Chapter 46

1.5K 137 0
                                    

အပိုင်း (46)


အသေးလေးက သူ့နဖူးသူ ပြန်ရိုက်ရင်း နားလ‌ည်သွားဟန်ဖြင့် ;

"သေစမ်းကွာ....ငါတို့တွေ တုံးများ တုံးနေကြတာလား။ လှေထဲ ပုံးတွေ သွန်ချလိုက်ရုံပဲလေ၊ အဲ့ဒါဆို နေရာ ပိုထွက်လာမယ် မဟုတ်ဘူးလား"

အားကျန်းကလည်း သဘောပေါက်သွားပြီး ;

"ဟုတ်သား။ ငါတို့တွေ လှေပေါ် သွန်းချလိုက်ပြီး ထောင့်တွေမှာ ဖြန့်ပြီး ခွဲထားလိုက်ရင်း ငါတို့အိမ်ပြန်တဲ့အခါကျ အိတ်အကြီးထဲ ထည့်ပြီး ထုတ်ထားလို့ရနေတာပဲ"

"ချီးပဲ၊ ဝက်ဦးနှောက်တွေ....ရောင့်သုန်းတစ်ယောက်တည်း တူးနေတဲ့အချိန် မင်းတို့က အဲ့မှာ ဘာမှမလုပ်ဘဲ ထိုင်နေလိုက်ကြ"

"သွားစို့ သွားစို့။ ငါတို့လည်း နည်းနည်းလောက်သွားတူးရအောင်၊ လှေရဲ့ကုန်ကျစရိတ်နဲ့ လောင်စာက စျေးကြီးကကြီးနဲ့ ဘာမှမပါဘဲနဲ့တော့ ပြန်မသွားနိုင်ဘူး"

သူတို့တတွေ ပြန်သွားပြီး ဖက်တီးနှင့် ချန်ဝေအား ပြောပြလိုက်လိုက်ချိန်တွင် နှစ်‌ယောက်သားမှာ အသိဝင်လာကြပြီး အလျင်အမြန်ဖြင့် သူတို့၏ ပုံးများကို လှေပေါ် သွန်းချလိုက်ကြပြီး ဆက်သွားတူးရန် နေရာ ရှာကြတော့သည်။

ရီရောင့်သုန်း တစ်ယောက် သူတို့ကို ကြည့်ကာ ပြောစရာစကားမဲ့သွားရ၏။ ဘာပဲဖြစ်ဖြစ်ပါလေ။ သူ အိတ် နှစ်လုံးကိုတော့ အပြည့်ဖြည့်ထားနိုင်ခဲ့သည်။ သူတို့ကို မဆေးကြောဘဲ အေးသည့်နေရာတွင် သိုလှောင်ထားသရွေ့ သည်အခွံမားငါးတွေ နှစ်ရက်သုံးရက်လောက်တော့ အထားခံနိုင်သည်။

အလုပ်သမားများအတွက် အစားအသောက်ထောက်ပံ့ပေးဖို့သာ မလိုအပ်လျှင် သူ ဒီလောက်အများကြီး ကောက်ခဲ့မည် မဟုတ်ပေ။ ရေခဲသေတ္တာကလည်း မရှိသဖြင့် သူအလွန်အကျွံ ယူလာမိပြီးမှ မကုန်လျှင် အနံ့အသက်ဆိုးများ ထွက်လာလိမ့်မည်ဖြစ်ရာ သူယူလာသည့်အရာများက လုံလောက်သည်ထက်ကို ပိုနေပြီ ဖြစ်သည်။ ကမာကောင် ထည့်သည့်အိတ် ပြည့်သွားပြီးနောက်မှာတော့ ထိုင်ပြီး အနားယူကာ သူတို့အလုပ်,လုပ်တာကို ကြည့်ရမည့် သူ့အလှည့် ရောက်လို့လာသည်။

ကျွန်းမှာ လူသူအရောက်ပေါက်နည်းသောကြောင့် ကျောက်တန်းပေါ်စိုက်ဝင်နေသည့် အခွံမာငါးများမှာ အလွန်တရာ များပြားလှ၏။ အားလုံးကို သူတစ်ယောက်တည်း တူးသွားဖို့ရာက မဖြစ်နိုင်ချေ။ သူတို့ အိမ်ပြန်ကြသည့်အချိန် တူးရမည့် အကောင်တွေလည်း အများကြီးရှိသေးသည်ပင်။

အတန်ကြာ နေပူစာလုံပြီး သူတို့ယူလာခဲ့သည့် ပြောင်းဝိုင်း နှစ်ဝိုင်းကို ထုတ်စားလိုက်ပြီးနောက်တွင် ဒီ‌ရေကျကာ ကျောက်ဆောင်ကျောက်တန်းများ ပေါ်လာသည်ကို သူသတိထားမိလိုက်သည်။ ထို့ကြောင့် ပလိုင်းကြီးနှင့် ညှပ်ရှည်ကို ကောက်ယူကာ ကျောက်ဆောင်များအကြား ကုန်းကုန်းကွကွလုပ်နေကြသည့် လူများကို လှမ်းအော်လိုက်သည်။

"သားကြီးတို့၊ ဒီရေကတော့ ကျသွားပြီ။ ငါ ရတနာရှာထွက်လိုက်အုံးမယ်။ မင်းတို့ကတော့ ဆက်ပြီးတူးနှင့်ကြ"

"လခွမ်းထဲမှပဲ။ အချိန်တွေ ဖြုန်းမနေကြနဲ့တော့"

"ငါ ဒီမှာ နည်းနည်းထပ်တူးလိုက်အုံးမယ်၊ မင်း အဖိုးတန်တာ တစ်ခုခုတွေ့ရင် အော်သာအော်လိုက်ကွာ။ ငါဆင်းလာခဲ့မယ်"

"အေး၊ အရင်ဆုံး ဒီမှာ အဖိုးတန်တာ ရှာပါရစေဦး။ ပြီးရင် ငါမင်းတို့ကို လှမ်းပြီး အသိပေးလိုက်မယ်"

ရီရောင့်သုန်းတစ်ယောက် ရယ်မောကာ ရေတိမ်သည့်နေရာဆီ ဦးမတည်လိုက်ခင် ဘောင်းဘီကိုဆွဲတင်လိုက်ပြီး ရှာဖွေမှုကို စတင်တော့သည်။

"ချီးပဲကွာ။ ငါ ထပ်ပြီး စောင့်မနေတော့ဘူး။ ငါလည်း ဆင်းတော့မယ်"

အားကျန်းတစ်ယောက် ပြောလည်းပြောရင်း ရေထဲသို့ ခုန်ဆင်းလိုက်ပြီး တစ်ဝက်ပြည့်နှင့်ပြီးသားပုံးကို လှေပေါ်သွားသွန်လိုက်ဖို့ပင် အာရုံမရတော့ချေ။ သူ ထပ်ပြီး အခွင့်အရေးကောင်းတွေကို လက်လွှတ်အဆုံးရှုံး မခံချင်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဤကျွန်းပေါ်မှ အခွံမာငါးများက ထွက်ပြေးကြမည်မှမဟုတ်ဘဲ။

သူ ခုန်ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ရီရောင့်သုန်း၏ စိတ်လှုပ်ရှားနေသည့်အသံကို ကြားလိုက်ရသည်။

"ပွပေါက်ပဲ~ ပင်လယ်ကင်းခြေများတွေဟ"

"ဘာကြီး။ ဘယ်မှာလဲ။ ဘယ်မှာလဲ၊ ပင်လယ်ကင်းခြေများတွေ"

"အဲ့မှာ ပင်လယ်ကင်းခြေများတွေ ရှိတယ်"

အားလုံးက အံ့အားသင့်မှုများနှင့်အတူ ရီရောင့်သုန်းဆီ အပြေးသွားလိုက်ကြကာ ရွံ့မြေ‌ပေါ်တွင် တွားသွားနေကြသည့် မရေမတွက်နိုင်သော ပင်လယ်ကင်းခြေများ,များကို တွေ့လိုက်ကြရသည်။

သိပ္ပံနည်းကျအားဖြင့် ခုံးသန်ကောင်ဟု လူသိများကြသည့် ပင်လယ်ကင်းခြေများ,များဟာ အရှေ့တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းရွှံ့မြေတွေမှာ တွေ့ရတတ်သည့် အဏ္ဏဝါ Polychaete သန်ကောင် အမျိုးအစား ဖြစ်သည်။ ၎င်း၏ ထူးခြားချက်မှာ ကင်းခြေများနှင့် အသွင်သဏ္ဌာန် တူပြီး၊ ခြေထောက်တိုများဖြင့် အဆိပ်မရှိ ရန်လိုခြင်း မရှိသည့် သန်ကောင်များဖြစ်သည်။ ၎င်းတို့၏ အစားအစာများက အဓိကအားဖြင့် ပင်လယ်ရေမှော်နှင့် ပင်လယ်မြက်များ ဖြစ်ပြီး ပုစွန်ဆိတ်နှင့် ငါး‌သေးများလည်း ဖြည့်စွက်ပါဝင်သည်။

"ငါ- ိုး ရွံစရာကြီးကွာ။ ဒီလောက် အများကြီး"

"တစ်ကိုယ်လုံး ကြက်သီးတွေပါ ထတယ်"

ပင်လယ် ကင်းခြေများ အုပ်လိုက်ကြီး သည်လို လူးလွန့်နေကြတာကို နေ့ခင်းကြောင်တောင်ကြီး မြင်လိုက်ရရင် Trypophobia ရှိသူသာဆိုရင်တော့ ကြောက်လို့သေမှာပဲ။
(Trypophobia - ကျွင်းတွေ၊ အပေါက်တွေအပြုံလိုက်ရှိနေတာကို ကြောက်တတ်သည့်သူ)

ကံကောင်းစွာဖြင့် ရီရောင့်သုန်းက သည်လို သတ္တဝါမျိုးတွေကို မကြောက်သည်ဖြစ်ရာ ...

"ဖမ်းလို့ကောင်းတာပေါ့ကွ၊ အားလုံးပဲ တိတ်တိတ်ဆိတ်ဆိတ်နေကြမယ် သူတို့ကို ဖမ်းတဲ့အချိန် မြေကြီးထဲ ပြန်မဝင်သွားစေနဲ့ ညင်ညင်သာသာ လုပ်ကြ"

"အား၊ မလုပ်ပါဘူး။ မလုပ်ဘူး၊ မလုပ်ဘူး။ အဲ့ဒါတွေက အရမ်းရွံစရာကောင်းတယ်။ ဒီလို အပြုံလိုက်ကြီး မြင်လိုက်ရရုံနဲ့တင် ငါဦးရေတွေတောင် စပ်ဖျဉ်းဖျဉ်းဖြစ်နေပြီ။ ငါတော့ သွားမဖမ်းချင်ဘူး"

"ငါရောပဲ၊ လက်အိတ်လည်း မယူလာမိဘူး"

"ငါ မျက်လုံးတွေတော့ ကန်းတော့မှာပဲ တစ်နေရာရာသွားပြီး  သွားဆေးလိုက်အုံးမယ်"

"ဟုတ်တယ်။ တော်တော် ရွံစရာကောင်းတယ်ကွ၊ မင်း ရှာတွေ့တာဆိုတော့ကွာ မင်းဘာသာမင်းပဲ ဖမ်းလိုက်တော့"

တစ်ယောက်ပြီး တစ်ယောက် ခေါင်းတစ်ခါခါဖြင့် တစ်ခြားတစ်ဖက်ကို သုတ်ခြေတင် ပြေးသွားကြတော့သည်။

ရီရောင့်သုန်းတစ်ယောက် မျက်စောင်းထိုးကာ ;

"စားတော့ စားချင်ကြတယ်။ ဖမ်းလည်း ဖမ်းရမယ်ဆိုတော့ တစ်ကောင်မှ ကူဖော်လောင်ဖက် မရတော့ဘူး"

"ဒါကတော့ ဘယ်တူပါ့မလဲ၊ ချက်ထားတဲ့ဟာနဲ့ ရှင်နေတဲ့ဟာကျတော့ အကွာကြီးလေကွာ၊ ဒီပင်လယ်ကင်းခြေများတွေ တွန့်လိမ် တွန့်လိမ် သွားနေကြရုံနဲ့တင် ငါ့ကို တော်‌တော် ခြောက်ခြားစေနေပြီ၊ မင်းရှာတွေ့တာဆိုတော့ ဒါတွေ အားလုံးက မင်းအပိုင်ပဲ။ သွားလေ၊ အမြန်သွားဖမ်း‌တော့"

အားကွမ်က ပြောပြီးသည်နှင့် သူ့ ပုံးကို အလျင်အမြန် ကောက်ဆွဲကာ အဝေးသို့ ပြေးလေတော့သည်။

တစ်ယောက်တည်း သူတို့ကို ဖမ်းရမည်က ပိုကောင်းသည်ဟု စဉ်းစားရင်း ရီရှောင့်သုန်းတစ်ယောက် သူတစ်ယောက်တည်းလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် သူကိုင်ထားသည့် ပလိုင်းက ပင်လယ်ကင်းခြေများ ဖမ်းဖို့ရာအတွက် မသင့်တော်မှန်း သတိထားမိလိုက်၏။ ထို့ကြောင့် လှေဆီ အမြန် သုတ်ခြေတင်ပြေးသွားလိုက်သည်။

ပုံးထဲမှ ပင်လယ်စာများကို ကုန်းပတ်ပေါ်  သွန်းချလိုက်ပြီး သူက တစ်ယောက်တည်း ရေ‌ရွတ်ရင်း လမ်းလျှောက်နေ၏။

"ဒီလောက်များတဲ့ ကင်းခြေများတွေ ဘယ်လိုလုပ်ပြီး ထွက်လာကြတာလဲ။ ဒီရေကြမ်းပြင်အောက်က သူတို့ တွင်းထဲမှာပဲ ရှိ‌နေသင့်တာမလား"

"ဘယ်သူသိမလဲ။ ဒီရက်တွေက သူတို့ရဲ့ မိတ်လိုက်ရာသီလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့"

ဘာပဲဖြစ်ဖြစ် ဖမ်းလို့တော့ အတော်ကောင်းနေမှာ...

ပုံးကို သွန်ချပြီးသည်နှင့် ပင်လယ်ရေဖြင့် အလျင်အမြန်ဆေးကြောလိုက်ပြီး တက်ကြွစွာဖြင့် ပင်လယ်ကင်းခြေများအပေါင်းပါး တစ်သိုက်စီ ဦးတည်လိုက်သည်။

နည်းနည်းတော့ ရွံဖို့ ကောင်းသော်လည်း သည်းမခံနိုင်စရာ အကြောင်းတော့ မရှိပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် လက်အိတ်လည်း ဝတ်ထားပြီးပြီဖြစ်၍ သူတို့နှင့် တိုက်ရိုက်ထိတွေ့စရာ အကြောင်းမရှိ။

သူက လက်တစ်ဆုပ်စာ ကောက်ဖမ်းလိုက်ပြီး သူတို့ လူးလွန့်ရုန်းကန်နေကြပုံကို ကြည့်ကာ အတော်လေး ရွံရှာမိသလို ဖြစ်သွား၏။ သူက အမြန် ပုံးထဲကောက်ထည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ပင်လယ်ကင်းခြေများ,များမှာ တုန်လှုပ်သွားကြဟန်တူကာ တစ်ကောင်ပြီးတစ်ကောင် သဲထဲ စတင် တိုးဝင်ကြတော့သည်။

အား၊ သူ သူတို့ကို ဘယ်လိုလုပ်ပြီး ထွက်ပြေးခွင့်ပေးပါ့မလဲ။

‌ရောင့်သုန်းတစ်ယောက် သူ့အရှိန်ကို အမြန်တင်လိုက်ပြီး အပေါ်ယံတွင်ကျန်နေခဲ့ကြသည့် ပင်လယ်ကင်းခြေများတိုင်းကို အမိဖမ်းနိုင်ခဲ့သည်။ ဖမ်းမမိလိုက်သည့် အကောင်များက ရွံ့နုန်းမြေထဲ တိုးဝင်သွားနှင့်ကြပြီး ဖြစ်သည်။

ရီရောင့်သုန်း ရွံ့နုန်းမြေပေါ်မှ အပေါက်လေးတွေကို ကြည့်ရင်း အထဲထဲလှမ်းနှိုက်ရန် ကြည့်စားကြည့်လိုက်သည်။ သူ့လက်က တစ်စုံတစ်ခုက ခံစားမိလိုက်သဖြင့် ညင်သာစွာနှင့် အားပါးပါး ဆွဲထုတ်လိုက်သည်။ သည်အလုပ်က စိတ်ရှည်ရှည်နှင့် အထူးဂရုစိုက်ဖို့ လိုအပ်သည်ပင်။

သူက တစ်ကျွင်းဆွဲပြီး တစ်ခဏရပ်ကာ ပင်လယ်ကင်းခြေများ၏ ခန္ဓာကိုယ်အား ပြန်လည်ကျုံဝင်သွားသည်အထိ စောင့်ဆိုင်းပြီးနောက်မှ အပေါ်သို့ ဆက်ဆွဲလေသည်။ အကယ်၍ သူ အလျင်အမြန်ကြီး လှုပ်ရှားလိုက်လျှင် ပြတ်ထွက်ပြီးကျန်ခဲ့နိုင်ခြေရှိသည်။

ကျွင်း အနည်းငယ်လောက် စမ်းပြီးနောက်မှာတော့ သူ စိတ်မရှည်ချင်တော့ပေ။ အချိန်လည်းအများကြီးပေးရပြီး ပုံးထဲတွင်လည်း ပင်လယ်ကင်းခြေများ လေး၊ ငါးကျင်းစာလောက် နီးပါးဖြင့် တစ်ဝက်ကျော်လောက် ရထားပြီး ဖြစ်သည်။

တစ်ခြားကောင်းသည့်ဟာ တစ်ခုခု ရှိကောင်း ရှိနိုင်သည်ဖြစ်ရာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ နောင်အခါများကျမှ ပင်လယ်ကင်းခြေများ,များကို အေးအေးလူးလူးဆက်ဖမ်းရန် ပြန်လာခဲ့‌တော့မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သည်နေရာမှာပဲ ရှိနေကြမည်ဖြစ်သည်။

ပုံးကို အရိပ်ရရာနေရာတွင် ထားခဲ့လိုက်ပြီး ပလိုင်းနှင့် ညှပ်ရှည်ကိုဆွဲကာ အနီးဆုံးမှာရှိနေသည့် အားကွမ်ဆီ သွားလိုက်သည်။

"ဘာတွေ တွေ့သေးလဲ"

"ဘယ်လိုထင်လို့လဲ။ တွေ့မှဖြင့်တော့ မင်းတို့ကို ငါ လှမ်းအော်နေပြီပေါ့"

"ဟုတ်သား။ ကြည့်ရတာ ဘယ်သူမှ ဘာမှမတွေ့ကြ‌တော့ဘူး ထင်တယ်"

သူက အားကွမ်၏ ပုံးကို တစ်ချက်ကြည့်လိုက်ရာ ကျောက်ကဏန်း အချို့နှင့် အခြားသော ငါးသေးအမျိုးမျိုးကို တွေ့လိုက်ရသည်။

"ကျောက်တန်းတွေပေါ်က အခွံမာငါးတွေကို သွားတူးကြည့်ပါလား။ ပြောမရဘူး။ မင်း အဲ့မှာတော့ ကံကောင်းချင် ကောင်းမှာ"

ရောင့်သုန်းက သူ့ပုခုံးအား အားပေးဟန်ဖြင့် ပုတ်ပေးလိုက်ပြီး အခြားသူများ၏ အနေအထားကို တစ်ချက်ကြည့်ပြီးနောက်မှ ကျွန်း၏ သန္တာ‌ကျောက်တန်း အစွန်းတစ်‌လျှောက်ဘက်ကို  လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ သူ ပင်လယ်ကင်းခြေများ ဖမ်းခြင်းဖြင့် အလုပ်များနေစဉ်၌ ဒီရေက အနည်းငယ် ထပ်ကျသွားခဲ့သည်။ ယနေ့ သူက ရွံ့နုန်းမြေပေါ်တွင် အောင်မြင်စွာ အစပျိူးနိုင်ခဲ့သောကြောင့် ရွံ့မြေ ပိုမိုကျယ်ပြန့်သည့်နေရာသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဒီရေကျပြီးနောက်တွင် ကျွန်းပေါ်ရှိ နေရာများက ပေါ်ထွက်လာပြီး နုန်းမြေအချို့နှင့်အတူ သဲသောင်ငယ်များလည်း ရှိနေ၏။  သူတို့ပုံစံက အတော်လေးညစ်ပတ်ပြီး သူ ခြေတစ်လှမ်းချလိုက်သည်နှင့် သူ့ခြေထောက်မှာ ရွံထဲ နှစ်ဝင်သွားရ၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင်တော့ သူ့ခြေထောက် တစ်ချောင်းလုံး ရွံများပေကျံကုန်၏။

ညှပ်ရှည်တစ်ချောင်းဖြင့် လျှောက်သွားနေရင်း နုန်းမြေပေါ်တွင် ရွံအပြည့်ဖြင့် ပုန်းကွယ်နေသည့် မလှုပ် မယှက် လဲလျောင်းနေသော ကဏန်းပြာ တစ်ကောင်ကို တွေ့လိုက်ရလေသည်။ မသိလျှင် နေပူစာလှုံနေသလိုပင်.....။

ကဏန်းက အမျှော်အမြင်ကြီးစွာ ရွံဖြင့် ဖုံးကွယ်ထားပြီး သူသာ သေချာမကြည့်လျှင် တွေ့ရလိမ့်မည်တောင် မဟုတ်ချေ။ ရီ‌ရောင့်သုန်း တစ်ယောက် ညှပ်ရှည်သုံးကာ သူ့ကို ညှပ်ကြည့်လိုက်ပြီး ကဏန်း၏ ကြီးမားသည့် လက်မကြီးများက ချက်ချင်းပင် တုံ့ပြန်လာပြီး ညှပ်ကာ အကြမ်းပတမ်း ဆွဲခါရမ်းလာ၏။

"ဟေး၊ ကဏန်း အစ်မကြီးကွ။ အလေးချိန်တော်တော်စီးမဲ့ပုံပဲ။ ဥတွေလည်း ရှိတယ်နဲ့ တူတယ်။ တစ်ကျင်းခွဲလောက်တော့ရှိမှာ သေချာတယ်။ ပွတာပဲကွာ။ ငါ မျက်စိမှောက်မိတော့မလို"

အဟုတ်ပင်။ ယနေ့တွင် ကံတရားက သူ့ဘက်မှာ ရှိလေ၏။ ကြည့်ရသည့်အတိုင်းဆိုလျှင် နုန်းမြေပေါ်၌ ရတနာတွေ ရှိနေမည့်ပုံ။ အပျင်းပြေလမ်းလေးလျှောက်ရုံနဲ့တင် သူ သည်ရတနာကြီးကို တက်နင်းမိသည်ပင်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now