အပိုင်း (85)
လူ လေးယောက် အလုပ်တူတူ လုပ်ကာ စုစုပေါင်း ၅ လုံးကို အခွံမာငါး ၂ အိတ်၊ ယောက်သွား အိတ်ကြီး ၁ အိတ်၊ ပင်လယ်ဖရဲစေ့ ၂ အိတ်နှင့် လက်ဝါးကောင်၊ ခရုများ၊ သင်တုန်းခုံးနှင့် ခုံးတစ်ခြမ်းတို့ဖြင့် ပုံးတစ်ပုံး အပြည့် ရလာခဲ့သည်။ ပင်လယ်ကြက်ခြေထောက်များနှင့် လိပ်ဥများကို ပုံးတစ်ပုံးထဲ ထည့်ထားပြီး ကဏန်းနှင့် ငါးများကိုမူ ပလိုင်းထဲ လောင်းထည့်လိုက်သည်။ မဟုတ်လျှင် နေရာရှိတော့မည် မဟုတ်ချေ။
ကဏန်း ဘုရင်ကြီးကိုမူ ခြေထောက်များကို ချည်နှောင်ပြီး လှေဝမ်းဗိုက်ထဲ ပစ်ထည့်ထားလိုက်သည်။ အမှန်တကယ်ကို ထားစရာ နေရာ မရှိတော့ချေ။
လှေတစ်စင်းလုံးမှာ ပင်လယ်စာ အပြည့်၊ အိတ်အပြည့်နှင့်၊ ကံကောင်း ထောက်မစွာဖြင့် ဒီရေတက်လာပြီ ဖြစ်ရာ အပြင်ဘက်ဆုံး သန္တာကျောက်တန်းနံရံများဆီ ဒီရေများ လျှံတက်လာ၏။ မထွက်ခွာခင် ဒီရေတက်သည့်တိုင်အောင် အချိန်ဆွဲ စောင့်ဆိုင်းခဲ့ကြသည်၊ မဟုတ်ပါက လှေကို တွန်းနိုင်တော့မည် မဟုတ်ပေ။
"အားသုန်း၊ မင်းကသာ မများဘူး။ အလုပ်မရှုပ်ဘူးလို့ ထင်နေတာ၊ ဒီလောက် အများကြီး ပြန်သယ်သွားပြီး စားလို့ မကုန်ရင် ဖြုန်းရာမကျဘူးလား"
နောက်ဆုံးသော အခွံမာငါးအိတ်ကို လှေပေါ် ကူတင်ပေးပြီးနောက် အားကွမ် တစ်ယောက် ချွေးများသုတ်လိုက်သည်။ ဤအိတ်ကြီးမှာ မပေါ့လှ၊ ထို့အပြင် အခွံမာငါးများက အစကတည်းက အလေးချိန်ရှိနှင့် နေပြီးသားပင်။
အသေးလေးကလည်း ;
"ဟုတ်တယ်ဟ၊ နှစ်လုံးလောက်ဆို တော်ရောပေါ့၊ ကံကောင်းလို့ တစ်လုံးက ကမာ ၁၀ ကျင်းလောက်ရထားလို့၊ အဲ့ဒါနဲ့တင် နှစ်ရက်၊ သုံးရက်စာ ရနေပြီ"
"စားဖို့သောက်ဖို့အတွက် သုံးရမဲ့နေရာတွေက အများကြီးပဲဟ၊ ငါ့အမေကလည်း များများ တူးလာခဲ့ဖို့ မှာလိုက်တာ၊ အသားကိုထုတ် အခြောက်လှမ်းပြီး လှောင်ထားရင် ဖြည်းဖြည်းချင်း စားလို့ရတာပေါ့၊ မဟုတ်ရင် အိမ်မှာ ပါးစပ်ပေါက်တွေ အများကြီးနဲ့ အလုပ်သမားတွေကလည်း ရှိသေးတယ်။ အစားအသောက် စရိတ်နဲ့က မကာမိဘူး"
အားကျန်းက ;
"မင်းအမေက အတွက်အချက် တော်လှချည်းလား။ အများကြီး အားစိုက်ထုတ်စရာလည်း မလိုတော့ဘူး၊ ဒီလောက် အများကြီး တူးထားတော့ ဘယ်လောက်ကြာကြာခံလဲ"
"အိမ်မှာ အလုပ်လုပ်နိုင်တဲ့သူတွေ အများကြီး ရှိတာပဲဟာ။ ချွေးမ သုံးယောက်နဲ့ သမီး တစ်ယောက်လေ၊ သူ အလုပ် ပင်ပင်ပန်းပန်း လုပ်စရာ မလိုဘူးမလား"
"အေး၊ ဟုတ်သားပဲ၊ သားတွေ မွေးထားတာ ကောင်းလိုက်တာကွာ။ အားကိုရတာပေါ့"
ရီရောင့်သုန်း အသေးလေးကို စွေကြည့်လိုက်၏။ သည်ကောင် အသက်ကြီးလာတော့မှ သူ့သမီးဘယ်လောက်ကောင်းလဲ သိလိမ့်မယ်။
သားတွေကတော့လား၊ အလိုလေး ... ငါတော့ ယောက္ခမအိမ်မှာ အလုပ် သွားလုပ်ပေးရတော့မယ်။
"အားလုံး လှေပေါ်မှာစုံပြီလား။ မကျန်ခဲ့စေနဲ့နော်။ ကျန်ခဲ့ရင် ငါ ပြန်လှည့်လာမှာ မဟုတ်ဘူး"
"ဘာမှ မကျန်ခဲ့လောက်တော့ဘူး၊ ငါတို့ လှေပါ် အားလုံး တင်ပြီးသွားပြီ၊ အေး၊ မြှုပ်သွားရင်တော့ မင့်ဟာတွေပဲနေမှာ ကွမ်ရေ၊ ဟီးဟီး၊ သွားစို့"
ရီရောင့်သုန်းက အားကျန်းကို ကြည့်ကာ ;
"တစ်ခုခု လိုနေတယ်လို့ မင်း မထင်ဘူးလား"
"ဘာကိုလဲ။ မလိုပါဘူး၊ ဟုတ်တယ်မလား"
အားကျန်း တစ်ယောက် လှေကို မသေချာ မရေရာစွာ စစ်ဆေးကြည့်လိုက်ပြီး ;
"မကျန်ပါဘူး။ ငါ အားလုံး တင်ပြီးသွားပြီပဲလေ၊ ငါ့မှာ စည် တစ်လုံးနဲ့ အိတ် နှစ်လုံးပဲ ပါတာလေ"
"ဒါဆို ငါ ထွက်တော့မယ်နော်၊ အေး၊ နောက်မှ မီးဆွတံ ပြန်ယူပါရစေဆိုပြီး ငါ့ကို ပြန်မလှည့်ခိုင်းနဲ့၊ မင်းအမေ မင်းကို သေအောင် ရိုက်ပလေ့စေ"
"အာ၊ မီးဆွတံ။ ဟုတ်သား၊ ဘယ်မှာတုန်း ငါ့ရဲ့မီးဆွတံ"
သူက လှေပေါ်က ပြေးဆင်းသွားပြီး ကမ်းခြေပေါ် အပြေးသွားလိုက်သည်။ ဖြစ်ချင်တော့ သူ ရောင့်သုန်းကို အခွံမာငါးများ ကူသယ်ပေးနေချိန် ကျောက်တုံးပေါ် ချထားမိခြင်း ဖြစ်သည်။ အမဲပေါ် အညိုထပ်နေသဖြင့်လည်း သူ သတိ မထားမိတာ မထူးဆန်းတော့ချေ။
"ဟေး၊ ငါ ရှာတွေ့ပြီဟေ့။ ငါ ပြန်လာပြီ"
အားကွမ်က လှေပေါ် ပျင်းရိစွာ ထိုင်နေပြီး သူ့ကို အော်ရယ်ကာ ;
"ဘယ်လိုလဲ၊ မှတ်ပြီလား"
"ဟွန့်....."
အားကျန်း တစ်ယောက် နှစ်ကြိမ် နှာမှုတ်လိုက်ပြီး စကား မပြောတော့ချေ။
ရီရောင့်သုန်း ကျန်ခဲ့တာ ရှိ၊ မရှိ တစ်ဖန်ပြန်စစ်ဆေးလိုက်ပြီ လှေစလှော်လေသည်။
ဤအချိန်ကာ နေဝင်ခါနီးနေပြီ ရောင့်သုန်း တစ်ယောက် အိမ်ပြန်ရန် စိတ်အားထက်သန်နေ၏။ တစ်နေကုန် အပြင်ထွက်ပြီးနောက်တွင် သူ အတော်လေး ပင်ပန်းနေပြီလည်း ဖြစ်သည်။
သည်အချိန်လောက်ဆို အဖေလည်း အိမ်ပြန်ရောက်နေလောက်ပြီမလား။ ဒီရေကလည်း မြင့်နေပြီဆိုတော့...
မွန်းတည့်ချိန်က ပင်လယ် ဝံပုလွေကျင်းထောင်ကျော်ဖြင့် လူတိုင်း၏ ဗိုက်မှာ ပြည့်အင်းနေလေပြီဖြစ်သည်။ အပြန်ခရီးတွင်တော့ အားလုံးက အိမ်မြန်မြန် ပြန်ချင်နေကြပြီး မည်သူကမှ ပိုက်ကွန်ပစ်ရန် စိတ်မပါတော့ချေ။
ယခုကဲ့သို့ ပူပြင်းလှသည့် နေရောင်အောက်ကြီးတွင် ပင်လယ်ပြင် ထွက်ပြီး ငါးဖမ်းထွက်ရသည်က၊ အထူးသဖြင့် မတ်စောက်လှသည့် သန္တာကျောက်ဆောင်များကို တက်ကာ ရှာဖွေရသည်က မလွယ်ကူလှချေ။ ကံကောင်းထောက်မစွာဖြင့် ဒီရေက ၁၅ ရက်မြောက်နေ့တွင် အောက်ခြေအထိ ကျဆင်းသွားပြီး သန္တာကျောက်ဆောင်များ အားလုံး ပေါ်လာသောကြောင့် ခြေထောက်ချော်ပြီး ပင်လယ်ထဲကျသွားလျှင်တောင် လှိုင်းလုံးများကြောင့် ပင်လယ်ထဲ မျောပါသွားမှာ စိုးရိမ်စရာ မလိုချေ။
နွေဦး ဒီရေမှ လွဲ၍ အခြားအချိန်များတွင်တော့ ယခုလိုမျိုးဆိုလျှင် အန္တရာယ်မှာ နှစ်ဆ ဖြစ်သည်။
သူ့လှေ ဆိပ်ခံနား နီးကပ်လာသည့်အချိန်တွင် ဆိပ်ခံအနီး၌ လှေကြီး၊ လှေငယ်များ ဆိုက်ကပ်နေကြပြီ ဖြစ်သည်။ သူ ကမ်းကပ်ဖို့ရာ နောက်ကျနေသဖြင့်လည်း သူ့ နောက်တွင် မည်သည့် လှေမှ ရှိမနေချေ။
ကမ်းကပ်ပြီးနောက် လှေပေါ်မှ ကမာကောင် အိတ်များနှင့် ပင်လယ်စာများကို တစ်ယောက်လျှင် နှစ်အိတ်စီ ဆွဲကာ ကမ်းစပ်ပေါ် တင်လိုက်ကြသည်။
ယခုတစ်ကြိမ်တွင် အိတ်ဖြင့် ထည့်လာသဖြင့် ဆိပ်ခံကို ဖြတ်သွားသည့်လူများမှာ အထဲတွင် ဘာပါသလဲကို မမြင်ကြပြီး၊ လူ အနည်းစုလောက်ကသာ လာမေးမြန်းကြ၏။
သူတို့ အားလုံး ဘာမှ ထွေထွေထူးထူး မဖြေလိုက်ကြချေ။
သူတို့နဲ့ ရင်းနှီးတဲ့ လူတွေမှ မဟုတ်တာ၊ ဘာလို့ အသေးစိတ် လိုက်ရှင်းပြနေရမှာလဲ။
သူတို့က ဘာမှပြန်မပြောလာပြီး၊ တစ်ချို့က ထူးထူးဆန်းဆန်း စကားတစ်ချို့သာ တီးတိုး ပြောသွားကြသည်။ ထို့နောက် သူတို့အလုပ်သူတို့ ပြန်လုပ်ကြကာ မည်သူကမှ မေးမြန်းကြရန် ထိုမျှ အချိန် မအားနေကြချေ။
အားချိုင်ထံမှ လှည်းတစ်စီး ငှားပြီးနောက် သူတို့ပစ္စည်းများ လှည်းပေါ်တင်ကာ လှေပေါ်ကျန်နေသေးသည့် ပုံးများတင်ရန် လှေဆီပြန်လာခဲ့ကြသည်။
ဤအခွံမာငါးအိတ်များတွင် အဖိုးတန်ပစ္စည်းအချို့ရှိနေသောကြောင့် ရီရောင့်သုန်း တစ်ယောက် အနှီဂဏန်းပြာ ဘုရင်ကြီးကို အားချိုင်ထံ ချက်ချင်းပို့ရန် အလျင်မလိုသေးဘဲ၊ အားလုံးကို အိမ်ပြန်ယူကာ ရွေးထုတ်ယူပြီးနောက်မှ သွားရောင်းရန် ဆုံးဖြတ်လိုက်သည်။
သူငယ်ချင်း တစ်အုပ် အကွာအဝေး ကိုယ်စီ ရှိကြသည့် အိမ်များဆီ ပျော်ရွှင်စွာ ပြန်သွားကြပြီး၊ ရီရောင့်သုန်းက တတိယဖြစ်ပြီး အားကွမ်တို့ အိမ်က အဝေးဆုံး ဖြစ်သည့် အနောက်ဘက်တောင်တွင်ဖြစ်သောကြောင့် အားကွမ်က နောက်ဆုံးဖြစ်သည်။
ရီမိသားစု အိမ်သို့ ရောက်သည်နှင့် တစ်မိသားစုလုံးမှာ သူ့ကို ထိုင်စောင့်နေကြ၏။ နေဝင်နေပြီ ဖြစ်သော်လည်း သူက ပြန်မရောက်လာသေးကာ ပင်လယ်ထဲ ကိုယ်တိုင် ထွက်သည့် ပထမဆုံးနေ့တွင် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။
လင်းရှို့ချင်းမှာ စိတ်လည်း ပူရသလို ထိတ်လည်းထိတ်လန့်နေမိကာ တံခါးဝတွင် တမျှော်မျှော်ဖြင့် ထိုင်စောင့်နေလေ၏။
သူနှင့် အားကွမ်တို့ကို မြင်သည့်အချိန်မှပင် အိမ်ထဲကို လှမ်းအော်လိုက်ပြီး သူတို့ဆီ အပြေးသွားလိုက်သည်။
"ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။ နောက်တစ်ခါ နောက်ကျမှ ပြန်လာမယ်ဆိုရင် ကျွန်မကို အရင် အသိပေးသွားလေ၊ တစ်မိသားစုလုံး ရှင့်ကို စိတ်ပူနေကြတာ"
"ငါတို့က လေးယောက်တောင် အတူတူ သွားကြတာလေ၊ မင်းက ဘာကို ကြောက်နေရတာတုန်း။ ငါတို့ ဒီနေ့ အခွံမာငါးတွေ အများကြီး ကောက်လာခဲ့တယ်၊ အချိန်နည်းနည်း ပိုပေးရတော့ နည်းနည်းနောက်ကျသွားတာ"
"ဘာမှ စိုးရိမ်မနေနဲ့တော့။ ဘာမှဖြစ်စရာ အကြောင်း မရှိဘူး"
အမေ ရီ တစ်ယောက် သူ(မ) ထွက်လာသည့်အချိန် ပင်လယ်စာ အပြည့်ထည့်ထားသည့် အိတ်များနှင့် ကဏန်းပြာကြီးကို မြင်ကာ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားရသည်။
"ဒီကဏန်းပြာက ဘာလို့ အဲ့လောက်တောင် ကြီးရတာလဲ။ ကျင်း ဘယ်လောက်တောင် ရှိလိုက်မလဲနော်။ ဘာလို့ ဒီကို ပြန်ယူလာရတာတုန်း။ အားချိုင်ဆီ တစ်ခါတည်း ယူမသွားဘဲနဲ့"
"စိတ်မပူပါနဲ့၊ အိတ်ထဲမှာလည်း ရှိသေးတယ်။ ခွဲထုတ်ပြီးတော့မှ အားလုံး ပေါင်းပြီး ယူသွားလိုက်မလို့၊ အခု ပစ္စည်းတွေ အရင် အထဲထဲ ထည့်ရအောင်"
"အို့၊ အေးအေး၊ သားတို့ ဒီအိတ်တွေကို နောက်ဖေး ဝိုင်းကူသယ်ပေးပါအုံး"
"အိုခေ"
ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာတို့မှာ အားကျနေကြ၏။ အားသုန်းက လက်ဗလာနဲ့ ပြန်မလာတဲ့အပြင်ကို ကဏန်း အကြီးကြီး တစ်ကောင်ကိုပါ ရလာခဲ့သေးတယ်။
ခယ်မ အလတ်မှာ နောင်တရသံ စွက်စွက်ဖြင့် ;
"ရောင့်သုန်းကတော့ ဒီလှေလေး ဝယ်လိုက်တာ မှန်သွားတာပဲ"
ရီရောင့်သုန်း သူ့ကို မော့ပင်ကြည့်မနေဘဲ သူ(မ) စကားကိုလည်း ပြန်မဖြေချေ။ သူက သူ့အစ်ကို နှစ်ယောက်ကိုသာ;
"အားကွမ်ရဲ့အိတ် နှစ်လုံး ပါသေးတယ်နော် အစ်ကိုတို့၊ သူ့အိတ်တွေကို မှားမယူမိစေနဲ့အုံး"
"အေးအေး"
ဤအချိန်ကာ ထမင်းစားချိန် ဖြစ်ပြီး အိမ်တိုင်းမှာ ထမင်း စားသောက်နေကြရာ တံခါးဝတွင် ငါးပိုက်များသာ ရှိ၍ မည်သူမှ ရှိမနေသောကြောင့် တိတ်ဆိတ်နေ၏။
ပစ္စည်းများ ရွှေ့ပြီးသည့်နှင့် အမေ ရီက ပြုံးပြီး အားကွမ်ကို ထမင်း အတူစားရန် ဖိတ်လိုက်သည်။
"တော်ပါပြီ အဒေါ်ရေ၊ အိမ်ပြန်ရောက်မှပဲ စားတော့မယ်"
"ဘာမှမဖြစ်ဘူး။ ငါ့အိမ်မှာ ဝင်သာ စားသွား၊ တူလေး တစ်စုံ ပိုထည့်ပေးရုံပဲကို၊ ငါတို့ တစ်နေကုန် အလုပ်တွေ ပင်ပန်းထားကြတာ ဗိုက် အရင်ဖြည့်ကြတာပေါ့"
ရီရောင့်သုန်းက သူ့ထံမှ ဘာရှင်းပြချက်မှ ယူမနေတော့ဘဲ ညစာ စားရန် အိမ်ထဲ ဆွဲခေါ်သွားလိုက်သည်။
"ငါက အများကြီး စားတာနော်..."
"မင်း တစ်ယောက်တည်းနဲ့ ငါတို့ မိသားစု မွဲသွားမှာမို့လို့လား"
အမေ ရီကလည်း ပြုံးရင်းဖြင့် ;
"ဟုတ်သားပဲကွယ်၊ မင်းအိမ်မှာ ညီမလေး နှစ်ယောက်တည်း ရှိနေတာလေ။ ဒီချိန်လောက်ဆို သူတို့လည်း စားပြီးလောက်ရောပေါ့၊ မင်းက ဒီမှာပဲစားသွားလိုက်"
အားကွမ်မှာ မငြင်းနိုင်တော့သည်ဖြစ်ရာ စားသောက်ပြီး၊ မနက်ဖြန်ကျမှ အားသုန်းတို့ အိမ်ဝိုင်းအား ဝိုင်းကူညီပေးမည်လို့ စိတ်ကူးထားလိုက်သည်။