အပိုင်း (၁၉)
သတိပေးချက် - ကြက်သတ်ခြင်း
ရီရောင့်သုန်း ကြက်ကို ကိုင်လိုက်ပြီး စားပွဲတွင်ဝိုင်းဖွဲ့ကာထိုင်နေသည့် ငယ်သူငယ်ချင်းများကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများကိုကြည့်ရုံတင် ပျော်ရွှင်နေမှန်းသိနိုင်သည်။ ဘဝမှာငွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးကြီးဆုံးအရာကတော့ ပျော်ရွှင်နေဖို့ပင်မဟုတ်ပါလော။
တိတ်တဆိတ် စိတ်ဖြင့် လူများကိုရေတွက်နေမိသည် - သူအပါအဝင် အသေးလေး၊ အားကျန်း၊ ဖက်တီး၊ ဟောင်ဇီ၊ ချန်းဝေ နှင့် အားဂွမ်း တို့သည် ဆိပ်ခံတံတားတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော ဘိုင်ရှား ခုနစ်ယောက်လုံး အကုန်ရောက်ရှိနေသည်။
အသေးလေး၊ အားကျန်း၊ အားဂွမ်း တို့မှာ သူနှင့် အရင်းနှီးဆုံး ဖြစ်သည်။ သို့သော် နှစ်အနည်းငယ်အကြာတွင် သူတို့ သုံးယောက်လုံး ကိုယ်စီရွာမှထွက်ခွာသွားကြကာ သူတို့ အဖွဲ့တွင် လူအနည်းငယ်သာ ကျန်ခဲ့သည်။
သူက အားဂွမ်း၏ ညီမငယ်လေးအား ရေသွားယူခိုင်းထားပြီး ပန်းကန်လုံး တစ်လုံး ထုတ်ကာ ကြက်သွေးကို ယူရန် ပြင်သည်။
မီးဖိုချောင်သုံး ဓားကို အကြိမ်အနည်းငယ် သွေးပြီးနောက် ကြက်ခေါင်းကို သွက်သွက်လက်လက် ဆုပ်ကိုင်လိုက်ပြီး လည်ပင်းမှ အမွေးတစ်ချို့ကို အရင်နှုတ်လိုက်သည်။ ပြီးမှ ချွန်ထက်သော ဓားဖြင့် လည်ချောင်းကို အမြန်လှီးဖြတ်လိုက်ရာ သွေးများထွက်လာသည်။
ကြက်ဖသည် အပြင်းအထန် ရုန်းကန်နေသည်။ သွေးအနည်းငယ်မှာ ဘေးသို့ ပန်းထွက်ကုန်သော်လည်း အများစုမှာ ဇလုံထဲသို့ကျသည်။ ထို့နောက် ဆားတစ်ဇွန်းထည့်၊ မိနစ် ၂၀ ခန့်ထားပြီးနောက် သွေးခဲများရလာသည်။ ကြက်သားတုံးများနှင့် ရောချက်ပါက အရသာရှိတဲ့ ဟင်းတစ်မျိုးဖြစ်လာသည်။
တည်ထားသောရေနွေးအိုးသည် အဆင်သင့်မဖြစ်
သေးတာကြောင့် ကြက်ဖကို ဘေးသို့ ဖယ်ကာ ဖဲရိုက်နေသည်ကို သွား၍ ကြည့်နေလိုက်သည်။
"အိုး၊ ဟေ့ကောင်တို့၊ fifty k မကစားတော့ဘူးလား၊ ပိုင်ကျို ပြောင်းကစားနေကြတာလား"
[Fifty K သည် ဝမ်လင်၊ ကျူကျန်း ခေတ်တွင် စတင်ခဲ့သော ဖဲချပ်ဂိမ်းဖြစ်ပြီး တရုတ်နိုင်ငံတစ်ဝှမ်းတွင် ရေပန်းစားလာကာ အသုံးများသော ဖဲချပ်ဂိမ်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ၎င်း၏ ထူးခြားချက်မှာ ကတ်ငါးခု၊ ဆယ်ပြားနှင့် K သုံးကတ်ကို တစ်ပြိုင်နက်ပြသရန်ဖြစ်သည်။ "ဗုံးခွဲခြင်း" မရှိလျှင် (တူညီသောကဒ်လေးခုကိုတစ်ချိန်တည်းတွင်ထုတ်သည်) ဝတ်စုံတစ်ခုတွင် ကတ်သုံးကတ်ကို "True Fifty Kings" ဟုခေါ်သည်။ ကတ်သုံးကတ်သည် မတူညီပါက၊ အတုငါးဆယ်ကျပ်ဟု ခေါ်သည်။ နောက်ဆုံးတွင်၊ အောင်ပွဲအား ဆုံးဖြတ်ရန် တစ်ဦးချင်း (ပါတနာ) ရမှတ်ပေါ်တွင် မူတည်သည်။
Pai Gow (ပိုင်ကျို) သည် တရုတ်ရိုးရာ ဒိုမီနိုဂိမ်းတစ်ခုဖြစ်သည်။ ဂိမ်းသည် ရလဒ်ကို ဆုံးဖြတ်ရန် အရွယ်အစားကို နှိုင်းယှဉ်ရန် dominoes နှစ်ခု၏ မတူညီသော အမှတ်များ ပေါင်းစပ်မှုကို အခြေခံထားသည်။ Pai Gow သည် Song မင်းဆက်တွင် စတင်ခဲ့သည်ဟု ဆိုကြသည်။ The Deer နှင့် Ding Ji ဝတ္ထုတွင် ဆက်စပ်ဂိမ်းများလည်း ရှိသည်။ Pai Gow ဆိုသည်မှာ ကိုးအရေအတွက်ကို စီစဉ်ခြင်းဖြစ်သည်။ Pai Gow တွင် အကြီးဆုံးကတ်တစ်စုံသည် "Supreme Treasure (အမြင့်မြတ်ဆုံးရတနာ)" ဖြစ်သည်။]
"လူငါးယောက်နဲ့ fifty k မှ ကစားလို့မရတာ၊ ဒါကြောင့် ပိုင်ကျို ကစားနေကြတာ၊ မင်းကောပါအုံးမလား။ ဝိုင်းကစတော့မယ်။ မင်းလောင်းချင်ရင် နောက်တပွဲထိ စောင့်ရမယ်ကွ"
ခေါင်းယမ်းကာ ဝင်မကစားလိုကြောင်း ပြောလိုက်သည်။ သည်ဂိမ်းက ပုံမှန်ကတ်ဂိမ်းတွေနဲ့ မတူပဲ ဖြစ်နိုင်ရင် မပါဝင်တာက ပိုကောင်းမှန်း သူသိသည်။
အသေးလေးက ကတ်နှစ်ကတ်ကို ကိုင်ထားပြီး ပေါ့ပေါ့ပါးပါး စကားတွေ ပြောနေသည်။ ထို့နောက် ကတ်နှစ်ကတ်၏ ဘယ်ဘက်အပေါ်ထောင့်ကို သူ့လက်မဖြင့် ဖိချကာ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်...
ပြီးတော့ သူက စိတ်လှုပ်ရှားစွာနဲ့ "အသဲကဒ်.... အသဲကဒ်... ရပါစေ။ တခြားဟာ မရပါစေနဲ့...မရပါစေနဲ့... ငါဆီလာခဲ့..."
ရီရောင့်သုန်းလည်ပင်းကို ဆန့်တန်းလိုက်ပြီး အသေးလေးရဲ့ ကဒ်ကိုကြည့်မိသည်။ ပထမဆုံးကဒ်က ဘုရင်ဖြစ်ပြီး နည်းနည်းပိုဆွဲထုတ်လိုက်တဲ့အခါ အသဲကဒ်ရဲ့ အရိပ်အယောင်ကို မြင်လိုက်ရသည်။
"ဝိုး၊ တခြားဟာမရှိဘူး၊ ၂ ဒါမှမဟုတ် ၃ ပဲဖြစ်ရမယ်။ မင်းက အမြင့်မြတ်ဆုံးရဖို့ ရည်ရွယ်နေတာလား"
ပိုင်ဂိုးကစားနည်းတွင် ဘုရင်က ၆ ကိုကိုယ်စားပြုပြီး သုံးဂဏန်း အသဲကဒ်က ၃ ကို ကိုယ်စားပြုသည်။ ဤပေါင်းစပ်မှုသည် အမြင့်မြတ်ဆုံးဖြစ်သည့် မျောက်ဘုရင် အတွဲ ဖြစ်ခဲ့သည်။
အသေးလေးသည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ တခြားပုံစံကို မတွေ့ရသဖြင့် ဤကတ်သည် ၂ သို့မဟုတ် ၃ သာ ဖြစ်နိုင်သည်။
အနည်းငယ် ခွာထားသော ကတ်ပြားများကို ပြန်စုလိုက်ပြီး အခြားသူများအား "မင်းတို့ထဲက တစ်ယောက်ယောက် ၃ ကဒ်ရပြီးပြီလား" ဟု အော်ပြောသည်။
အခြားသူများကလည်း "အချိန် မဖြုန်းနဲ့၊ ငါတို့ကတ်တွေ အားလုံးကြည့်ပြီးပြီ။ မင်း ထုတ်ပြမှာကို ငါတို့ကစောင့်နေတာ။ မြန်မြန်လုပ်၊ အချိန်မဖြုန်းနဲ့ကွာ"
"ဟုတ်တယ်၊ မြန်မြန်လုပ်ကွာ။ အဲဒါ အမြင့်ဆုံးကဒ်လား"
"ငါတို့ မင်းကို ကူကြည့်ပေးရမလား..."
"မလိုဘူး ငါကိုယ်တိုင် ကြည့်မယ်" အသေးလေးက သူတို့ ဝင်ကြည့်မှာကို ရှောင်ရန် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။
"ဒါဆိုလည်း မြန်မြန်လုပ်၊ မင်းကြောင့် ကတ်တွေအကုန် ပျက်စီးတော့မယ်"
"ငါတို့က ယောက်ျားတွေလေ။ ဘာကြောင့် မြန်မြန်လုပ်ရမှာလဲကွ"
လက်သန်းကို ကဒ်ရဲ့ဘယ်ဘက်အစွန်းမှာကပ်ထားလိုက်သည်။ သည်ကဒ်က ၂ ဒါမှမဟုတ် ၃ ဖြစ်မယ်ဆိုတာ သိပြီးသားပင်။ ကဒ်ကို ညာဘက်သို့ ဆွဲမည့်အစား ဖြည်းဖြည်းချင်း အောက်သို့ ချလိုက်သည်။
ကဒ်ကို ကြည့်လိုက်သည့်အခါမှာတော့ “၃၊ ၃၊ ၃ ...အသဲ... အား၊ အမြင့်ဆုံးရတနာကဒ်..."
သူသည် စိတ်လှုပ်ရှားစွာဖြင့် ကဒ်နှစ်ကဒ်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး "တကယ် အမြင့်ဆုံးရတနာကဒ်ပဲ။ မျောက်ဘုရင်အတွဲကွ၊ ပိုက်ဆံတွေ ဒီကိုပေးပေတော့"
သူသည် ကတ်နှစ်ကတ်လုံးကို အခြားသူများသည် ရှင်းရှင်းလင်းလင်း မြင်အောင်ပြလိုက်သည်။ သူတို့အားလုံးက "ဟာကွာ၊ တကယ့် အမြင့်မြတ်ဆုံးရတနာကဒ်ပဲ"
ထိုအချိန်တွင် အားဂွမ်းလည်း ပြန်ရောက်လာပြီး အဝေးမှ ကဒ်အကြောင်း အော်ဟစ်နေသံကို ကြားလိုက်ရသည်။ အံ့အားသင့်ပြီး အလျင်စလိုပြေးလာကာ "အမြင့်မြတ်ဆုံးရတနာ ဘာကြီးလဲ? ဘယ်သူ့ဆီမှာလဲ၊ အရမ်းမိုက်တာပဲကွ" လို့ အော်လိုက်သည်။
"အသေးလေး၊ မင်း ကံကောင်းလိုက်တာ။ အဲ့ကောင် တကယ့် အလောင်းကစားသမားပဲ၊ အကုန် နိုင်နေတာ"
"ဒါက ဘယ်လို ကံတရားမျိုးလဲ။ ငါ့မှာ ကိုးကဒ်နဲ့ ကောင်းကင် ဘုရင်ကတ် ရှိတာကိုကွာ"
"ငါ့နဲ့ ယှဉ်ရင် မင်းက ဘာမှမဟုတ်ပါဘူးကွာ၊ ငါအနီ ၈ တစ်စုံနဲ့ လူသားကတ်တောင် ရခဲ့တာကွ။ ငါကိုငါ အနိုင်ရမယ်လို့ ထင်ခဲ့ပေမယ့် အမြင့်ဆုံးရတနာနဲ့တည့်တိုးတာပဲ။ ကံဆိုးလိုက်တာကွာ၊ ဒီလိုကတ်ကောင်းတွေ ဖြုန်းတီးပစ်လိုက်သလိုပဲ“
"ဟဲဟဲ၊ ကံကောင်းတာက ငါ့မှာ ၄ နဲ့ ၆ ကဒ်ပဲ ရှိတာ၊ ဆုံးရှုံးဖို့ မှန်ကန်တဲ့ကတ်တွေပဲ"
အလားတူပဲ အားကျန်းက ပြုံးပြီး "ဒီမှာလည်း အတူတူပါပဲကွာ၊ ငါ့မှာ ၅ နဲ့ ၆ ကဒ်ပဲရှိတာ၊ မျှော်လင့်ချက် လုံးဝမရှိဘူး"
လူတိုင်း၏ ငြီးတွားသံများကြားတွင် အသေးလေးသည် အရှေ့မှ ငွေအနည်းငယ်ကို ပျော်ရွှင်စွာ စုဆောင်းကာ "လောင်းကြေးက အရမ်းနည်းလွန်းတယ်၊ စိတ်လှုပ်ရှားစရာ လုံးဝ မရှိဘူး၊ ငါ့ရဲ့ အမြင့်မြတ်ဆုံး ရတနာကဒ်လေးကို ဖြုန်းတီးမိလိုက်သလိုပဲ~"
"မင်းအနိုင်ယူပြီးပြီပဲ ရတာနဲ့ပဲ ကျေနပ်စမ်းပါကွာ။ ငါတို့ ကစားနေတာ ကြာလှနေပြီ အခုမှ အမြင့်မြတ်ဆုံးရတနာကို မြင်ရတာလေကွ"
အားဂွမ်းတစ်ယောက် သူပြန်လာတာနောက်ကျလို့ နည်းနည်း စိတ်သက်သာရာရသွားသည်။ မဟုတ်ရင် သူလည်းပဲ အလောင်းအစား ရှုံးမှာ အသေအချာပင်။
သည်ကဒ်ရဲ့ အန္တရာယ်မှ သူ လွတ်မြောက်နိုင်ခဲ့သည်။ သည်နေ့ ကံတရားက သူ့ဘက်မှာ ရှိနေပုံပေါ်သည်။
"ငါတို့သာ ခြွင်းချက်လုပ်ပြီး ရောသုန်းကိုပါ ပါခိုင်းခဲ့ရင် လောင်းကြေးပိုရခဲ့မှာကွာ"
ရောင်သုန်းက "မင်းက ငါ့ကို နှစ်ဆင့်နဲ့လောင်းစေချင်လို့လား" လို့ ပြောလိုက်တယ်။
"ဟုတ်တယ်၊ ဘယ်လောက်ပဲ ခြင်ခြေထောက်တွေက သေးငယ်နေပါစေ၊ အဲဒါက အသားတုန်းပဲလေကွာ"
"ကဲ မင်းရဲ့ကံကောင်းမှုကို အခွင့်ကောင်းထပ်ယူပြီး နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ကစားကြရအောင်"
"ဟုတ်တယ်၊ ဟုတ်တယ် ထပ်ကစားကြရအောင်"
အသေးလေးက ဆက်ဆော့ရန် ဖဲချပ်များကို ဝေဖို့ပြင်နေချိန်တွင် ဖက်တီးက "တော်ပါပြီ၊ ငါနောက်ဆုံးတော့ အနီရောင် ၈ တစ်စုံ ရဖူးခဲ့တာကိုကွာ၊ ဒါပေမယ့် အမြင့်ဆုံး ရတနာနဲ့ ကြုံရတုန်းပဲ။ ကံဆိုးလိုက်တာကွာ"
"ဘာပဲဖြစ်ဖြစ် မင်းက ပိုက်ဆံလိုနေတာလည်းမဟုတ်ဘူးလေကွာ၊ပြီးတော့ ငါတို့က လောင်းကြေးကြီးကြီးမားမားနဲ့လည်း ကစားနေတာမှမဟုတ်တာ။ အပျော်သဘောနဲ့ နည်းနည်းလောက်ပဲ ဆက်ကြရအောင်"
အခုလို ခေတ်ကြီးတွင် ထွားကျိုင်းနေရခြင်းမှာ ဖက်တီးသည် ချမ်းသာသောနောက်ခံမှ ဆင်းသက်လာသောကြောင့်ဖြစ်သည်။ သူတင်မက သူ့မိသားစုရှိလူတိုင်းသည် ထွားကြိုင်းပုံရသည်။
အကြောင်းရင်းကတော့ သူ့မိသားစုဝင်တွေအားလုံးက ထမင်းချက်တွေဖြစ်ကြလို့ပင်။ “ထမင်းချက်က စပါးမခိုးဘူး၊ မရိတ်ဘူး” ဟူသော ဆိုရိုးစကားအတိုင်း သူတို့မိသားစုသည် တစ်ရွာလုံးတွင် အကောင်းဆုံး အစားအစာများကိုသာ အမြဲစားကြသည်။
ဖက်တီးပေါ်ရှိ အသားပမာဏက သူဘယ်လောက်စားရကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါသည်။
"ငါ ဒီတစ်ခါ ကဒ်ဝေတဲ့သူလုပ်မယ် မဟုတ်ရင် ငါမကစားတော့ဘူး"
"ရတယ်လေ~"
လောင်းကြေးက ကြီးကြီးမားမားမဟုတ်ပဲ သူတို့အချင်းချင်းသာ ကစားကြတာဖြစ်သောကြောင့် ရရှိသည့်ငွေကို အစားအသောက်အတွက် အများဆုံးသုံးကြသည်။ နောက်ဆုံးမှာတော့ ဘယ်သူမှ မရှုံးပေ။
အားဂွမ်း အိမ်ပြန်ရောက်ပြီးနောက် သူဝယ်ခဲ့သော ကဏန်းနှင့် ပုစွန်များကို သူ့ညီမထံ တိတ်တဆိတ် ပေးအပ်ခဲ့ပြီး ဂိမ်းတွင် ပါဝင်ခဲ့သည်။
ယနေ့ခေတ် ကျေးလက်ဒေသများတွင် အရွယ်ရောက်ပြီးသူများအတွက် ဖျော်ဖြေရေးအစီအစဉ်များသည် အလွန်နည်းပါးသည်။ သူတို့သည် ကလေးများ မဟုတ်တော့ပေ၊ ငယ်စဉ်ကပင် တောင်တန်းများနှင့် ပင်လယ်ကို စူးစမ်းလေ့လာရခြင်း၏ ပျော်ရွှင်မှုကို တွေ့ကြုံခံစားဖူးခဲ့ကြသည်။ ပူပြင်းတဲ့နေ့တွေမှာ အပြင်ထွက်ပြီး နေလောင်တာကို မခံချင်ကြတဲ့အတွက် အိမ်မှာ ဖဲရိုက်ကစားခြင်းက သူတို့ရဲ့ဖျော်ဖြေရေးရွေးချယ်မှု ဖြစ်လာသည်။
ရီရောင်သုန်းလည်း စိတ်ဝင်တစား ကြည့်နေသည်။အမှန်တော့ သူ့အိတ်ကပ်ထဲတွင် ယွမ်နှစ်ယွမ် ရှိသေးသည်၊ မနေ့က ဖဲနိုင်တာကနေ ရတာဖြစ်နိုင်ပေမယ့် မမှတ်မိတဲ့အတွက် လုံးလုံးမသေချာပေ။
သူတို့ကစားတာကို ကြည့်ရင်း သူ့အိတ်ကပ်ထဲက ပိုက်ဆံဖြင့်အကြိမ်ပေါင်းများစွာ ပါဝင်ချင်စိတ်ကို ခံစားလိုက်ရပေမယ့် သူ ခုခံခဲ့သည်။ ဒါက သူမှာရှိတဲ့ပိုက်ဆံအကုန်ပဲလ။ ပိုင်ကျို ကစားခြင်းသည် ကံတရားအပေါ် မှီခိုအားထားနေသည်။ သာမန်ကတ်ဂိမ်းများကစားပါက သူ့စွမ်းရည်သည်လည်း ကောင်းမွန်တာကြောင့် ငွေဆုံးရှုံးခဲတာမို့ ပါဝင်မိမှာပင်။
ခဏလောက်ကြည့်ပြီးနောက် အားဂွမ်ရဲ့ညီမက ရေတွေပွက်ပွက်ဆူနေပြီဆိုတာကို အကြောင်းကြားသည့်အတွက် သူ့အကြည့်တွေကို တုံ့ဆိုင်းစွာပြောင်းပြီး အလုပ်လုပ်ရန်ပြင်သည်။
"အား~ ငါ မီးလောင်ပြီးသေတော့မယ်"
ရီရောင်သုန်းသည် ခေါင်းခါကာ ကြက်မွှေးတွေကို နှုတ်နေလိုက်သည်။
ကြက်မွှေးတွေကို မနှုတ်ခင် သည်ကြက်ကို ရေနွေးဆူဆူနဲ့ ပြုတ်ထားဖို့ လိုပေမယ့် အဲ့တာက သူ့ကိုတကယ်ပူစေသည်။ သူဘာကြောင့် သည်အလုပ်ကို လုပ်ပေးမယ်လို့ ပြောခဲ့တာပါလဲ။
ကတ်ဂိမ်းက ကြည့်လို့ကောင်းနေတာ မဟုတ်ဘူးလား။
အမှန်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မိတ်ဟောင်းဆွေဟောင်းတွေကို ပြန်မြင်လိုက်ရလို့ ဝမ်းသာအားရ ဖြစ်ပြီး သူ အချိန်ကုန်မှန်းတောင် မသိမိတာပင်။
