲဆိုတာ ခေါ်သင်ပေးမယ်၊ ဟုတ်ပြီ အခု သွားဆော့လို့ရပြီ"

လွတ်မြောက်သွားပြီဟု ခံစားလိုက်ရကာ ရီချန်ဟူတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်မှ ခုန်ဆင်းသွားပြီး၊ ရီချန်ယန်ကလည်း သူ့အစ်ကိုအတိုင်း လိုက်လုပ်သဖြင့် လင်းရှို့ချင်းမှာ လန့်ဖြန့်သွားရ၏။ သူ(မ)က သူ့ကို အမြန်ဖမ်းလိုက်ပြီး ...

"ငတုံးလေး၊ မင်း အစ်ကို လုပ်သလို ဘာလို့ လိုက်လုပ်နေတာလဲ ဟမ်။ မင်းက အဲ့လိုတောင် ခုန်နိုင်လို့လား။ ရီချန်ဟူ လာခဲ့စမ်း ဒီကို၊ အစ်ကိုကြီး တစ်ယောက်အနေနဲ့ မင်းက ဥပမာကောင်း တစ်ခု အဖြစ် နေပြရ....."

သူ့ အမေ ဆူတော့မည်ကို သိလိုက်ပြီး အရူးကသာ ထိုင်နားထောင်နေလိမ့်မည် ဖြစ်ကာ၊ ရီချန်ဟူ တစ်ယောက် နောက်တောင် လှည့်မကြည့်ဘဲ ပြေးထွက်သွားကာ နောက်တွင် သူ့ကို စောင့်အုံးဆိုပြီး အော်ဟစ်ငိုယိုနေသည့် ရီချန်ယန်ကို ချန်ပစ်ခဲ့လေသည်။

လင်းရှို့ချင်း တစ်ယောက် ဒေါသထွက်သွားပြီး အငယ်ဆုံးသားကို မလွှတ်ပေးခင် နာနာလေး ရိုက်ပေးလိုက်၏။

ကောင်လေးများက သန်မာလှပြီး ငိုယိုသောင်းကျန်းခြင်း မရှိ၊ ငယ်ရွယ်သေးသော်လည်း ကောင်ကလေးက လွှတ်ပေးလိုက်သည်နှင့် အမြန်ပြေးထွက်သွားတော့သည်။

ထိုအခါမှ သူ(မ)က ရီရောင့်သုန်းဘက်သို့ လှည့်ပြီး;

"ရှင် အခုလေးတင် ကမ်းခြေမှာ လုပ်လာတဲ့ဟာ ကျွန်မကို သင်ပေး"

"မင်းက သင်ချင်တယ်ပေါ့"

"လိုရမယ်ရပေါ့ ရှင်၊ ကမ်းခြေမှာ အခြေချနေရတာဆိုတော့ ဘယ်အချိန် လိုအပ်လာမလဲဆိုတာ မသိနိုင်ဘူးလေ"

"ဟုတ်ပြီ၊ လှဲချလိုက် ငါ မင်းကို လက်တွေ့ပြပေးမယ်"

"အမ်း"

အစကတော့ ရီရောင့်သုန်းက သူ(မ)ကို ရှေးဦးသူနာပြုနည်းလုပ်ပုံ၊ ဖိချရာတွင် လက်ကို မည်သည့် နေရာတွင် ထားရမည့်အကြောင်း စိတ်ရှည်လက်ရှည်နှင့် ရှင်းပြပေးပြီး သူ(မ)ကလည်း အာရုံစိုက်နားထောင်နေ၏။ သို့သော် သိပ်မကြာလိုက်ခင် အားလုံးက လမ်းလွဲသွာတော့သည်။

"ရှင့် လက်တွေကို ဘယ်မှာ လာထားနေတာလဲ"

"ငါ မင်းကို သင်ပေးနေတာ မဟုတ်ဘူးလား"

"ဖယ်ပေးတော့၊ ဒါက ရှင်သင်နေတဲ့ပုံပေါ့လေ။ မှန်တဲ့ အနေအထားရော ဟုတ်လို့လား။ ရှင်က သက်သက်မဲ့ လိုက်ပွတ်...."

လင်းရှို့ချင်းက တစ်စုံတစ်ယောက် ကြားသွားမည်စိုး၍ အသံတိုးတိုးဖြင့် ပြောတော့သည်။

"မလှုပ်နဲ့။ CPR ဆိုတာက အနည်းဆုံး နာရီဝက်လောက် လုပ်ပေးရတာ၊ အသက်ရှင်မဲ့ အရိပ်ယောင်မပြမချင်း လက်လျှော့လိုက်လို့ မရဘူး...."

"မေ့လိုက်တော့၊ ဖယ်ပေးတော့ ရှင်၊ ကျွန်မ အမေ့ကို ဝိုင်းချက်ပြုတ်ပေး...."

သူ(မ)က လက်တွေ့တွင် သူ့အောက်၌ ပိနေသော်လည်း သူကမူ ပေါက်ကရ စကားများကို မျက်နှာထားတည်တည်ဖြင့် ပြောနိုင်သည်အထိ ရဲတင်း‌လေ၏။

"အကြီးဆုံး အစ်မနဲ့ ဒုတိယ အစ်မ ရှိတယ်လေ"

"သူတို့က ဆိပ်ခံမှာ ကုန်တွေသွားရောင်း...."

"ငါ မင်းကို ဒီနေ့ ယွမ် လေးဆယ်တောင် ရှာလာပေးခဲ့တာလေ၊ ငါ့ကို နည်းနည်းပါးပါး သိတတ်မှုလေး ပြပေးသင့်တယ် မထင်ဘူးလား"

သူ့ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဖိချပြီး လင်းရှို့ချင်းတစ်ယောက် သူ့ကို စိန်းစိန်းကြီး စိုက်ကြည့်ကာ ...

"ရှာတွေ့တဲ့သူက ကျွန်မ မဟုတ်လို့လား"

"ဒါပေမဲ့ ငါလည်း ကြိုးစားထားရတာပဲလေ။ ကဏန်းပြာ နှစ်ကောင်လည်း ဖမ်းမိတယ်၊ ပင်လယ် ကကတစ်ကြီးလည်း ဖမ်းမိထားတာလေ"

တကယ် စိတ်တိုဖို့ကောင်းတယ်။

ရီရောင့်သုန်းက သူ(မ)ကို ညစ်ကျယ်ကျယ်အပြုံးဖြင့် ကြည့်ရင်း၊ လင်းရှို့ချင်း၏ မျက်လုံးများက ပြူးကျယ်လာတော့၏။ ထို့နောက် သူက သူ့ခေါင်းကို လှည့်လိုက်ပြီး မျက်နှာနားကပ်ကာ သူ(မ)အား ;

"လာပါ၊ မြန်မြန် ကျေးဇူးသိတတ်မှုလေး ပြပေးပါဦးဆို၊ ပြီးတာနဲ့ မင်းကို ဟင်းပေးချက်ပါ့မယ်၊ မဟုတ်လို့ကတော့ ငါတို့ သားနှစ်ယောက် ဝင်လာလို့မြင်သွားရင် သူတို့တွေ ပေါက်ကရတွေ ပြောနေဦးမှာနော်"

သူ့မိန်းမပဲဟာကို၊ သူ(မ)ကို နည်းနည်းပါးပါးကျီစယ်ရတာ ပျော်စရာ မကောင်းဘူးလား။ သူ(မ)၏ တက်ကြွပြီး အတွေးများ မျက်နှာပေါ်တွင် အတိုင်းသား ပေါ်နေပုံလေးကို ကြည့်ပြီး သူလည်း အတော်လေး ကြည်နူးနေမိ၏။

ဒါပေမဲ့ လင်းရှို့ချင်းက သူ့ အကြံအတိုင်း ဘယ်နေပါ့မလဲ။

သူ(မ)က သူ့မျက်နှာကို လက်ဖဝါးဖြင့် တွန်းထုတ်လိုက်ပြီး ခေါင်းအုံးဘက်သို့ အတင်း တွန်းချကာ သူ့ကို ကားယားခွထိုင်လိုက်၏။

သူက ညည်းလိုက်ပြီး သူ(မ)၏ ခါးသွယ်သွယ်လေးကို မလွတ်ပေးစတမ်း ဖမ်းဆွဲကာ တီးတိုးစွာဖြင့် ...

"အဲ့တော့ မင်းက ဒီလိုပုံစံမျိုးကို သဘောကျတာပေါ့ ဟမ်"

လင်းရှို့ချင်း၏ ပါးများမှာ ချက်ချင်းဆိုသလို နီရဲလာတော့သည်။ သူ(မ)က ကျစ်သပ်ပြီး အိပ်ရာပေါ်မှ အမြန် ပြေးဆင်းကာ ဆံပင်ကို လက်ချောင်းများဖြင့် ဖီးလိုက်ပြီး ပြေးထွက်သွား၏။

ထိုစဉ် ရီရောင့်သုန်းက အေးအေးဆေးဆေး ခြေထောက်ကိုမြှောက်ပြီး လက်ကို ခေါင်းနောက်ထားကာ သီချင်းလေး တညည်းညည်း လုပ်နေ၏။ သူသာ မလွှတ်ပေးချင်ရင် သူ(မ) လွတ်သွားမှာတဲ့လား။

အဖေ ရီက ရွက်လွှင့်ရန် အကာအကွယ် ဆိပ်ကမ်းဆီးသွားရာ သူတို့ သည်နေ့ည ပင်လယ်ထွက်ဖြစ်မလားဆိုတာ သူလည်း မသေချာ‌ချေ။ ရီရောင့်သုန်းတစ်ယောက် တစ်ရေးတစ်မော အနားယူရန် စီစဉ်လိုက်သည်။

သို့သော် သူ အိပ်ပျော်သွားရုံကာရှိသေး၊ သူ့မိန်းမက သူ့ကို လာနှိုးလေ၏။

"ရှင့်သူငယ်ချင်းတွေ ရောက်နေတယ်"

ရီရောင့်သုန်းက အိပ်မှုန်စုံမွှား မျက်လုံးများကို ပွတ်ကာ၊ ငြီးတွားလာတော့သည်။

"ဘယ်လိုတောင် မင်း ငါ့ကို လာပြီး နှိုးရက်ရတာလဲကွာ၊ အရင်ကဆို ငါ အိမ်မှာ မရှိ‌ဘူးလို့ပဲ မင်း ပြောနေကျမလား"

လင်းရှို့ချင်းက ဒေါသထွက်ထွက်ဖြင့် ;

"ဒါဆိုလည်း ရှင် အိမ်မှာ မရှိဘူးလို့ သူ့တို့တွေကို တည့်တည့် သွားပြောလိုက်မယ်"

သည်ရက် အတောအတွင်း သူ့ သူငယ်ချင်းများက အလုပ်များကို အသုံးကျကျ လုပ်နေကြပြီး၊ ရံဖန်ရံခါ သူတို့ အိမ်ဝိုင်းကို ကူညီရန် လာတတ်သည်ကြောင့်သာ မဟုတ်လျှင် ရောင့်သုန်းကို သူ(မ) လာခေါ်နှိုးနေမည်တောင် မဟုတ်ချေ။ သူတို့ကို တစ်ခါတည်း ရောင့်သုန်း အိမ်မှာ မရှိဘူးလို့ပဲပြောလိုက်မှာ။

ရီရောင့်သုန်းက သူ(မ)ကို ဆွဲကာ ...

"မပြောပါနဲ့တော့ ငါ နိုးနေပါပြီကွာ၊ ငါ သွားလိုက်မယ် သူတို့မှာ ငါ့အတွက် ပိုက်ဆံရမဲ့ အခွင့်အရေးလေး ဘာလေး ရှိချင်ရှိနေမှာ"

"မေ့လိုက်တော့၊ ရှင်တို့တွေ ဆုံလိုက်တိုင်း ကတ်ကစားရင် ကစား မဟုတ်ရင် စားလိုက်သောက်လိုက်နဲ့လေ၊ ဘယ်မှာ ပိုက်ဆံရမဲ့ အခွင့်အရေးလဲ"

"မရှိဘူးလို့ ဘယ်သူပြောလဲ။ အရင်ရက်က မင်းကို ငါ ယွမ် လေးရာ နီးပါး ရှားပေးခဲ့တာလေ၊ ဒီတစ်ခါလည်း ကောင်းတာ ရှိချင်ရှိမှာပေါ့လို့"

"အဲ့ဒါက ကံကောင်းလို့ ငါးဖမ်းနေရင်နဲ့ ဖမ်းမိသွားတာလေ"

"ဟုတ်ပါပြီကွာ။ ဘာပဲဖြစ်ဖြစ် ငါ ပိုက်ဆံရှာနိုင်ခဲ့တာပဲ မဟုတ်လား"

လင်းရှို့ချင်း သူနှင့် စကားများ မနေတော့ချေ။ ထမင်းစားချိန်ရောက်ရန် သိပ်မလို့တော့ပြီး သူ့အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံ တစ်ပြားမှ ရှိမနေချေ။

"ညစာ စားဖို့ စောစောပြန်လာခဲ့"

"အမ်း"

သူက ခါးပတ်ပတ်လိုက်ပြီး အမြန်ပြေးထွက်လိုက်သည်။ အနောက်တွင် သူ့အမေက တကျည်ကျည်ပြောနေတော့သည်။

"၄ နာရီတောင် ထိုးနေပြီ၊ နားနားနေနေမနေဘဲနဲ့ ခဏနေပဲ ညစာ စားချိန်ရောက်တော့မှာကို လိုက်လျှောက်သွားနေ..."

အဝင်ဝတွင် အားကွမ်နှင့် အခြားသူများက ကို့ရို့ကားယားနှင့် ထိုင်သူကထိုင် မတ်တပ်ရပ်သူက ရပ်ဖြင့် စောင့်နေကြ၏။

"ဘာကိစ္စလဲ။ ငါ အိပ်နေတာကိုကွာ"

အားကွမ်က မေးကို ပွတ်သပ်ပြီး ရောင့်သုန်းကို တစ်ပတ်,ပတ်ကြည့်ကာ သူ့ကို အနည်းငယ် ကြောင်အမ်းသွားစေ၏။

"ဘာလုပ်နေတာလဲ မင်း"

"ငါတို့ ကြားတာ နေ့လည်က မင်း ရွာလူကြီး ချန်ရဲ့မြေးကို ကယ်တင်ပြီး ကြီးမားတဲ့ အစွမ်းတွေကို ထုတ်ပြလိုက်တယ်ဆို၊ အဲ့ဒါနဲ့ ငါတို့ကလည်း ငါတို့ရဲ့လေးစားသမှုကို လာပြရတာပေါ့"

"အလကားတော့ မရဘူးကွ၊ တစ်ခါကြည့် နှစ်ဆင့်"

"ဟ၊ မင်းကိုယ်မင်း မင်းသားများ မှတ်နေလား"

အသေးလေးကလည်း ရယ်ရင်းဖြင့် ;

"သွားစို့ လေးနာရီတောင် ထိုးနေပြီ အချိန်ဖြုန်းမနေကြနဲ့တော့"

ရောင့်သုန်း တစ်ယောက် တွေတွေဝေဝေဖြင့် ပါသွားရ၏။

"ငါတို့ ဘယ်သွားမလဲဆိုတာ ငါ့ကို ခုထိ မပြောရသေးဘူးလေ"

"ငါးရှဉ့်ဝါတွေ သွားဖမ်းမလို့လေ၊ လိုက်ချင်လား"

"ရူးနေလားဟ။ ပြီးခဲ့တဲ့ တိုင်ဖွန်ရက်ကပဲ မိုးတွေ ဒီလောက်ရွာထားတာ၊ လယ်ကွင်းတွေနဲ့ ရေမြောင်းတွေထဲမှာ ရေတွေ လျှံနေတဲ့ဟာကို မင်းတို့ အပေါက်တောင် မြင်ရမှာ မဟုတ်ဘူး"

အဲ့ကို သွားပြီး အချိန်ဖြုန်းတာနဲ့ မတူဘူးလား။ အိမ်မှာ နေပြီး အိပ်တာကမှ ပိုကောင်းအုံးမယ်၊ သည်အရူးတစ်သိုက်ကတော့။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now