Chapter 62

1.7K 157 0
                                    

အပိုင်း (62)


ပူပူလောင်လောင် နေ့လယ်ခင်း နေရောင်အောက်တွင် လွန်ခဲ့သည့်နှစ်ညက တိုင်ဖွန်မုန်တိုင်းက အိပ်မက်လိုပင် ခံစားရစေ၏။ ရီရောင့်သုန်းတစ်ယောက် အိမ်မှ ကမ်းခြေဆီသို့ လမ်းလျှောက်ရင်း ချွေးများဖြင့် စိုရွှဲနေ၏။

တွေးကြည့်လိုက်လျှင် တိုင်ဖွန်ရက်များက အမှန်တကယ်ကို အေးလှ၏။ အိမ်တွင် ယိုစိမ့်ပေါက်များသာမရှိလျှင် ပိုတောင်ကောင်းအုံးမည်။

ပြင်းပျပျနေရောင်က သူ့အား မျက်လုံးများ ဖွင့်မရအောင်ပင် ပြုလုပ်နေပြီး ;

"အား~ ကမ်းခြေမှာ လူတွေ အများကြီးပါလား"

"တိုင်ဖွန်းကလည်း ပြီးသွားပြီ၊ ဒီရေကလည် ကျနေပြီဆိုတော့ ကံစမ်းရမဲ့အချိန်မှန်း လူတိုင်း သိတယ်လေ၊ ပြီးတော့ မင်း တိုင်ဖွန်ရက်ကြီး ပင်လယ် ကကတစ်ကြီး ဖမ်းမိလာတယ်ဆိုတဲ့သတင်းကလည်း တစ်ရွာလုံး ပြန့်နေပြီ၊ အဲ့တော့ လူတွေ ဒီမှာရှိနေတာ မဆန်းပါဘူးကွာ"

အဖေရီက မျက်မှောင်ကြုတ်ရင်းဖြင့် ပြောလာ၏။

"ငါတို့ရော ဆင်းသွားသင့်လား"

"ရောက်နေပြီဆိုမှတော့ ဆင်းပြီး ကြည့်ကြတာပေါ့"

ကမ်းခြေပေါ်တွင် အများစုက မိန်းမကြီးများနှင့် ပုံးလေးများ ကိုင်ထားကြသည့် ကလေးများအပြင် ပျင်းရိနေကြသည့် လူငယ်များပင် ရှိနေ၏။ သူတို့သိသည့် တစ်စုံတစ်ယောက်နှင့် ဆုံသည့်အချိန်တိုင်းတွင်လည်း အပြန်အလှန်နှုတ်ဆက်ဖြစ်ကြ၏။

"စားပြီးသွားပြီလား"

"မင်းတို့ရော ရောက်လာကြတာလား"

"ဘာတွေ ကောက်လာခဲ့လဲ"

ဟမ်.....ပုံမှန် လောကွတ်စကားလေးတွေပါပဲ.....

မရပ်မနားနှင့် ရီရောင့်သုန်းက လင်းရှို့ချင်းအား လူအုပ်ကြားထဲမှ ဆွဲခေါ်ကာ လွန်ခဲ့သည့် နှစ်ရက်က သူတို့ အချီကြီး ရလာခဲ့သည့် ကျောင်ဆောင်နေရာဘက်ကို ဦးတည်လိုက်သည်။ တစ်ခြားသူတွေကတော့ ကမ်းခြေမှာပဲ ခုံးတွေ၊ ပုစွန်တွေနဲ့ ငါးတွေပဲ ကောက်လေ့ပါစေ....။

"မေမေ၊ ဖေဖေ၊ မပြေးပါနဲ့ဆို...သားတို့ကို စောင့်ဦးလို့...."

ရီရောင့်သုန်း : ဒီအရူးလေးတွေကတော့။

လှည့်တောင်မကြည့်နေဘဲ ရီရောင့်သုန်းတစ်ယောက် အရှေ့သို့သာ ဆက်သွားလေသည်။ သည်ကောင်လေးတွေကို သူက ဘာလို့ စောင့်နေရမှာလဲ။

ဒီရေက ကျရုံသာ ကျသွားခြင်းဖြစ်ပြီး ကျောက်ဆောင်များ အောက်ထိတော့ မကျသေးချေ။ လမ်းတစ်ဝက်လောက် ပြေးပြီးနောက်တွင် ဒီရေနောက်ကိုသာ လိုက်ပြီး ဖြည်းဖြည်းလျှောက်ရလေတော့သည်။

ရီရောင့်သုန်းတစ်ယောက် ရှေ့ရှိလှိုင်းလုံးကြီးများဖြင့် လိမ့်လာနေသည့် ပင်လယ် ကကတစ်ကြီး တစ်ကောင်ကို မြင်လိုက်ရသည်။ သူက လင်းရှို့ချင်း၏ လက်ကို အမြန်လွှတ်လိုက်ပြီး မိုးကာဖိနပ်ကို ချွတ်ကာ ပုံး တစ်ပုံးကို ဆွဲပြီး ပင်လယ်ထဲသို့ တည့်တည့်ပြေးဆင်းသွားလေသည်။

လင်းရှို့ချင်းက ဘာမှမမြင်လိုက်သဖြင့် သူ ဘာကြောင့် ပင်လယ်ထဲ အပြေးဆင်းသွားလဲဆိုတာ သိချင်နေမိသည်။ သူ(မ)က အော်ဟစ်ရင်းဖြင့် ...

"ရှင် ဘာလုပ်နေတာလဲ။ လှိုင်းတွေက ခဏနေ ပြန်တက်လာတော့မှာ"

"မင်း အဲ့မှာပဲ စောင့်နေ၊ မလှုပ်နဲ့"

ရီရောင့်သုန်းက ရေခါးအနက်ထိ ရောက်သည့်အချိန် ရပ်တန့်လိုက်ပြီး အစောပိုင်းက သူတွေ့ခဲ့သည့် ပင်လယ် ကကတစ်ကြီးကို လိုက်ရှာလိုက်သည်။ လှိုင်းလုံးများက ထိုနေရာတွင် ဆက်တိုက်လှိမ့်နေပြီး၊ သူ့ကိုပင် မျောပါသွားလုနီးနီး။

လှိုင်းလုံးကြီး တစ်လုံး လှိမ့်တော့မည့်အချိန် ပင်လယ် ကကတစ်ကြီးက တစ်ဖန် ပြန်ပေါ်လာကာ သူ့ညာဘက်ရှိ တစ်မီတာ အကွာလောက်တွင် ဖြစ်၏။ ရီရောင့်သုန်းက ရှေ့သို့ အမြန်ရွေ့သွားလိုက်ပြီး ပုံးဖြင့် ခပ်ထုတ်ရန် ချိန်ရွယ်လိုက်သည်။ ကံမကောင်းစွာဖြင့် ငါးက အလွန်ကြီးနေသည့်အပြင် ရေကလည်း အလွန်များနေ၏။ သူ ခပ်ထုတ်လိုက်သည်နှင့် သူက ခုန်ထွက်သွားပြန်သည်။

ပုံးကို ကိုင်ရင်း ၎င်းနောက်ကို ချက်ချင်းလိုက်,လိုက်သည်။ ပင်လယ်ရေ ပြန်ကျသည်နှင့် ငါးက သူ့အလိုလို ပုံးထဲ တန်းဝင်သွားတော့သည်။

ရောင့်သုန်း တစ်ယောက် ရေတစ်ဝက် ပြည့်နေသည့်ပုံးကို ပုခုံးပေါ်ထမ်းပြီး ကမ်းစပ်ဆီ အမြန်ပြန်သွားလိုက်သည်။ လှိုင်း တစ်လုံးပြီး တစ်လုံး သူ့ကို ရိုက်ခတ်လာပြီး ခေါင်းအစ ခြေအဆုံး သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားကာ သူ့အား အတော်လေး သက်တောင့်သက်သာရှိပြီး လန်းဆန်းသွားစေ၏။

လင်းရှို့ချင်းက သူ့အနားသို့ ပြေးလာပြီး ;

"ဘာလို့ ပင်လယ်နောက် လိုက်သွားရတာလဲရှင်။ အရမ်း အန္တရာယ်များတဲ့ဟာကို....."

"အဆင်ပြေပါတယ်ဟ၊ ငါ ရေကူးတတ်တာပဲကို၊ စိတ်ပူစရာ မလိုဘူး၊ ပြီးတော့ ငါလည်း အဝေးကြီးသွားတာမှမဟုတ်တာ၊ ရေက ငါ့ ရင်ဘက်လောက်ပဲရှိတာမလို့ နစ်သွားမှာ မပူနဲ့"

သူက သူ(မ)ကို အားပေးလိုက်ပြီး သူ(မ) ကြည့်ရန် ပုံးကို ကမ်းပေးလိုက်ကာ ;

"ကြည့်ကြည့်၊ ပင်လယ် ကကတစ်ကြီး တစ်ကောင် လေး၊ ငါးကျင်းလောက်တော့ ရှိတယ်၊ ယွမ် အတော်ရမှာ"

"အမ်း၊ ဂရုသာစိုက်ပါရှင်"

အိုး၊ ဟိုမှာ ခရုကြီး တစ်လုံး~"

ဒီရေစီးကြောင်းက သူတို့ ခြေရင်းဆီ ခရု တစ်ကောင် ယူဆောင်လာပေး၏။ လင်းရှို့ချင်းက ပျော်ရွှင်စွာဖြင့် ကုန်းကောက်လိုက်ပြီး ...

"မရှာဘဲနဲ့တောင် ခရု တစ်ကောင် တွေ့လိမ့်မယ်လို့ မထင်ထားဘူး၊ အထဲမှာ အသားရှိတယ် ရှင့်။ ဒါ ခရုဖင်ချွန်များလား"

"အမ်း"

"ရှင် ဒီဟာကို ခွဲပြီး ကြည့်ကြည့်ချင်လား"

ရီရောင့်သုန်း တစ်ယောက် အူလှိုက်သည်းလှိုက် အော်ရယ်ပြီး ...

"အထဲမှာ နောက်ထပ် ရတနာ ရှိဦးမယ်လို့ တွေးနေတာလား မင်း"

လင်းရှို့ချင်းက သဘောမကျစွာဖြင့် စိုက်ကြည့်ကာ ;

"ဒါလည်း အကြီးကြီးပဲဟာကို"

"ဒီလို ခရုတွေမှာကျ ဘာမှမရှိဘူးကွ၊ သွားရောင်းဖို့ပဲ ထားထားလိုက်"

"မရှိဘူး ဆိုတော့လည်း မရှိဘူးပေါ့"

သူ(မ)ကလည်း စိတ်ပျက်သွားခြင်းမျိုး မရှိချေ။ ပုတီးစေ့ ရလိုက်တာနှင့်တင် သူ(မ)တို့ အတော် ကံကောင်းနေပြီဖြစ်ရာ ပင်လယ်ခရုကြီးတစ်ကောင် အလကား ကောက်ရရုံနှင့်တင် တော်လှပြီလေ။

လင်မယား နှစ်ယောက် ဒီရေအတိုင်း လျှောက်လာကြသော်လည်း ပင်လယ်စာ များများစားစား မတွေ့ချေ။ သို့ရာတွင် ခုံးကောင်တစ်ပုံးစာ စုဆောင်းနိုင်ခဲ့၏။

ရီရောင့်သုန်းက သူ့ အိတ်ကပ်ထဲမှ အိတ်ကို ပုံမှန်အတိုင်း ခါထုတ်လိုက်ပြီး ...

"အထဲထဲ လောင်းချလိုက်"

လင်းရှို့ချင်းတစ်ယောက် မရယ်မိဘဲ မနေနိုင်တော့ကာ

"ရှင်တစ်ယောက်ဟာလေ အိတ် တစ်လုံးကို သွားလေရာ သယ်သွားတာပဲလား"

"ဒါတွေကို ကြိုသိနေလို့လေ၊ အိတ်ကိုပါ တစ်ခါတည်းယူလာခဲ့တာ၊ မဟုတ်ရင် ကောက်ထားတာတွေ အိမ်ကို ဘယ်လိုပြန်သယ်မလဲ"

အမှန်အတိုင်းဆိုရလျှင် လွန်ခဲ့သည့် ရက်အနည်းငယ်က လူသူမဲ့ကျွန်းပေါ် ခရီးတစ်ထောက်ထွက်ခဲ့စဉ်က သင်ခန်းစာတစ်ခု ရခဲ့သည်လို့ ပြောရမည်။ လိုအပ်သည် ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ သူ အပြင်သို့ ထွက်သရွေ့ အိတ်ကပ်ထဲ ဂုံနီအိတ်တစ်လုံ အမြဲဆောင်သွားဖြစ်သည်။

"ကမ်းခြေမှာ လူတွေ အများကြီးနဲ့ဆိုတော့ ပုံး နှစ်ပုံးဆို လောက်,လောက်ပြီ ထင်တယ်"

"မလောက်ပါဘူး၊ ငါက ဒီပုံးကို ပင်လယ် ကကတစ်နဲ့ ဖြည့်ထားတယ်၊ မင်းက အဲ့ပုံးကို ခုံးတွေကောက်ထည့်ထားတယ်၊ လမ်းမှာ တစ်ခြား ပင်လယ်စာတွေ တွေ့ရင် ကဲ ပြော၊ မင်းဘာနဲ့သယ်မလဲ အဲ့ဒါတွေကို"

"ဟုတ်ပါတယ် ရှင်၊ ရှင်ကသာ ပင်လယ်ဘက်နဲ့ပတ်သက်ရင် ကျွမ်းကျင်ပညာရှင်ကြီး၊ ရှင် ပြောတာ မှန်တယ်"

နှစ်ယောက်သားက ဒီရေအနောက် လိုက်ကြပြီး တွေ့သမျှ အကုန် ခွဲခြားမနေဘဲ ကောက်ထည့်လာခဲ့ကြသည်။ ကျောက်ဆောင်နေရာဘက် ဒီရေ ကျတော့မည့်အချိန်မှပင် ရီရောင့်သုန်း တစ်ယောက် သူ၏ အစ်ကိုလတ်နှင့် ခယ်မတို့လည်း သူတို့နောက် လိုက်လာနေသည်ကို သတိထားမိလိုက်သည်။

"မင်းတို့ ဘာတွေ ကောက်ထားကြတာလဲ။ အိတ်ပါယူလာတယ်"

ဒုတိယ ခယ်မက သူတို့ပုံးနှင့် အိတ်ကို လှမ်းကြည့်ရန် စိတ်ဝင်တစားဖြင့် လည်ကိုဆန့်ကာ ...

"အိုး၊ ပင်လယ် ကကတစ်ကြီးပါလား"

အိတ်ထဲမှ ခုံးများကာ အထူးအဆန်း မဟုတ်၊ ကမ်းခြေ တစ်ခုလုံး သူတို့နှင့်အပြည့်ပင်။ သူတို့လည်း တစ်ပုံးစာ နီးပါး ကောက်နိုင်ခဲ့ပြီး အခြားသူများသည်လည်း အတော်လေး ကောက်ခဲ့ကြသည်။

လင်းရှို့ချင်းက ပြုံးပြီး ;

"အခုလေးတင်လေ ဒီရေ အများကြီး မကျသေးတဲ့ဟာကို ရောင့်သုန်းက ပင်လယ် ကကတစ်ကို မြင်တယ်ဆိုပြီး ပင်လယ်ထဲ ပြေးဆင်းသွားတာ"

"ဟီးဟီး၊ ရောင့်သုန်းက ခုနောက်ပိုင်း တော်တော်လုံ့လဝီရီယရှိလာတာပဲ၊ ကြည့်ရတာ လေလွင့်နေတဲ့သားကတော့ ပြုပြင်ပြောင်းလဲနေပြီပဲ"

ရောင့်သုန်း တစ်ယောက် သူ(မ)ကို လျစ်လျူရှုကာ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ပြီး ဘေးဘက်ရှိ ကျောက်ဆောင် ဧရိယာဆီသို့ လျှောက်သွားလိုက်သည်။ သိပ်မဝေးလှသော‌ နေရာမှ သညါဘက်သို့ လာနေကြသည့် လူများ ရှိလာသဖြင့် သူ အမြန်လှည့်ပတ်ကြည့်ရန် လိုအပ်လာ၏။

လင်းရှို့ချင်းလည်း ခြောက်ခြောက်ကပ်ကပ် ရယ်လိုက်ပြီး သူနောက် အမြန်လိုက်လေသည်။

ရီရောင့်သုန်းက ခါးကုန်းကာ ကဏန်းပြာ နှစ်ကောင်ကို ဖမ်းကောက်လိုက်ချိန်တွင် သူတို့၏ မျက်လုံးများက ဝင်းလက်လာပြီး အမြန်ရောက်လာကြ၏။

"ရီရောင့်သုန်းက ခဏလေးနဲ့ ကဏန်းပြာ နှစ်ကောင်ကို မိသွားပြန်ပြီ၊ အားဟွာ၊ ကျွန်မတို့လည်း မြန်မြန် ရှာကြစို့"

ဒုတိယခယ်မက အားကျမှုများဖြင့် ပြောလိုက်၏။ သူ(မ)က သူဖမ်းလာသည့် ပင်လယ် ကကတစ်ကြီးနှင့် ကဏန်းပြာကြီးများကြောင့် အံ့အားသင့်နေရသည်။ သူတို့ကတော့ ခုထိ ဘာတန်ဖိုးရှိတာမှ ရှာမတွေ့သေးဘူး...။

ရီရောင့်ဟွာက ရယ်လိုက်ပြီး ဘေးတစ်ဝိုက်ကို စရှာလေတော့သည်။ သိပ်မကြာလိုက်ခင် သူလည်း ကဏန်းပြာ တစ်ကောင်ကို ဖမ်းမိလေ၏။ အစောပိုင်းက ရီရောင့်သုန်း ဖမ်းမိသည့် ကဏန်းလောက် မကြီးသော်လည်း ဒုတိယခယ်မ၏ မျက်နှာထက်တွင် အပြုံးကြီးကြီး တစ်ခု ရှိနေလေ၏။ ကောင်းတဲ့ဟာ ဖမ်းမိဖို့ကပဲ အဓိက...။

"အားသုန်းရေ၊ အားသုန်းရေ၊ မြန်မြန်လာပါအုံး...."

လင်းရှို့ချင်းက စိတ်လှုပ်ရှားမှုများဖြင့် ရုတ်တရက် အော်ဟစ်လာ၏။

"ဒါ ဘာငါးလဲမသိဘူး။ အရမ်းကြီးတာပဲ။ လှုပ်လည်း လှုပ်နေသေးတယ်"

စိတ်လှုပ်ရှားမှုနှင့် ၎င်း၏ အရွယ်အစားနှင့်ပတ်သက်၍ သူ(မ)၏ မှတ်ချက်ကို ကြားရသည့်အချိန်တွင် ရီရောင့်သုန်း တစ်ယောက် သူ ယခုလေးတင် ရှာတွေ့ထားသည့် ကျောက်ကဏန်းကို လျစ်လျူရှုကာ အလျင်အမြန် ပြေးသွားလိုက်၏။

"ဒါ..တူနာမြီးဝါများလား"

သူလည်း သိပ်သေချာလှချေ။ မည်သို့ဆိုစေ ပင်လယ်ကြီးက ကျယ်ပြောပြီး ငါးမျိုးစိတ် တစ်ကောင်ချင်းစီတိုင်းကို သူလည်း မသိနိုင်။ တစ်ချို့ငါးများက တစ်ကောင်နှင့် တစ်ကောင် အတော်လေးဆင်တူကြ၏။ သူ အရင်က မြင်ဖူးသည့် တူနာမြီးဝါငါးနှင့် ဆင်တူသည်လို့တော့ သူထင်သည်။

"ကျွန်မလည်း ဘယ်သိပါ့မလဲတော်၊ ရှင်က ကျွန်မကို ပြန်မေး‌နေမှဖြင့် ကျွန်မက ဘယ်သူ့သွားပြန်မေးရမလဲ"

၎င်း၏ ကိုယ်ထည်က ကျောဘက်တွင် သံလွင်ဆီရောင်မှ အပြာ-မီးခိုးရောင်ရှိပြီး ဝမ်းဗိုက်တွင် ငွေ-ဖြူရောင်မှ အညိုဖျော့ရောင်ဖြစ်ကာ ဘေးဘက်တွင် အဝါရောင် အစင်းကြောင်း ရှိ၏။ သေချာပေါက် တူနာမြီးဝါပဲနေမှာ။

ပင်လယ်အော်တဝိုက် ရေလက်ကြားများတွင် သည်ငါးများ ပိုမိုများပြားသော်လည်း သည်တစ်ကောင်မှာ အတော်လေးကြီး၏။

"ဒါ တူနာမြီးဝါပဲနေမှာ။ အားဟွာ ဒီကို လာပြီး တစ်ချက် လာကြည့်ပါအုံး"

ရီရောင့်ဟွာနှင့် တစ်ခြားသူများသည်လည်း လင်းရှို့ချင်း၏ အသံကို ကြားကြပြီး စပ်စုချင်လာကြသည်။ သူက လျှောက်လာပြီး တစ်ချက်ကြည့်ကာ မသေချာမရေရာမှုဖြင့် ...

"မြီးဝါနဲ့တော့ ခပ်ဆင်ဆင်ပဲ၊ ငါ အရင်က ယွီကျင်းမှာ ကုန်သွားချတုန်းက မြင်ဖူးသလိုပဲ"

"ဒီ...ဒီငါးက တစ်မီတာကျော်ရှည်မဲ့ပုံပဲ ဟုတ်တယ်မလား။ ကြည့်ရတာ ကျင်းရာကျော်လောက် ရှိမယ်"

ဒုတိယခယ်မက မလို၊ အားကျမှုများဖြင့် ပြောလာ၏။ ဘယ်လိုလုပ်ပြီး သူတို့ချည်းပဲ ကံကောင်းနေရတာလဲ။

"ဒီငါးက ပိုက်ဆံ အများကြီးနဲ့ ရောင်းရလောက်တယ်မလား"

ဒုတိယ ခယ်မ ရီက သူ(မ)စိတ်ထဲရှိနေသည့်ဟာကို ထုတ်မေးလိုက်သည်။

"ဈေးကို မတွက်သေးခင် အရင်ဖမ်းကြအုံး၊ ဒီနားကပင်လယ်အော် ရေပြင်ဘက်မှာ ဒီလို ငါးတွေ တပုံကြီးပဲလို့ ပြောသံကြားတယ် ပြီးတော့ ဂျပန်မှာဆို ဒီငါးတွေက ဆာရှီမိလုပ်တဲ့နေရာမှာ အရမ်းနာမည်ကြီးတာတဲ့နော်"

ဂျပန်နိုင်ငံတွင် သည်ငါးကာ ဆော်လမွန်ငါး နည်းတူ နာမည်ကြီးလေ၏။



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now