အပိုင်း (၁၂၆)
ရီရောင့်သုန်းတစ်ယောက် လမ်းလျှောက်နေရင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ကယ်ကျိုးပါး (Gezhouba) က လွန်ခဲ့တဲ့နှစ်နှစ်ကမှ ဆောက်ထားတာ ဟုတ်တယ်မလား?
ကယ်ကျိုးပါးဆည်ပိတ်ပြီးနောက်တွင် တရုတ်ငါးကြင်း ဥ,ဥမျိုးပွားမှုနှင့် ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့ပြီး အရွယ်မရောက်သေးသည့် ငါးအရေအတွက်မှာ ၃ နှစ် အတွင်း သိသိသာသာ ကျဆင်းလာပြီး သယံဇာတ ပမာဏ ၉၇ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။
အဲ့ဒါက 1983 လောက်မှာ ဆိုတော့ ငါတို့နိုင်ငံက စီးပွားဖြစ်တရုတ်ငါးကြင်းဖမ်းဆီးတာကို လုံးဝပိတ်ပင်မှာ နောက်နှစ်လောက်ဖြစ်မယ်မလား?
သူ ယခုလေးတင် ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် အနှီအချက်အား မေ့သွားခဲ့ခြင်းပေ။ သူထင်ခဲ့သည်မှာ တရုတ်ငါးကြင်းက မျောလာပြီး ဤနေရာသို့ ရေကူးလာခြင်း ဖြစ်လိမ့်မည်ဟုပင်။
သူက ယောက်ဖနှစ်ယောက်အား အလျင်အမြန်ဖြင့်
“ငါမှတ်မိပြီကွ၊ ဒီငါးကို အခုဖမ်းလို့မရတော့ဘူး ဖမ်းလိုက်ရင် ငါတို့တွေ ထောင်ထမင်းစားနေရလိမ့်မယ် ပြန်လွှတ်လိုက်ရအောင်..?”
သူ ယခင်ကလည်း ဤမျှကြီးသည့်ငါးမျိုး မဖမ်းမိဖူးသည်လည်း မဟုတ်ရာ ငါးလွှတ်မည့်ကိစ္စကို ပြောသည့်အချိန်တွင် လုံးဝ သောကမရောက်နေပေ။ သူတို့ကို လွှတ်ပေးလိုက်ရုံပင်။ သွားပြီး ဥပဒေစည်းမျဉ်းအား ဘောင်မကျော်သင့်ပေ။
“ဟမ်? ဖမ်းလို့မရဘူး?”
လင်းရှန်ဟွေ့က အံ့အားတသင့်ဖြင့် “ဒါ ငါးလေးပဲလေ မဟုတ်ဘူးလား?”
လင်းရှန်ရုန်ကလည်း မျက်မှောင်ကြုတ်ရင်းဖြင့်
“ဟုတ်သားပဲကို ငါးလေးဖမ်းရုံနဲ့ ဘယ်လိုလုပ်ပြီး ထောင်ထမင်းစားရမှာလဲ?”
ရီရောင့်သုန်း ခေါင်းကိုကုတ်လိုက်မိတော့သည်။ အနှီငါးမှာ မျိုးသုဉ်းလုနီးပါးမျိုးစိတ် ဖြစ်သည်ဟုလည်း ပြော၍မရ၊ ၎င်းက နှစ်အနည်းငယ်အတွင်း မျိုးသုဉ်းတော့မည်ဖြစ်ကာ ငါးဖမ်းခြင်းကိုတားမြစ်ထား၏။ သေချာစဉ်းစားပြီးနောက်တွင်တော့ သူ၏လျှာစောင်းထက်ထက်ကိုပဲ အားကိုးရပေတော့မည်ပင်။
“ငါးတစ်ကောင်နဲ့တစ်ကောင်က တူကြတာမဟုတ်ဘူး၊ ဒီလိုငါးမျိုးက အရွယ်အစား၊ အရောင်နဲ့ အစင်းတွေကို ကြည့်ရုံနဲ့ သိနိုင်တယ်၊ ငါကြားထားတာ တရုတ်ငါးကြင်းတွေက မျိုးသုဉ်းတော့မှာတဲ့၊ ငါတို့သာ မနက်ဖြန် သွားရောင်းလိုက်ရင် သေချာပေါက်ဖမ်းခံထိလောက်မှာ၊ ငါက မင်းတို့ထက် ငါးအကြောင်းပိုသိတယ်၊ ငါ့စကားနားထောင် ငါကတော့ ကိုယ့်ပိုက်ဆံကိုယ် အလကားသက်သက် အထွက်ခံပါ့မလား? ဒီငါးကတော့ တကယ်ကို ဖမ်းလို့မရလို့”
ညီအကိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တွေဝေစွာကြည့်လိုက်ကြပြီး နှစ်ဦးစလုံး အနည်းငယ် တုံ့ဆိုင်းနေကြသည်။ နောက်ဆုံးတွင်မှ ဤအဖိုးတန်လှသည့်ငါးကို သူတို့ ဖမ်းမိနိုင်ခဲ့ခြင်းမဟုတ်လား။
လင်းရှန်ရုန်က မျက်မှောင်ကြုတ်ကာ
“မင်းပဲပြောတော့ ဒါက တရုတ်ငါးကြင်းမှန်း မသေချာဘူးဆို”
“အမ်...ငါ သေတော့မသေချာဘူးပေါ့ကွာ အရင်ကမှ မမြင်ဖူးပဲကို ဒါပေမဲ့ ဒါက ဟုတ်နေတယ်ဆိုရင်ရော? သွားရောင်းတော့မှ သူများတွေ မှတ်မိသွားရင် ဖမ်းခံရမှာပဲလေ၊ အဲ့တော့မှ မင်း မသိပါဘူးလို့ပြောရင်တောင် အသုံးဝင်တော့မှာမဟုတ်ဘူး၊ ဒါက ငါ သိတဲ့ တရုတ်ငါးကြင်းနဲ့ အရမ်းကိုဆင်နေတာ၊ မရှိဘူးလို့ ယုံနေတာထက် လက်ရှိ,ရှိနေတာကိုပဲ ယုံကြည်သင့်တယ်လေ”
နှစ်ယောက်သားက တုံ့ဆိုင်းနေကြဆဲပင်။ ရီရောင့်သုန်းမှာလည်း သူတို့ကို ဆက်ပြီးဖျောင်းဖျရတော့သည်။
“ချီတုံချတုံလုပ်မနေနဲ့၊ ငါ့ကို ရေပုံးပေးလိုက်၊ ငါးကို စောစောလွှတ်ပြီး ကိစ္စစောစောဖြတ်မှ မဟုတ်ရင် သေဖို့အတွက်မွေးရင် ကိုယ်ပဲအပြစ်ဖြစ်မှာ ငါးလေးတစ်ကောင်ပဲကိုကွာ ကုသိုလ်လုပ်တယ်လို့ သဘောထားလိုက်၊ နောက်တစ်ခါ ကမ်းခြေသွားဖြစ်ရင် ငါ မင်းတို့ကို ငါးဖမ်းလို့ရအောင် ခေါ်သွားပေးပါ့မယ်၊ ငါးမျှားတာထက်တောင် ပိုပျော်ဖို့ကောင်းသေးတယ် မင်းတို့ အဲ့ဒါမှမလုံလောက်သေးရင် ပင်လယ်ကိုဖြတ်ပြီး လူသူမဲ့ကျွန်းဆီကိုလည်း သွားလို့ရသေးတယ်”
လင်းရှန်ရုန်က စိတ်မပါစွာဖြင့်
“ငါတို့က လွှတ်ပေးတယ်ပဲ ထား သူများက ပြန်ဖမ်းမိရင်ရော?”
“ဒါကတော့ ငါတို့လည်း မတတ်နိုင်ဘူးပေါ့ကွာ၊ တကယ်လို့ တစ်ယောက်ယောက်ကသာ ဖမ်းမိပြီး သွားရောင်းရင်လည်း ဒီလိုငါးကြီးမျိုးက လမ်းကျိုလမ်းကြားပါမကျန် သတိထားမိအုံးမှာ အဲ့ခါကျလည်း ဖမ်းခံထိမှာက ဖမ်းခံထိမှာပဲ၊ ဒါမှမဟုတ်လည်း မင်း စိတ်အားထက်သန်နေသေးရင် မနက်ဖြန် အဏ္ဏဝါဗျူရိုဆီသွားပြီး မင်း တရုတ်ငါးကြင်းတစ်ကောင် ဖမ်းမိထားတာ သူ့ကို ချန်ကျန်းမြစ်ထဲ ပြန်လွှတ်ပေးလိုက်တယ်လို့ သွားပြောကြည့်လေ၊ အခုအချိန်က သူတို့ မျိုးပွားတဲ့ရာသီလေ”
“ဒါဆို....အဲ့ဒီအတွက်ဆုရော ရမှာလား?”
“ဒါတော့ ငါဘယ်သိမလဲပေါ့၊ ဘာလို့ မကြိုးစားကြည့်တာလဲ?”
မူဝါဒကို ၁၉၈၃ တွင်ထုတ်ပြန်ခဲ့ပြီး ယခုကာ ၁၉၈၂ ခုနှစ်၏ဒုတိယနှစ်ဝက်တွင် ဖြစ်သည်။ ဆွေးနွေးမှုများရှိမည်ဖြစ်ကာ ၎င်းကိုအလေးထားဆောင်ရွက်နေကြ၏။ သူ မသိတာက သူတို့ရဲ့ဒေသဆိုင်ရာ သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဌာနဗျူရိုက ဒီကိစ္စကို အရေးပေးဆောင်ရွက်လားဆိုတာပဲ၊ သူတို့ သက်ဆိုင်ရာသတိပေးချက်တွေကို လက်ခံရရှိထားရဲ့လား?
လင်းရှန်ဟွေ့က ပုံးကို မခွဲနိုင်မခွာရက်စွာဖြင့် တစ်ချက်ကြည့်ကာ သက်ပြင်းချရင်းဖြင့် သူ့ထံ ကမ်းပေးပြီး
“ယူသွားပြီ လွှတ်ပေးလိုက်လေ၊ ငါးလေးတစ်ကောင်တည်းပဲကို...ကုသိုလ်ပဲပေါ့”
“ဟုတ်တယ် ဥပဒေဆိုတာ ဘောင်ကျော်လို့ကောင်းတဲ့ဟာမျိုးမဟုတ်တော့ သွားမစမ်းသင့်ဘူး”
လင်းရှန်ရုန်ကတော့ သဘောမတူသေးပြီး လမ်းတစ်ဝက်တွင် ပုံးကို ကြားဖြတ်ယူကာ
“မလွှတ်လို့မရဘူးလား? ငါတို့တွေ စားသောက်ဆိုင်ကို တိုက်ရိုက်သွားပြီး ရောင်းကြည့်မယ်လေ၊ ဘာငါးမှန်လည်း ငါတို့သိသေးတာမှမဟုတ်တာ၊ သူတို့ ငါးကြီးတာကိုပဲကြည့်ရင် ငါတို့လည်း အပြစ်မရှိတော့ဘူးလေ ဟုတ်တယ်မလား....?”
“မင်းက အသက်ထက် ပိုက်ဆံကို ပိုလိုချင်နေတာလား?”
ရီရောင့်သုန်း စိုက်ကြည့်လိုက်သည်။ သူ အစက မတွေးမိသဖြင့် ငါးတွေက အရမ်းပေါလွန်းသဖြင့် ဤနေရာအထိ မျောလာခြင်းဖြစ်သည်လို့သာ ထင်ခဲ့ခြင်း။ ယခုတွင် ကယ်ကျိုးပါးမတော်တဆအကြောင်းကို တွေးမိပြီဖြစ်ရာ သူတို့ ၎င်းကို ဆက်ပြီးမဖမ်းသင့်တော့ပေ။ ၎င်းက နှစ်အနည်းငယ်အတွင်း မျိုးသုဉ်းတိမ်ကောတော့မည်ပင်။
“ကြိုးစားကြည့်မယ်လေ ငါတို့ လွှတ်လိုက်လို့ တစ်ယောက်ယောက်က ဖမ်းမိသွားရင်ရော? ဘာလို့ သူများကို အခွင့်အရေးပေးယူလိုက်ရမှာလဲ?”
“သူများက အခွင့်ကောင်းယူနေတယ်ဆိုတာတော့ မင်းသိတယ်ပေါ့? မင်မြင်ရင် ဗဟုသုတတွေအများကြီးရလာလိမ့်မယ်၊ ပြီးတော့ အရင်က ပိုက်ဆံမမြင်ဖူးတာလည်းမဟုတ်ဘဲနဲ့ကို”
လင်းရှန်ဟွေ့ကလည်း အဆွဲဆောင်ခံလိုက်ရပြီး
“ထားလိုက်ပါကွာ ငါးလေးတစ်ကောင်တည်းကို ကုသိုလ်ပြုတယ်ပဲ သဘောထားလိုက်ပေါ့၊ ပြီးတော့ ဒီငါးက ဒီလောက်ကြီးနေတာ ငါတို့ ယူလို့ရတဲ့ပုံစံမျိုးလည်း မဟုတ်ဘူး ပြန်လွှတ်လိုက်ရအောင်ကွာ”
လင်းရှန်ရုန်က မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး သဘောမတူသေးချေ။ ရီရောင့်သုန်းက သူ့လက်ထဲမှပုံးအား ဆွဲယူလိုက်ပြီး
“အခွင့်ကြုံရင် နောက်တစ်ခေါက်ကျ မင်းကို ဒီထက်ပိုကြီးတာဖမ်းလို့ရအောင် ပင်လယ်ထဲခေါ်သွားပေးမယ်၊ လွန်ခဲ့ရက်ကပဲ ဒီငါးထက်ကို အဆပေါင်းများစွာကြီးတဲ့ တလုံးသွယ်ကြီးတစ်ကောင်ကို ငါဖမ်းမိထားတာ”
နှစ်ယောက်စလုံးက ငါးကိုလွှတ်ပေးရန် သဘောတူလိုက်ကြသည်။ လင်းရှန်ရုန်တစ်ယောက် ငါး ရေထဲပြန်ကူးသွားသည်ကို ရင်နာနာဖြင့်သာ ကြည့်နေခဲ့ရသည်။ ပိုက်ဆံကတော့ အချည်နှီးထွက်သွားခဲ့လေပြီ။
ရီရောင့်သုန်းမှာ ယောက်ဖဖြစ်သူက နှမြောတသသဖြစ်နေသည့်တိုင် ငါးကို ပြန်သွားမဖမ်းသည်ကို တွေ့ကာမှပင် စိတ်သက်သာရာရတော့သည်။ သူက မြစ်ဆီလမ်းလျှောက်သွားလိုက်ပြီး အမည်မသိတရုတ်ငါးကြင်းကို ဂရုတစိုက်ဖြင့် ရေထဲပြန်လွှတ်ပေးလိုက်သည်။
ကြည့်ရသည့်ပုံမှာ အနှီတစ်ကောင်က အဖွဲ့ထဲမှ လမ်းပျောက်သွားပြီး ဤနေရာသို့ရောက်လာသည့်ပုံပင်။ အကယ်၍ ၎င်းသာ ဤနေရာနှင့် အသားကျသွားပြီး ဥ,ဥနိုင်ခဲ့လျှင် ပို၍အဆင်ပြေပေသည်။ ဤနည်းလမ်းဖြင့် ၎င်းမှာ ချန်ကျန်းမြစ်အထိပြန်စရာမလိုတော့ပြီး လွတ်မြောက်သွားနိုင်ကာ မျိုးကောင်းကောင်းပွားနိုင်ပြီး တိမ်ကောမည့်အရေးမှ ကာကွယ်နိုင်လိမ့်မည်ပင်။
“သွားတော့ ညီအကိုရေ ခရီးလမ်းဖြောင့်ဖြူးပြီး သားသမီးမြေးမြစ်မျိုးဆက်သစ်တွေအများကြီး ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွာ”
ယောက်ဖနှစ်ယောက်မှာ သူ့စကားသံကို ကြားသည့်အချိန်တွင် ခေါင်းထဲတွင် အနက်ရောင်စာသားများ ပြည့်သွားတော့သည်။
ငါးက ရေထဲရောက်သည်နှင့် ပျော်ရွှင်စွာ ရေကူးသွားပြီး သူ့အမြီးက ရေမျက်နှာပြင်ကို ရိုက်ခတ်သွားကာ ရီရောင့်သုန်းမျက်နှာပေါ် ရေများလာစင်လေ၏။
“ငိုး မင်းက ငါ့ကို ကလဲ့စားပြန်ချေတာပေါ့လေ ဟုတ်လား? ငါက မင်းကို လွှတ်ပေးလိုက်တာတောင် မင်းကများ သေးသိမ်နေလိုက်သေးတယ်၊ မင်းဘာသာမင်း ငါ့လှောင်အိမ်ထဲလာဝင်နေတာ အသိသာကြီးကို”
ရီရောင့်သုန်း သူ့မျက်နှာကို သုတ်လိုက်ပြီး ၎င်း အဝေးသို့ ကူးခတ်သွားသည်ကို ကြည့်ပြီးနောက်မှ စိတ်သက်သာရာရစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။
“အိုခေ ဒီနေ့တော့ ဒီလောက်ပဲပေါ့ အိမ်ပြန်ကြစို့၊ ငါတို့ ညဘက်ခဏလေးထွက်လာတာနဲ့တင် အများကြီးရလာခဲ့တာပဲ၊ ငါးတွေရော ပုစွန်တွေရော”
လင်းရှန်ဟွေ့တစ်ယောက် ရေပြင်ကို နောင်တ,တရရဖြင့် လှည့်ကြည့်ပြီး တုံ့ဆိုင်းစွာဖြင့် အဝေးသို့ ကြည့်ကာ လမ်းလျှောက်နေရင်းဖြင့်
“အင်း ဒီမှာက မြစ်ပုစွန်တွေအများကြီးရှိတယ်လေ၊ တစ်ဝက်ကို ချန်ထားပြီး နောက်တစ်ဝက်ကို သွားရောင်းလို့ရတယ်၊ မနက်ဖြန် မင်း ငါတို့နဲ့ လိုက်အုံးမလား?”
“မလိုက်တော့ဘူး၊ ပုစွန်လေးကျင်းနည်းနည်းပါးပါးပဲဆိုဆော့ မင်းတို့ဘာသာပဲ ရောင်းကြပါ၊ ငါကတော့ လိုက်လာပြီး စားတာပေါ့”
ကုန်ကြီးကြီးမားမားလည်းမရှိတော့ဘူးဆိုတော့ သူ့အတွက် ဘယ်ဝေစုက ရတော့မလဲ?
လင်းရှန်ရုန်ကဖြင့် ငါးလွှတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေဆဲဖြစ်ကာ၊ သူသာ ပုစွန်ရောင်းတဲ့ပိုက်ဆံနည်းနည်းလေးကို သူတို့နှစ်ယောက်အကြား ဝေစုသွားခွဲယူလိုက်လျှင် သူ့ကိုယ်သူ အရှက်ရနေတော့မည်ပင်။ သူ ပိုက်ဆံ တစ်ခါမှမမြင်ဖူးလို့လား?
လင်းရှန်ဟွေ့က ပြုံးရင်းဖြင့်
“မင်း မလာရင်တောင်မှ စားလို့ရပါသေးတယ်ကွာ”
“ငါ မလိုက်လာရင် ဘယ်လိုလုပ်ပြီး ပညာရပါတော့မလဲ?”
မျိုးသုဉ်းပျောက်ကွယ်တော့မည့် တရုတ်ငါးကြင်းကြီးကို ဖမ်းခွင့်ကြုံခဲ့ပြီး ပြန်လွှတ်ပေးလိုက်ရသည်ကပင် အထူးအတွေ့အကြုံဖြစ်သည်။
“ငါကတော့ သူများတွေ မဖမ်းမိသွားဖို့ မျှော်လင့်တယ်ကွာ!”
ရီရောင့်သုန်း လင်းရှန်ရုန်အား စူးစမ်းစွာဖြင့် ကြည့်ကာ
“ရုတ်တရက်ကြီး ဉာဏ်အလင်းပေါက်သွားတာလား?”
သူက ခုလေးတင်ကပဲ လက်မလွှတ်ချင်နေတာလေ!
“ငါတို့က သူ့ကို လွှတ်ပေးထားရတာ သူများကသာ ဖမ်းမိပြီး တိတ်တိတ်လေးပိုက်ဆံအများကြီးနဲ့ သွားရောင်းလိုက်ရင် ငါတို့ စိတ်တိုလို့ မသေဘူးလားပြော”
အင်း သူကတော့ အတွေးလွန်နေတာပဲ။ သူ လက်လွှတ်လိုက်ပြီးကာမှ တခြားသူများလက်ထဲ အဖမ်းမခံရစေချင်ပေ။ ၎င်း မြန်မြန်ပြေးသွားပါစေလို့ပဲ ဆုတောင်းနေရတော့မှာ။
“မင်းတို့ရွာမှာ ဒီမြစ်ကိုလာပြီး ငါးဖမ်းတဲ့သူတွေများလား?”
သူ့ရဲ့ညီလေး သောကရောက်နေဆဲဖြစ်သည်ကို မြင်လျှင် လင်းရှန်ဟွေ့ကပဲ
“နည်းနည်းပါးပါးတော့ရှိတာပေါ့၊ အကုန်လုံးက ငါးမျှားကြတာတွေချည်းပဲ၊ တစ်ခါတစ်ရံမှပဲ ကွန်သုံးပြီး ရေထဲမှာ ငါးဖမ်းကြတာ ဒါပေမဲ့ နေ့ဘက်ကျတော့ ဖမ်းရခက်တယ်လေ၊ ငါတို့ကသာ လှောင်အိမ်တွေလုပ်ဖို့ အလေးအနက်ရှိကြတာ၊ အခြေအနေကိုကြည့်ပြီး မှောင်စပျိုးတော့မှ ထွက်လာတော့ လူအမြင်နည်းတာပေါ့”
“အားချင်းလက်ထပ်သွားတဲ့ လွန်ခဲ့တဲ့နှစ်တွေလောက်ကပဲ ငါတို့တွေ သတို့သမီးကို လာနှုတ်ဆက်တဲ့အချိန်တုန်းက မင်းတို့ရွာမှာ မြင်ခဲ့တာ၊ ငါတို့တွေးလိုက်တာ လှောင်အိမ်တွေက ပင်လယ်ထဲမှာရော မြစ်ထဲမှာပါ ချလို့ရတယ်ပေါ့ အဲ့ဒါနဲ့ သူများတွေလုပ်နေတာကို သေချာဂရုတစိုက်ကြည့်ပြီး ငါ အိမ်ပြန်ရောက်တာနဲ့ တစ်ခုစမ်းလုပ်ကြည့်လိုက်တာ နောက်တော့ ရလဒ်က အရမ်းကောင်းမှန်း သိလိုက်ရတယ်လေ၊ အင်း အဲ့လိုနဲ့ပဲ အများကြီးလုပ်ဖြစ်သွားတယ်ဆိုပါတော့”
“မြစ်ကိုနေ့တိုင်းသွားပြီး ပုစွန်လှောင်အိမ်တွေချတယ်ဆိုတော့ အစားအသောက်အတွက် ကာမိတာပေါ့၊ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆို ငါ့မှာ ရောင်းလည်းမရောင်းရဲဘူး ဝယ်လည်းမဝယ်ရဲဘူး ကိုယ့်ဘာသာပဲ အိမ်မှာ စားရတာပေါ့၊ ပြီးခဲ့တဲ့နှစ်တွေကမှ မိသားစုအတွက် အပိုဝင်ငွေလေး ရှာပေးနိုင်ခဲ့တာ၊ ငါကြောက်တာက ငါအများကြီးဖမ်းလိုက်ရင် နောင်မှာ ဘာမှမကျန်တော့မှာကို ပြီးတော့ အများကြီးဖမ်းပြီးသွားရင် အကုန်မရောင်းရမှာကို၊ အဲ့တော့ တစ်ခါတည်းနဲ့လေ အများကြီး မချထားရဲဘူး”
ဒါက အတော်လေးထက်မြက်လှသည်ဟု ဆိုရမည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးမှုအကြောင်းကိုပင် သိထားသေး၏။
“အမှန်ပဲ တစ်ခါတည်းနဲ့အများကြီး ဖမ်းလိုက်တာက မျိုးပွားတာကို ထိခိုက်စေတယ်”
လင်းရှန်ဟွေ့က ပြုံးရင်းဖြင့်
“တကယ်တော့ ငါ့မှာလည်း အချိန်သိပ်မရှိပါဘူးကွာ၊ ငါတို့မိသားစုက ဒီနှစ်တွေမှာ မြေတွေရှင်း အပင်တွေစိုက်နဲ့ဆိုတော့ နေ့ဘက်မှာ အကုန်လုံးက အရမ်းအလုပ်များနေကြတာ အိမ်ပြန်ရောက်လို့ ကျောချတာနဲ့ အိပ်ပျော်သွားရော၊ အချိန်အများစုက ငါးဖမ်းပုစွန်ဖမ်းဖို့တောင် အားမရှိကြတော့ဘူး”
“ဒါလည်း အတော်လေးကောင်းသားပဲ၊ နေ့ခင်းတုန်းကတောင် မြင်လိုက်သေးဆယ် တောင်တွေအကုန်လုံးက အသီးအပြည့်တွေချည်းပဲကို၊ ဂရိတ်ဖရုနဲ့ လိမ္မော်သီးတွေက အများဆုံးပဲ၊ မှည့်တဲ့အခါ သွားရောင်းရင်တော့ ပိုက်ဆံတွေအများကြီးရပြီပဲ”
သီးပင်များနှင့်ပတ်သက်လျှင်တော့ ၎င်းက သူတို့နှလုံးသားကို ထိမိစေ၏။ ယင်းမှာ သူတို့၏ နှစ်များစွာ အပတ်တကုတ်ကြိုးစားမှု၏ ရလဒ်ပင်မဟုတ်လား။ အပင်များအားလုံးကို ပင်ပျိုလေးမှစ၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း ရိတ်သိမ်းလို့ရသည့်အရာလည်း မဟုတ်ပေ။
လင်းရှန်ဟွေ့၏မျက်နှာထက်မှ အပြုံးကာ နက်ရှိုင်းလာပြီး
“ငါတို့လည်း တောင်ပေါ်က ဒီသီးပင်တွေနဲ့ လက်ဖက်ခင်းတွေကိုပဲ အားထားနေရတာ၊ ကံကောင်းလို့ပေါ့ ဒီနှစ်တိုင်ဖွန်းက အများကြီး အထိခိုက်အပျက်စီးမရှိသွားလို့ ဒီနှစ်တော့ ရိတ်သိမ်းမှုကောင်းမှာ ကျိန်းသေတယ်”
သူက သူ့ယောက်ဖနှင့် ပေါ့ပေါ့ပါးပါးပြောဆိုနေပြီး ယခင်ကဆိုလျှင် နှစ်ယောက်သားမှာ ဤမျှအထိစကားအများကြီး မပြောဖူးချေ။
