Chapter 115

1.1K 138 0
                                    

နေနေရင်းဖြင့် ရီရောင့်သုန်းနှင့် အားကွမ်တို့ ၇၄၃ ယွမ်နှင့် ၈၀ ဆင့်ကို ရလိုက်ပြီး သူတို့ နေရာမှာတင် တစ်ခါတည်း ဝေစုခွဲလိုက်ကြသည်။ နှစ်ယောက်သားက ယွမ် ၃၀၀ ကျော် ထက်မနည်းသည့်‌ ဝေစုကိုယ်စီယူကာ ပျော်ရွှင်စွာ အိမ်ပြန်သွားကြသည်။

ကျန်သည့်စာရင်းများအနေဖြင့် နောက်ရက်အနည်းငယ်လောက်ထပ်စောင့်ရလည်း ကိစ္စမရှိပါချေ။

အဖေရီနှင့် အမေရီမှာ အစက ရောင့်သုန်း ပင်လယ်ထဲထွက်သွားသည်အား မသိကြချေ။ ယခင်ကလည်း သူဆိုသည်မှာ တစ်နေကုန်ပျောက်သွားတတ်သည့်သူ၊ လွန်ခဲ့သည့် နှစ်လကမှ နေ့တိုင်း အလုပ်ကြိုးကြိုးစားစားလုပ်ခဲ့သောကြောင့် ယခုလို အားလပ်ချိန်များတွင် သူ၏အကျင့်ဟောင်းအတိုင်း ပြန်ဖြစ်သွားသည်ဟု ထင်လိုက်ကြသည်။

နေ့လယ် ထမင်းစားချိန်ရောက်မှသာ သူ၏အရိပ်အယောင်ကို မတွေ့ရသေး၍ အမေရီက သာမန်ကာလျှံကာဖြင့် မေးလိုက်ရာ ထိုအခါမှပင် ရီရောင့်သုန်းက တိုင်ဖွန်းရက်ကြီး ပင်လယ်ထဲထွက်သွားသည့်အကြောင်းကို သိရတော့သည်။

အဖေရီမှာ ဒေါသထွက်ပြီး နမော်နမဲ့နိုင်လှသည့်သူ့အား ဆူပူနေတော့သည်။ သူက တိုင်ဖွန်းရက်များတွင် ပင်လယ်က ဘယ်လိုမျိုး၊ အပြင်ဘက်ပင်လယ်က လှိုင်းတွေက ဘယ်လိုကြီးတာ စသဖြင့် ရေရွတ်ပြောဆိုရင်း ကြိမ်းမောင်းနေ၏။
သူ့ခမျာ နေ့လယ်စာပင် မစားနိုင်တော့ဘဲ တစ်ချိန်လုံးစိတ်ပူနေမိကာ နေ့လည်နှစ်နာရီ ရီရောင့်သုန်း အန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာသည်ကို မြင်သည့်အချိန်မှပင် ပင့်သက်ချနိုင်တော့သည်။ သို့သော် ‌‌အဖေရီတစ်ယောက် ပေါက်စီလုပ်သည့် လှိမ့်တုံးအားယူကာ သူ့ခြေထောက်ကို ရိုက်ရန်ရွယ်တော့သည်။

ရီရောင့်သုန်းတစ်ယောက် ကူကယ်ရာမဲ့စွာ အော်ဟစ်ပြီး

"အား အဖေ! ဘာလို့ ရိုက်တာတုန်းဗျာ!!?"

"မင်း ဘယ်တွေသဝေထိုးနေတာလဲ ဟမ်? နောက်နှစ်ရက်နေရင် တိုင်ဖွန်းဝင်တော့မယ်ဆိုတာ မသိဘူးလား မင်း?"

"အဖေပဲပြောတာမလား နောက်နှစ်ရက်နေမှဆို? အား! အဖေရေ! စကားနဲ့ပဲပြောကြရအောင်လေ! အဖေလို့!"

ရီရောင့်သုန်းတစ်ယောက် ဟိုပုန်းသည်ပုန်းဖြင့် ခုန်လိုက်ပေါက်လိုက်ဖြစ်နေ၏။ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်လာတဲ့အချိန် အိမ်တွင် သူ့အား လှိမ့်တံက ကြိုဆိုနေလိမ့်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး တွေးမိပါ့မလဲ?

"အား အဖေရေ! ကျွန်တော် မှားမှန်သိပါပြီ ကျွန်တော် မှားသွားပါတယ်ဗျာ! မရိုက်ပါနဲ့တော့...."
ရီရောင့်သုန်းမှာ မရှောင်နိုင်ဘဲ အရိုက်ချည်းခံနေရသဖြင့် စကားပြောရင်းဖြင့် နောက်ဆုတ်ပြေးလေ၏။ သူက အပြင်ပြေးထွက်ပြီး သူ့အဖေ စိတ်ငြိမ်သွားသည်အထိ စောင့်ပြီးမှ ပြန်လာရန် စီစဉ်လိုက်သည်။

အဖေရီက တံခါးဝတွင်ရပ်ကာ အတန်ကြာကြိမ်းမောင်းနေပြီးနောက်မှ အိမ်ထဲ ပြန်ဝင်သွား၏။

ရီရောင့်သုန်း ကန့်လန့်ဖြတ်ထောင့်နားတွင် ပုန်းနေပြီး မည်သည့်အသံမှမကြားရတော့ကာမှပင် ထွက်လာလိုက်သည်။

"အို့ ပိုက်‌ဆံရှာရတာလည်း မလွယ်ပါလားနော်၊ အလုပ်လုပ်တာတောင် အရိုက်ခံက ထိသေးတယ်"

သူ ပြတင်းပေါက်နားသို့ တိတ်တဆိတ်လမ်းလျှောက်သွားပြီး တံခါးကို အကြိမ်ကြိမ်ခေါက်လိုက်သော်လည်း မည်သည့်တုံ့ပြန်သံကိုမှ မကြားရသဖြင့် ပြတင်းပေါက်နားတွင် ရပ်ကာ စီးကရက်နှစ်လိပ်သောက်ရင်း စောင့်နေလိုက်သည်။

အတန်ကြာစောင့်ဆိုင်းပြီးနောက် အိမ်ထဲတွင် လှုပ်ရှားသံကြားလိုက်ရ၍ ပြတင်းပေါက်ကို နောက်တစ်ကြိမ် ထပ်ခေါက်လိုက်သည်။


"ငါပါ တံခါးဖွင်အုံး ငါဝင်မလို့!"

ပြတင်းပေါက်က ချက်ချင်းဆိုသလို ပွင့်လာပြီး

"ဘာလို့အရှေ့ပေါက်က မဝင်လာရတာလဲ?"
"အဖေ ငါ့ကိုမြင်ပြီး ထပ်ပြီးဒေါသထွက်အုံးမှာ စိုးလို့၊ အပေါက်နားကဖယ်အုံး ငါ ခုန်ချမလို့"

"ပင်လယ်ထဲက လှိုင်းတွေလေတွေ ဘယ်လိုအခြေနေရှိလဲ? အဖေပြောသလို တကယ်ပဲ အန္တရာယ်များတာလား?"

လင်းရှို့ချင်က မျက်မှောင်ကြုတ်ထား၏။ သူ(မ)က ပင်လယ်ထဲမထွက်ဖူး၍လည်း မည်မျှ အန္တရာယ်ရှိကြောင်း သူ(မ)မသိချေ။ သူ(မ)ယောက္ခထီး နေ့လယ်ကပြောသလိုသာ အန္တရာယ်များလျှင် သူ(မ) သူ့ကို မလွှတ်လိုက်သင့်ပေ။

ရီရောင့်သုန်း အိမ်ထဲသို့ဝင်သည်နှင့် မိုးကာဖိနပ်ကို အရင်ချွတ်လိုက်သည်။ တစ်နေကုန် ဒါကို ဝတ်ထားရသဖြင့်လည်း သူ့ခြေထောက်မှာ ချွေးများစိုရွှဲနေ၏။ နံလိုက်တာကွာ!

ဖိနပ်များကို ချွတ်ပြီးနောက်တွင် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံနှင့် ဘောက်ချာများကို ထုတ်လိုက်ပြီး စားပွဲပေါ်တင်ကာ အဝတ်များကို စတင်ပြန်ချွတ်ရင်းဖြင့်

"အဆင်ပြေပါတယ်ကွာ၊ လှိုင်းနဲ့လေက ငါတို့ မနက်ပိုင်းထွက်တုန်းက အရမ်းမပြင်းဘူး သည်းခံနိုင်တဲ့အနေအထားမှာရှိတယ်၊ နေ့လယ်လောက်ကျတော့ လှိုင်းတွေလေတွေထလာပြီး တစ်ခုခုမှားနေပြီဆိုတာ သတိထားမိလိုက်တာနဲ့ ငါတို့ အမြန်ပြန်လာခဲ့လိုက်ကြတာ"

"ပိုက်‌ဆံက ဘာလို့အများကြီးလဲ?"

လင်းရှို့ချင်၏မျက်လုံးများမှာ သူထုတ်ပေးလာသည့် ပိုက်ဆံပမာဏအများကြီးကိုကြည့်ပြီး ပြူးကျယ်လာတော့သည်။

"ဒါပေါ့ကွ မင်းရဲ့ယောက်ျားကိုယ်တိုင် ရှာလာတာလေ၊ ၃၇၂ ယွမ် ပြည့်မပြည့် စစ်ကြည့်လိုက်အုံး လျော့နေလို့မဖြစ်ဘူး"

"ဒီလောက်တောင်အများကြီး?"
သူ(မ)မှာ တစ်ခဏမျှ စကားမပြောနိုင်ဖြစ်သွားရသည်။

"အန္တရာယ်ထဲ သွားစွန့်စားမှတော့ ထိုက်တန်တဲ့ဆုလာဘ်တော့ ရှိရမှာပဲလေ!"

"နောက်တစ်ခေါက်ကျ မသွားနဲ့တော့ အန္တရာယ်များလွန်းတယ်၊ တစ်ခုတစ်စုံဖြစ်သွားရင် ဘယ်သူမှမသိဘဲနေမယ်"

"ငါ သိပါတယ်ကွာ၊ ငါ နောက်တစ်ခေါက် မသွားတော့ပါဘူး ဒီတစ်ခေါက်တည်းနဲ့တင် လုံလောက်ပြီ ၊ မင်း သွားပြီး ရေတစ်ဇလားလောက် ခပ်လာပေးပါလား ငါရေချိုးပြီး ခြေထောက်ရေစိမ်ချင်လို့၊ အပြင်ထွက်ရအုံးမယ်"

လင်းရှို့ချင်က နာနာခံခံနှင့် သူ့အတွက် ရေသွားခပ်လာပေးပြီး ပြန်ဝင်လာသည့်အချိန်တွင် သူ့အား ထပ်မေးလိုက်သည်။

"ရှင် ဒီမနက်အစောကြီး ထသွားတာ၊ ရေချိုးပြီးသွားရင် အေးအေးဆေးဆေး အိပ်ပြီး နားလိုက်ပါလား?"

"ပြန်လာမှပဲ အိပ်တော့မယ်ကွာ၊ အရေးကြီးလုပ်စရာကိစ္စလေး ရှိနေလို့"

သူ နေ့လယ်က ပြန်လာချိန်တွင် ကမ်းစပ်၌ လှေကြီး၊ လှေငယ်များစွာ တွေ့လိုက်ရသဖြင့် သူတို့ကို သွားသတိပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

သူက ယနေ့ဖမ်းမိလာသည့် ပစ္စည်းကောင်းများအကြောင်းပင် ပြောမနေတော့ပြီး အဝတ်စားသစ်နှင့် ဖိနပ်များလဲဝတ်ပြီးသည်နှင့် ပြတင်းပေါက်မှ ထပ်ပြီးခုန်ထွက်လိုက်သည်။

လင်းရှို့ချင်မှာ ယောက်ျားဖြစ်သူက ‌ဝင်လာရုံရှိသေး လောကြီးသုတ်ပျာ ပြန်ထွက်သွားသည်ကို ကြည့်ကာ သူ ဘာကြောင့် ပြန်ထွက်သွားလဲဆိုတာ သူ(မ)မသိသော်လည်း ဘာမှတော့ပြောမနေချေ။ အရင်ဆုံး ပိုက်ဆံနှင့် စာရင်းများကို သိမ်းလိုက်ပြီး၊ သူ ညဘက် ပြန်လာသည့်အခါမှပဲ သူ(မ) မေးကြည့်ရပေတော့မည်။

ရီရောင့်သုန်းက သူအိမ်ကထွက်လာသည်နှင့် ရပ်ကွက်ရုံးကို တန်းသွားလိုက်သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံး ရပ်ကွက်ရုံးတွင် အလုပ်လုပ်နေကြ၏။

ရပ်ကွက်ရုံးထဲသို့မဝင်ခင် ဂိတ်အဝင်ဝ၌ ရွာသားများအတွက် သတိပေးသည့် တိုင်ဖွန်းသတင်းကို ဖွင့်ထား၏။

ရောင့်သုန်းတစ်ယောက် မနေနိုင်အောင် စိတ်ထဲတွင် ကွန်ပလိန်းတက်လာမိသည်။ ဆိပ်ခံမှာ လော်စပီကာနဲ့ လာဖွင့်လိုက်ပါလား? ငါးဖမ်းသမားတွေက နေ့တိုင်း ဆိပ်ခံတံတားကနေပြီး အဝင်အထွက်လုပ်နေရတာ ပင်လယ်ထဲမှာ ဘာကိစ္စတွေ ဖြစ်ပျက်နေလဲဆိုတာ သိနိုင်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့ပိုလွယ်သွားမယ်မဟုတ်ဘူးလား? ဘာလုပ်ဖို့ ရပ်ကွက်ရုံးထိပ်ကနေပြီး အသံလွှင့်နေရတာလဲ? လူအများအပြားက မကြားနိုင်တော့ဘဲ ပါးစပ်စကားသာ ရှိတော့မယ်!

သူ ရပ်ကွက်ရုံးထဲသို့ ဝင်သည်နှင့် ရွာလူကြီးချန်ဆီ တစ်ခါတည်းသွားလိုက်သည်။ မည်သို့ဆိုစေ သူ၏မြေးဖြစ်သူအား သူ ကယ်တင်ပေးခဲ့ဖူးသည်ဖြစ်ရာ မိတ်ဆွေအဖြစ် သတ်မှတ်လို့ရနိုင်သည်မဟုတ်လား။
ရွာလူကြီးချန်က သူဝင်လာသည်ကို မြင်ရာ အံ့အားသင့်သွားရသည်။ သူက ပျူငှာစွာပြုံးရင်းဖြင့်

"ထိုင်လေ ဘာကိစ္စများရှိလို့ ငါ့ဆီလာရတာတုန်း"

"ရပ်ကွက်ရုံးထိပ်ကနေပြီး သတင်းလွှင့်တာ သိပ်အရေးမပါဘူးလို့ ရွာလူကြီး မခံစားရဘူးလား? ဘယ်သူကများ နေ့တိုင်း ရက်ကွက်ရုံးလာမှာမို့လို့လဲ? စုပေါင်းစီးပွားရေးလုပ်တဲ့ ဒီနှစ်တွေအတွင်း ဒီတိုင်ဖွန်းမုန်တိုင်းသတိပေးချက်ကို ဆိပ်ခံတံတားမှာ မဖွင့်သင့်ဘူးလား?"

ရွာလူကြီးချန် စဉ်းစားကြည့်ပြီး သူပြောသည်က အတော်လေး ကျိုးကြောင်းသင့်လှသည်ဟု ခံစားရကာ

"မင်းပြောတာမှန်တယ်၊ မနက်ဖြန် မိုးရွာမရွာ ကြည့်လိုက်အုံးမယ် မရွာဘူးဆိုရင် တစ်ယောက်ယောက်ကို ဆိပ်ခံမှာ သွားတပ်ဖို့ လွှတ်လိုက်မယ်"

ရွာလူကြီးချန်က သူ့အကြံပြုချက်များကို နားထောင်ပေးသည့်အတွက် ရီရောင့်သုန်းတစ်ယောက် အလွန်စိတ်ကျေနပ်သွား၏။ သူက ဆိပ်ခံတွင် အကာကွယ်ဆိပ်ခံဆီ ကမ်းမကပ်ရသေးသည့်လှေများ ရှိနေသေးကြောင်း ပြောပြကာ စပီကာအား မနက်ဖြန် ဆိပ်ခံအပြင်ဘက်တွင် တပ်ဆင်ပြီး ရွာထဲတွင် အရင်လွှင့်ရန် အကြံပြုလိုက်၏။

စပီကာဖြင့် ရွာတစ်ဝိုက်တွင် လွှင့်နေသေးသ၍ ရွာသားအများစုမှာ သတိပေးချက်များနှင့် အကြံပြုချက်များကို နားထောင်နိုင်ပြီး သူ့ရည်မှန်းချက်လည်း အောင်မြင်လာလိမ့်မည်ပင်။

ရွာသားတွေ နားထောင်၏၊ မနားထောင်၏က သူဝင်စွက်ဖက်လို့ရသည့်ကိစ္စ မဟုတ်ပေ၊ မည်သို့ပင်ဆိုစေ ဆုံးရှုံးမှုကိုတော့ သူ အတတ်နိုင်ဆုံး လျှော့ချနိုင်ပေသည်။

ယခင်ဘဝတွင် ရွာရှိလူတော်တော်များများ၏အသက်က အနှီတိုင်ဖွန်းကြောင့် ဆုံးရှုံးသွားခဲ့ရသည်။ တစ်လကြာ ဥပုသ်စောင့်ပြီး ဆုတောင်းခဲ့ရသည်က သူ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ထင်ကျန်သွားစေခဲ့သည်။
ဤရွာ၏ ရွာခံတစ်ယောက်အနေဖြင့် သူ့ဘဝတစ်သက်သာလုံး ဤနေရာတွင် နေလာသည်ဖြစ်ရာ၊ ဤရွာ‌လေးအတွက် သူတတ်စွမ်းနိုင်သမျှ လုပ်ပေးရပေမည်!

ရွာလူကြီးချန် သူ၏အကြံပြုချက်များအား နားထောင်‌ပေးသည်က ထိုကျေးဇူးကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ့အကြံက ကောင်းသည်ဟု ခံစားရသဖြင့်လည်း သဘောတူလိုက်၏။

အကယ်၍ ထိုကျေးဇူးကြောင့်သာ မဟုတ်လျှင် ရောင့်သုန်းက ယခင်ကအတိုင်း အလေလိုက်သည်ဟု ထင်မှတ်ပြီး သူ့အား ပြဿနာလာရှာသည်ဟုပင် မှတ်ယူချင်မှတ်ယူနေလောက်မည်။
ရွာလူကြီးက တက်ကြွစွာဖြင့်

"ဒီကိစ္စပြောဖို့ ငါ့ဆီရောက်လာတာလား?"

"မဟုတ်ရင်ရော? ဒီနေ့ပဲ ကျွန်တော် ဆိပ်ခံကနေ ပြန်ရောက်လာတာ အကာကွယ်ဆိပ်ခံဆီမသွားရသေးတဲ့ လှေတွေအများကြီး ကျန်နေသေးတာမြင်တော့ ရွာလူကြီးကို သတိပေးမယ်ဆိုပြီး ရောက်လာခဲ့တာ၊ ခုလေးတင် ရုံးထိပ်မှာ သတင်းလွှင့်နေတဲ့ အသံချဲ့စက်ကြီးကို မြင်တာနဲ့ ကျွန်တော့်အကြံလေးကို လာပြောပြတာ"

"ငါ့စိတ်ထင် မင်းအကူအညီတစ်ခုခုလိုလို့ ရောက်လာတယ်ထင်ထာ"

"ဟားဟား ခုထိတော့ မလိုသေးပါဘူး ၊ ပြောမရဘူး နောင်မှာ ရွာလူကြီးချန်ရဲ့ အကူအညီကို လိုတဲ့သူရှိကောင်းရှိလာနိုင်မှာ အဲ့အချိန်ကျရင်တော့ ရွာလူကြီးက တက်တက်ကြွကြွ ဝင်ကူညီပေးဖို့ မျှော်လင့်ပါတယ်ဗျာ"

"ဟားဟား ဒါက ဖြစ်သင့်ပါတယ်ကွာ၊ မင်း နေအများကြီးလောင်ထားတဲ့ပုံကိုကြည့်ပြီး ကြည့်ရတာ ဒီနှစ်လအတွင်း အလုပ်နဲ့လက်မပျက်တဲ့ပုံပဲ! လူငယ်ဆိုတာ ဒီလိုပဲ ကြိုးစားသင့်တယ်"

"ရွာလူကြီးပြောတာမှန်ပါတယ် အရင်က သုံးစားမရတဲ့သားက ပြောင်းလဲသွားပြီဆိုပါတော့ဗျာ၊ ရွာလူကြီးလည်း အလုပ်များနေမှာပေါ့ ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ဘူး"

"ကောင်းပြီကောင်းပြီ မင်းအချိန်ရရင် ငါ့အိမ်ကို လာလည်အုံးကွာ"


ရီရောင့်သုန်းတစ်ယောက် ရပ်ကွက်ရုံးထဲက ထွက်လာချိန်တွင် သက်ပြင်းချမိတော့သည်။ တာဝန်ရှိအရာရှိများနှင့် စကားပြောရသည့်အခါ အလေးအနက်အပြုအမူဖြင့် ယဉ်ယဉ်ကျေးကျေး သုံးနှုန်းရသည့်အတွက် အနည်းငယ် ပင်ပန်းလှသည်။ သည်အချိန်အတောအတွင်း သူက သူ့သူငယ်ချင်းများနှင့် စကားပြောသည့်ပုံစံကို အကျင့်ဖြစ်နေပြီဖြစ်သည်။

ရီရောင့်သုန်း ခေါင်းကို ခါလိုက်မိပြန်တော့သည်။ သူ အားကွမ်ထံတွင် စကားတချို့ မေးကြည့်ရပေအုံးမည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now