အပိုင်း (၁၅)
ဦးလေးတို့သည် အိမ်ထဲမဝင်ခင် ရောင့်သုန်းအား ကြောက်စရာကောင်းစွာ စိုက်ကြည့်သွားသည်။မနက်က ရောင့်သုန်းသူ့အား ဒေါသထွက်စေသော ကိစ္စအား မကျေနပ်ပေ။
သူတို့ နှစ်ယောက် အိမ်ထဲဝင်သွားသည်နှင့် ရောင့်သုန်းနှင့် ရောင့်ဟွာလည်း နောက်မှ ကပ်လိုက်လာသည်။
အိမ်ထဲမှ အမျိုးသမီးများသည် ပန်းကန်တွေဆေးကာ သန့်ရှင်းရေး လုပ်နေသည်။ အဖေ အနားယူနေစဉ် သူ့အကိုများ ရုတ်တရက်ရောက်လာသည်ကို တွေ့လိုက်သည်။
သူတို့သည် အဘွားဆီသို့ လျှောက်သွားကာ ရောက်သည်နှင့် အတူတူခေါ်လိုက်သည် ”အမေ”
“အင်း စားပြီးကြပြီလား”
“စားပြီးပြီ အမေရော စားပြီးပြီလား”
ရောင့်သုန်း သိနေသည် သူတို့ သည်လို သိထားပြီးသား ဖြစ်သည်။ ဘာမှမဟုတ်တဲ့ မေးခွန်းပဲ မေးမည်ဆိုသည်ကို။ နယ်ကလူတွေအများစုသည် စစချင်းနှုတ်ဆက်ပါက စားပြီးပြီလားနှင့် နှုတ်ဆက်ကြသည်။ ဘယ်တော့မှ မပြောင်းလဲပေ။
ဦီးလေးလတ်သည် သူ့အကိုအား လှမ်းကြည့်လိုက်သည်။ ဦးလေးကြီးသည် လည်ချောင်းရှင်းကာ စပြောသည်။ ”မနက်က အမေ့ဆီလာသေးတယ် အမေ မရှိလို့ ထပ်လာမယ်လို့ တွေးထားတာ”
“အမေ့ကို တကူးတကတွေ့ဖို့ လာတာလား“ အဘွားသည် သိလျက်မေးသည်။
“အာ မဟုတ်.. အာ”
စကားမပြောခင်ပင် ဟန်ချက်ကပျက်နေပြီဖြစ်သည်။ ဒုတိယဦးလေးသည် သူကိုယ်တိုင်ပဲ ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒီလိုပါ အမေ အမေ့သားအငယ်ဆုံးက မနေ့က ရွှေရောင်ငါးပုတ်သင်တွေ ဖမ်းမိပြီး ပိုက်ဆံများကြီး ဝင်တယ်မဟုတ်လား အဲဒီသင်္ဘောက အဖေထားခဲ့တာလေ သူသုံးဖို့ ကျွန်တော်တို့က ထားပေးခဲ့တာ သူ့ဘာသူပြင်ပြီး သုံးခဲ့တာပါပဲ။ ဒါပေမဲ့ သူအဲဒီက အကျိုးအမြတ်ရခဲ့ပေမဲ့ ကျွန်တော်တ်ို့ကို ခွဲပေးဖို့ မမေးရက်ပါဘူး”
“ဒါပေမဲ့အခု ကလေးတွေအကုန် အရွယ်ရောက်နေပြီ သူ့အိမ်ထောင်နဲ့သူလည်း ဖြစ်နေပြီ အိမ်မှာအခန်းလည်း သိပ်မလုံလောက်တော့လို့ ယွမ်သုံးရာလောက်ချေးပြီး ကလေးတွေအတွက် အိမ်ဆောက်ပေးချင်လို့ပါ ဘယ်လိုသဘောရလဲ..”
အဘွားသည် မျက်မှောင်ကျုံ့ကာ သူ့ခန္ဓာကိုယ်အား ဘေးဘက်လှည့်ကာ “အာ ဘာပြောလိုက်တာလဲ ငါကနားလေးတယ် ကျယ်ကျယ်ပြောစမ်း”
“ဟားဟား”
ရောင့်သုန်းသည် မရယ်ဘဲ မနေနိုင်တော့၍ အကျယ်ကြီးအော်ရီလိုက်သည်။ အဘွားက အတော်ရယ်ရတာပဲ။ နားလည်းကောင်းတယ် မျက်လုံးလည်း လျင်ပါလျက် အခုတော့ နားလေးတယ်ပြောနေပြီ
အဘွားသည် သူ့အား သဘောမကျသလို လှမ်းကြည့်လိုက်သည်။
ဦးလေးလတ်သည် သူ့ ရယ်သံကြောင့် ရှက်သွားသည်။အဘွားနား ပြဿနာမရှိသည်ကို သူတို့ မသိဘဲ နေမည်မထင်ပါ။
အဖေသည်”မနက်ကပဲ လာပြီး ပိုက်ဆံလာတောင်းသွားတယ် အခု ပိုက်ဆံလာချေးပြန်ပြီ။ လက်မလျှော့သေးဘူးလား ငါ့အိမ်မှာလည်း ငါ့သားသမီးတွေ တစ်အိမ်ထဲ စုနေရတာ ကုတင်တစ်လုံးမှာ လေးငါးယောက်အိပ်နေရတာ ငါ့မှာ ချေးစရာပိုက်ဆံမရှိဘူး ငါ့ဘာငါ အိမ်ဆောက်ပြီး အိမ်ခွဲပေးမလို့”
“အဲဒါဆိုလည်း နည်းနည်းတော့ ချေးပေးကွာ ငါတ်ို့ပိုက်ဆံထပ်ပေါင်းပြီး လုပ်လိုက်မယ်။ငါတို့အိမ်က မြေးတွေက ပိုများပါတယ်”
“ငါ့မြေးတွေကရော မကြီးလာတော့ဘူးလား”
“မင်းမှာက သင်္ဘောရှိပြီးသားလေ ကိုယ့်အတွက် ကိုယ် ငါးမြှားတာက ငါတို့လိုလှေသမား ထက်စာရင် အကျိုးအမြတ်ရှိပါတယ်”
“တစ်ကိုယ်တည်း ငါးမျှားနေတာက မတည်ငြိမ်ဘူး မင်းရဲ့ သားတွေက အိမ်ခွဲပြီးသူတို့ဘာသာ သက်သက်နေနေပြီမဟုတ်လား သူတို့သားအတွက် သူတိူ့ဘာသာ တာဝန်ယူပါစေလေ မင်းကကိုယ့်အတွက်ကိုယ်သာ ပူရမှာ”
အဖေ့စကားများသည် မှန်နေ၍ ဦးလေးတို့ ပြောစရာ စကားမရှိတော့ဘဲ ငြိမ်ကျသွားသည်။
သို့သော် ဦးလေးတို့ လက်မလျှော့ပေ။ အဘွားဘက်လှည့်ကာ “အမေ ဒီလိုဆိုရင်ရော သင်္ဘောကို ခဏဌားရင်ရော တစ်လကို ရက်သုံးဆယ်ဆိုတော့ အကိုနဲ့ ကျွန်တော် ဆယ်ရက်စီယူမယ်လေ ဘယ်လိုသဘောရလဲ”
“ငါနားလေးနေတာ အငယ်ကောင်နဲ့ပဲ သွားဆွေးနွေးလိုက်”
ဦီးလေးလတ် ဆွံ့အသွားသည်။
ရောင့်သုန်းသည် ပြုံးလိုက်ကာ အဘွားနားသွားရင်း”အဘွားက အသက်ကြီးနေပြီ သူ့ကို မနှောင့်ယှက်ကြပါနဲ့တော့ သင်္ဘော ဌားဖို့ကတော့ မဖြစ်နိုင်ဘူးနော် ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ အဟောင်းဆိုပေမဲ့ ကျွန်တော်တို့ မိသားစုအတွက် တန်ဖိုးရှိတယ် အဲတော့ ဌားဖို့ကိစ္စ မစဉ်းစားကြနဲ့ အခုမှ ဒီသင်္ဘောနဲ့ ပင်လယ်စထွက်မလို့ လုပ်နေတုန်း”
သူ့စကားတွေအား ကြားလိုက်တော့ ဦးလေး၏ စိတ်အားထက်သန်မှုသည် လျော့ကျသွားသည်။ နည်းနည်း တွေဝေကာ အခြားအတွေး စဉ်းစားနေသည်။
အမှန်ပင် သင်္ဘောသည် ဟောင်းနေလှပြီ အခုပြင်လို့ရနေသော်လည်း ပြန်မပျက်ဘူးဟု အာမမခံနိုင်ပေ။ ကမ်းခြေနား ပျက်သွားပါက ခုန်ချကာ ရေကူးသွားလို့ရသည်။ သို့သော် ပင်လယ်ကြီးထဲသာ ပျက်သွားပါက..
တွေးကြည့်ရုံဖြင့် ဆံပင်ပါ ထောင်ချင်နေသည်။
စကားပြောဖို့လုပ်နေသည့် ဦးလေးလတ်အား သူဆွဲလိုက်ကာ ”လှေဌားဖို့တော့ မေ့လိုက်တော့ ကျွန်တော်တို့လည်း အခက်အခဲတွေရှိတယ် အခြားနည်းနဲ့ ဖြေရှင်းလိုက်ကြပါ”
“ငါတို့က သူစိမ်းမှ မဟုတ်တာ ငါတို့ သေချာ ဂရုစိုက်မှာပါ”
“မဟုတ်ဘူး ဒီလှေက အဟောင်းကြီး မသိနိုင်တဲ့ ပြဿနာတွေ ရှိတယ် ကမ်းခြေနားပျက်တာက ထားဦး ပင်လယ်ထဲသာ…”
ဦးလေးသည် အကြံအား လက်မခံနိုင်ပေ။ထို့နောက် ဦးလေးသည် မမျှော်လင့်ထားဘဲ ရုတ်တရက် မစဉ်းစားဘဲ အော်မိသွားသည်။
“ပင်လယ်ထဲ ပျက်သွားလည်း ဘာဖြစ်လဲ ငါတို့တွေ ထပ်ပြီး…”
“ဘာ မင်းကတကယ်ကို ဂြိုလ်ဆိုးပဲ ဒီလိူမျိုးကျိန်ဆဲနေတာ ငါတို့က ညီအကိုတွေပါ ဒီလိုမျိုးတွေ ပြောစရာလိုလား “အဖေသည် ဒေါသထွက်လာကာ ရေပိုက်နှင့် ပစ်မိမလိုပင် ဖြစ်သွားသည်။
အမေလည်း ဒေါသတွေထွက်ကာ “ညီအစ်ကိုတွေပဲကို ငါတို့ မိသားစုကို ဒီလိုတွေလာပြီး ကျိန်ဆဲမနေနဲ့ ပိုက်ဆံမချေးရုံနဲ့ ဒီလောက်အထိပြောရလား”
ရီရောင့်ဖုန်သည် ဒေါသထိပ်ရောက်ကာ ဦးလေးဟုပင် မခေါ်တော့ပဲ လက်ညိုးထိုးပြီး ”ငါတို့က ဘာအမှားလုပ်မိလို့လဲ ဘာလို့မအောင်မြင်စေချင်နေပြီး ဘာလို့ ဒီလို ကျိန်ဆဲနေတာလဲ”
“မဟုတ်ပါဘူး ငါမရည်ရွယ်ပါဘူး အဲလိုမဟုတ်ဘူး” ဦးလေးသည် စကားမှားပြောမိသည်ကို သဘောပေါက်ကာ ပြန်ရှင်းပြနေသည်။
“ငါတို့က မိသားစုတွေလေ ဘယ်လိုလုပ် အဲလိုကျိန်ဆဲမှာတုန်း”
ရောင့်သုန်း မျက်နှာသည် အိုးအောက်ခြေလို မဲလာကာ ရောင့်သုန်းအခုမှ ပင်လယ်ထဲကျလာသည်ကို အခုသူ့မိသားစုကိုပါ ကျိန်ဆဲနေသည်။”ဖူး ဖူး ဖူး ကံဆိုးမှုတွေ လာမှာမဟုတ်ဘူး ကံကောင်းမှုတွေပဲ လာမှာ ခင်ဗျားတို့ အခုထွက်သွားတာကောင်းမယ် ခင်ဗျားတို့ကို မကြိုဆိုဘူး အခုမထွက်ရင် တံမြက်စည်းနဲ့ ရိုက်ထုတ်ပစ်မယ် ကြည့်လို့မကောင်းရင်တောါ အပြစ်မဆိုနဲ့နော်”
“မဟုတ်ဘူး ငါတို့ အဲလိုမရည်ရွယ်ပါဘူး”
ချွေးမများပင် စိတ်ဆိုးလာကာ သူတ်ို့မကျေနပ်သည်ကို ပြောလာကြသည်။
“ကျွန်မတို့ မိသားစု အဆင်ပြေနေတာကို မကြည့်နိုင်ကြတာလား ဘင်္ဘော မငှားပေးတာနဲ့ ပိုက်ဆံချေးမပေးတာနဲ့ ဒီလို ကျိန်စာတိုက်တာ မဟုတ်လား”
“မိသားစုတွေပဲကို ဘာလို့ဒီလိုဖျက်လိုဖျက်ဆီးနဲ့ ဘယ်လိုနှလုံးသားနဲ့ ပြောနိုင်ရတာလဲ”
“ကျွန်မတို့က ဘာအမှားလုပ်မိလို့လဲ ဒီလိုကျိန်ဆဲနေတာ လူတစ်ယောက်အနေနဲ့ အသိတရား မရှိတော့ဘူးလား”
ဦးလေးတို့နှစ်ယောက်သည် အသိုက်ကို တုတ်နဲ့ ထိုးမိသလိုပင် လုပ်မိသွားတော့ ဘာမှပြောစရာမရှိပေ။သူတို့ကို မေးခွန်းထုတ်နေတဲ့ လူတွေကြား အကြိမ်ကြိမ် တောင်းပန်ရုံမှ လွဲ၍ မရှိပေ။
“တော်လောက်ပြီ မင်းတို့ ဒီအသက်အရွယ်ရောက်နေပြီ မင်းတို့စကားတွေက ရူးလိုက်တာ ငါတို့က ပင်လယ်နားက လူတွေက ဒီလိုစကားတွေ ပြောတတ်လို့လား ပြီးတော့ ညီအကိုတွေဆိုတာလည်း သတိရဦး “အဘွားသည် စားပွဲကို ထုလိုက်ကာ ညီအကိုနှစ်ယောက်အား စိုက်ကြည့်လိုက်သည်။
ထို့နောက် အဘွားသည် တစ်ယောက်တည်း ရွတ်လိုက်သည် ”ဘုရားကောင်းချီးပေးပါစေ မဇု နတ်ဘုရား ကောင်းချီးပေးပါစေ ဒေါသမထွက်နဲ့ ဒေါသမထွက်နဲ့ “
ကြီးတဲ့သူတွေက ပိုပြီး စကားကို မဆင်မခြင်ပြောနေသည်။
ဦးလေး နှစ်ယောက်သည် “အမေ ကျွန်တော်တို့ အဲလို မရည်ရွယ်ပါဘူး ဘယ်လိုလုပ် ကိုယ့်ညီကို အဲလို
ကျိန်ဆဲမှာလဲ ကျွန်တော်တို့က တကယ့်အရင်းတွေပါ ဘယ်လောက်ပဲ ပြသနာရှိရှိ ဒီလို မပြောပါဘူး ပါးစပ်က ဒီတိုင်းထွက်မိသွားတာပါ အတည်မဆိုလိုပါဘူး”
“မင်းတို့ တွက်ကပ်တတ်တာ သိတယ် ဒါပေမဲ့ လောဘအရမ်းကြီးတာ မကောင်းဘူးနော် နှလုံးသားဖြူစင်မှ ကောင်းတာတွေဖြစ်မှာ အခုပြန်တော့ ကိုယ်နဲ့ မဆိုငတာကို မျှော်လင့်မနေနဲ့”
“ဟာ”
ဦးလေးတို့နှစ်ယောက် နှင်ထုတ်ခံရသည်နှင့် အမြန်ထွက်သွားကြသည်။ သည်ထက်ကြာကြာ မနေရဲကြတော့ပေ။
