အပိုင်း (49)
"ဒါတွေက ကျွန်တော့ဟာတွေ မဟုတ်ဖူး၊ ကျွန်တော်က အိတ်တွေ ယူသွားတယ်ဗျ။ ဒီအိတ်နှစ်ထုတ်နဲ့ ဒီအပုံသေးသေးလေးကပဲ ကျွန်တော့်ဟာတွေ၊ ဟိုကောင်တွေက အိတ်မပါလာကြလို့ လှေပေါ်မှာ ပုံလာကြတာ၊ အခု သူတို့တွေ အိတ်ပြန်ယူနေကြပြီ"
ရှင်းပြပြီးနောက် ရီရောင့်သုန်းက ပလိုင်းနှင့် ပုံးကို သူ့အမေထံ ကမ်းပေးလိုက်ပြီး ...
"ဒါက ကျွန်တော် ဖမ်းမိထားတာတွေ၊ အားချိုင်ဆီယူသွားပြီး ပင်လယ်ကင်ခြေများတွေ သူ ဝယ်၊ မဝယ် မေးကြည့်လိုက်၊ ပြီးတော့ ဒီပလိုင်းထဲမှာလည်း ကဏန်းပြာ ခုနစ်ကောင် ရှိ....."
အမေရီမှာ သူ၏ ရိတ်သိမ်းလာမှုကို ကြည့်ပြီး အံ့အားတသင့်ဖြင့် ...
"ကဏန်းပြာတွေ ဒီလောက် အများကြီး၊ ပင်လယ်ကင်းခြေများတွေလည်း အဲ့ကျွန်းမှာ ရှိနေတယ်ပေါ့။ မင့် ပလိုင်းက မပေါ့ဘူးနော်"
သူ(မ)က ပလိုင်းထဲ လူးလွန့်နေကြသည့်ပင်လယ်ကင်းခြေများတွေကို ကြည့်ပြီး ရွံစရာ ကောင်းတယ်လို့ကို မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် အတော်လေး ဝမ်းသာနေပြီး မျက်လုံးများပင် အရောင်များ တောက်နေ၏။ သည်ပင်လယ်ကင်ခြေများ,များက တန်ဖိုးရှိကြသည်ပင်။ သူတို့အိမ်အနီးနားရှိ ရွံ့နုန်းမြေထဲတွင် ဤကဲ့သို့ အကောင်မျိုး မရှိချေ။
"အဲ့ကျွန်းကို ဘယ်သူမှ မလာကြဘူး၊ ကျောက်တုံးတွေမှာလည်း အကောင်ပလောင်မျိုးစုံပဲ၊ ဒီယောက်သွားတွေနဲ့ ပင်လယ် ဖရဲစေ့တွေကို ကြည့်ကြည့် အကြီးကြီးတွေပဲ တွေ့လား၊ ဟိုကောင်တွေလည်း ကဏန်းပြာတွေ ဖမ်းမိထားသေးတယ်၊ ရှာတွေ့လို့ကို မကုန်တာ အခွံမားငါးတွေ အများကြီး ယူလာမိပြီး စားမကုန်မှာ စိုးလို့သာ မဟုတ်ရင် ကျွန်တော် ထပ်ပြီး တူးလာအုံးမှာ"
"ဒီလောက် အများကြီးဆို လောက်ပါတယ်အေ၊ တော်ကြာ ငါတို့ စားမကုန်လို့ မကောင်းကုန်ရင် နှမျောစရာတွေ ဖြစ်ကုန်မှာ၊ ငါ သွားရောင်းလိုက်အုံးမယ်၊ တစ်ခြား ဘာရောင်းဖို့ရှိသေးလဲ"
အမေရီ တစ်ယောက် ပျော်ရွှင်စွာဖြင့် ပလိုင်းနှင့်ပုံးကို ယူထားလိုက်သည်။ သူ(မ)ရဲ့တတိယသားလေး သည်လောက် အားကိုးရသည်မှာ ရှားရှားပါးပါးပင်။ သူ(မ)က ပိုက်ဆံရှာနိုင်သည်ထက်ပင် ပို၍ ပျော်ရွှင်နေတော့သည်။
ရီရောင့်သုန်းက သူ့ ခြေထောက်အောက်မှ အပုံသေးသေးလေးကို ခြေဖြင့်ကန်လိုက်ပြီး
"ကျန်တာတွေက ခွဲဖို့ လိုသေးတယ် အမေ၊ ပြည်ကြီးမျှော့နဲ့ ခရုကြီးတွေတော့ ရောင်းလို့ရတယ်၊ ယောက်သွားတွေကကျတော့ ဈေးသိပ်ရမယ် မထင်ဘူး၊ အဲ့ဒါတွေကိုတော့ အိမ်ဆောက်မဲ့အလုပ်သမားတွေအတွက် ထား,ထားလိုက်တာပေါ့"
"အေး အေး၊ ငါ ဒါတွေ အရင်သွားရောင်းလိုက်အုံးမယ်၊ အခွံမာငါးတွေကိုတော့ နောက်မှ ခွဲကြတာပေါ့"
အခြားသူများ သူတို့၏ ပစ္စည်းများယူရန် အိတ်များဖြင့် ပြန်ရောက်လာသည့်အချိန်တွင် အဖေ ရီ၏ ငါးဖမ်းလှေမှာလည်း ကမ်းကပ်လာသည်။
သူတို့ တတိယသား၏ ယနေ့ ရိတ်သိမ်းမှုက အလွန်ကောင်းကြောင်း အမေ ရီ ပြောနေသံကို သူကြားခဲ့သည်။ သူက ပင်လယ်ကင်းခြေများ ပုံးတစ်ဝက်နှင့် ဆယ်ယွမ်ကျော်ကျော် စျေးရမည့် ကဏန်းပြာ ခုနစ်ကောင်ကို ဖမ်းမိခဲ့သည့်အပြင် အခွံမာငါး နှစ်အိတ်စာလည်း ကောက်ခဲ့သေးသည်။ ထိုအခြင်းအရာက အဖေ ရီ၏ မျက်နှာအား ဝင်းပတောက်ပနေစေ၏။ ယနေ့ သူတို့၏ ပိုက်ကနေ ဖမ်းမိလာသည့်အကောင်အရေအတွက်က မနေ့ကလောက် မများ၊ ရောင်းချနိုင်မည့် ငါးအရေအတွက်က စုစုပေါင်း ယွမ် ၂၀ ခန့်ဝန်ကျင်လောက်သာ။
တတိယသားက မနက်ခင်းတွင် ထွက်သွားပြီး နေ့လည်ခင်းတွင် ဤမျှ များပြားလှသော ရိတ်သိမ်းမှုနှင့်အတူ ပြန်ရောက်လာသည်က တော်တော်ကို အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။
တစ်မိသားစုလုံး အခွံမာငါးများကို အိမ်ပြန်သယ်ပြီးနောက်တွင် အမေ ရီက ယောက်သွား အချို့ကို ဖယ်လိုက်ပြီး အလုပ်သမားများအတွက် အဆာပြေစွပ်ပြတ် တစ်အိုး ချက်ရန် ဆုံးဖြတ်လိုက်သည်။ အစောကြီးကတည်းက ချက်ထားရမည် ဖြစ်သော်လည်း အဖေ ရီနှင့် အခြားသူများကို သွာတွေ့ရန် ထွက်သွားလိုက်ရသဖြင့် ကြန့်ကြာနေခဲ့သည်။
ရီရောင့်သုန် တစ်ယောက် အိမ်ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် လက်ဖက်ရည်အိုးကြီးတစ်လုံးကို သူ့အတွက် ငှဲ့လိုက်ပြီး ဧည့်ခန်းထဲတွင် ခဏနားပြီး ညစာ စားဖို့ စောင့်ရန် ထိုင်ချလိုက်သည်။
အင်္ကျီဗလာနှင့် အဖေ ရီက သူ့ရဲ့ချစ်လှစွာသောရေပိုက်ကလေးကို ကိုင်ကာ ရီရောင့်သုန်းကို မမေးခင် အနည်းငယ် စုပ်သောက်လိုက်ပြီး
"တစ်ခြားသူတွေ အခြေနေကောင်းရဲ့လား"
"ကျွန်တော့်လောက်တော့ ဘယ်ကောင်းပါ့မလဲ"
ရှည်းလျားသည့် နေ့တစ်နေ့ ပြီးနောက်မှာတော့ ရီရောင့်သုန်း တစ်ယောက် စကားအများကြီး ပြောချင်စိတ် မရှိပေ။ သူက ညစာကို မြန်မြန်စားပြီး မြန်မြန် အနားယူချင်နေပြီ ဖြစ်သည်။
"မနက်ဖြန်တော့ ဒီရေတက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆယ့်ငါးရက် ပြည့်ရင်တော့ နောက်တစ်ခါတက်အုံးမှာ၊ အဲ့ဒီတော့ မင်း နောက်လှေတစ်စင်း ငှားပြီး ထွက်လို့ရသေးလားဆိုတာ ရှာကြည့်အုံး"
"အင်း...အဖွားကြီးက ဈေးမြှင့်လိုက်ပြီး ငှားရခက်အောင်လုပ်နေတာ၊ ဈေး အရမ်းကြီးလွန်းတယ်၊ အချိန်ကျတော့မှပဲ ကျွန်တော်တို့ ကြည့်ကြတာပေါ့"
သူတို့တွေ ငှားပြီးကာမှ စရိတ်တောင် မကာမိရင် ဘယ်လိုလုပ်ကြမလဲ။ တစ်နေကုန် သွားပြီး အလုပ်လုပ်ထားတာ အလဟသဖြစ်သွားမယ် မဟုတ်လား။
အဖေ ရီကလည်း ခေါင်းညိတ်ပြီး
"ဇာတ်ဆင်ကြည့်ကရတာပေါ့၊ ငါတို့ ညစာစားပြီးရင် မင်းနဲ့ မင်းမိန်းမ အားချိုင်ဆီသွားပြီး မင်းမနေ့က ရထားတဲ့ ယွမ် တစ်ထောင်ကျော်ကို ယူလိုက်အုံး၊ ပြီးရင် ပိုက်ဆံကို ညီတူ မျှတူ ခွဲကြ"
"အမ်း"
အမေ ရီထံမှ အဆာပြေ အိုး လက်ခံပြီးနောက်တွင် လင်းရှို့ချင်းလည်း ရီရောင့်သုန်း တစ်ယောက် အိမ်ပြန်ရောက်နေပြီးမှန်း သိလိုက်ရသည်။ ကုန်စည်များ သွားရောင်းချရာမှ ရလာသည့် ပိုက်ဆံအား အမေ ရီက သူ(မ)အား တိတ်တိတ်လေး လာပေးသည်ကို လက်ခံပြီး အဆာပြေကိုတောင် အရင်စား မနေတော့ဘဲ အိမ်သို့ သုတ်ခြေတင်တော့သည်။
သူ (မ) အိမ်သို့ပြန်ရောက်လာချိန်တွင် ရီရောင့်သုန်းက စားသောက်ပြီးကာ တူကို ချလိုက်ရုံလေးဖြစ်သည်။ သူက ...
"မင်း အဆာပြေ စာပြီးပြီလား။ အမေက မင်းအတွက် အိုးထဲမှာ ချန်ထားပေးသေးတယ်"
"အင်း"
အဖေ ရီနှင့် ရီရောင့်ဟွာတို့က ညစာစားပြီးနောက်တွင် အိမ်ဝိုင်းဆီ ထွက်သွားကြပြီး အိမ်တွင် သူတို့ လင်မယား နှစ်တည်းသာ စကားပြောရန် ချန်ထားခဲ့ကြသည်။
စားရင်းဖြင့် လင်းရှို့ချင်းက ...
"အခုနက လူတွေ အများကြီးရှိနေလို့ အမေက ဘာမှမပြောတာ၊ အမေ ကျွန်မကို ပိုက်ဆံတိတ်တိတ်လေးပေးထားတယ်။ တိုးတိုးလေး ပြောတာက ရှင် ဒီနေ့ ရှာလို့ရတဲ့ အကောင်တွေကို ရောင်းလို့ရတဲ့ ငွေတဲ့"
"အမ်း"
ရီရောင့်သုန်းက သည်နေ့ ရိတ်သိမ်းမှုအကြောင်းကို သူ (မ) နှင့် မျှဝေပြီး အနောက်ဘက် တံခါးသို့ လက်ညိုထိုးပြကာ ထိုနေရာတွင် အခွံမာတွေ အပုံလိုက်ရှိနေကြောင်းပါ ပြောပြလိုက်သည်။
"မင်း စားလို့ပြီးသွားရင် အဲ့ဒါတွေကို ခွဲပြီး ရောင်းလို့ရမဲ့ဟာတွေ ကျန်သေးလား ကြည့်ကြည့်လိုက်၊ ပြီးကျရင် မနေ့က စာရင်းတွေ ရှင်းဖို့ အားချိုင်ဆီသွားရင်းနဲ့ တစ်ခါတည်း ယူသွားကြတာပေါ့"
မျက်နှာထက်တွင် အပြုံးလေး တစ်ခုဖြင့် လင်းရှို့ချင်းက သဘောတူစွာ ခေါင်းညိတ်ပြလာ၏။ သူ (မ) ယောကျာ်း ပိုက်ဆံ ရှာနိုင်သည်ထက် သူ (မ) ကို ပျော်အောင် လုပ်နိုင်မည့်အရာ ဘာမှ မရှိတော့ချေ။
သည်ရက်ပိုင်းအတွင်း ဇနီးဖြစ်သူ၏ သတိထားမိလောက်စရာ ပြောင်းလဲမှုကြီးအား ကြည့်ကာ ရီရောင့်သုန်း တစ်ယောက် သူ နည်းနည်းပါးပါး ပင်ပန်းရတယ်ဆိုလျှင်တောင်မှ ဒါက တန်ကြောင်း ခံစားလိုက်ရသည်။
"ကြည့်ရတာ အမေက ရှိခိုးကောင် ပုစွန်ဆိတ် သုံးကောင်ကိုပါ ရောင်းလိုက်တယ်နဲ့ တူတယ်၊ မဟုတ်ရင် ငါ မင်း သောက်လို့အောင် ဝိုင်နည်းနည်းလောက် ဝယ်ပေးလိုက်ပြီ"
"ဘာလုပ်ဖို့ စားသောက်မှာလဲ ရှင်။ ရောင်းလို့ရတာမှန်သမျှ ရောင်းလိုက်ရင်ပြီးနေတာပဲ၊ သိပ်မကြာခင်ကပဲ အဖေက ငါဖမ်းပိုက်ကို သုံးနေတာ ငါးတွေပုစွန်ဆိတ်တွေတောင် အများကြီး ရှိနေသေးတာကို၊ အခုက အိမ်မှာ စားဖို့အတွက် လုံလောက်နေပြီ၊ ပြီးတော့ ရှင်လည်း အခွံမာငါးတွေ ရထားသေးတယ်မဟုတ်လား၊ ကျွန်မတို့ အဲ့ဒါတွေတောင် စားလို့ကုန်မှာမဟုတ်ဘူး"
ဒါတော့ ဘယ်တူပါ့မလဲ မိန်းမရာ။
သူ၏ ယခင်ဘဝက သူ (မ) က အူမကြီး ကင်ဆာကို ခံစားရပြီး ဆုံးပါးသွားခဲ့သည်။ သေချာပေါက် ဒါဟာ အစာ လျှော့စားခြင်းနှင့် ဆက်စပ်နေပြီး သူ ဒါနဲ့ပတ်သက်ပြီး အပြစ်ရှိသလို အမြဲခံစားခဲ့ရသည်။ တစ်ဖန် ပြန်လည် ရှင်သန်လာရချိန်မှာတော့ သူ(မ)ကို သေချာပေါက် အစားကောင်းကောင်း စားစေချင်ခဲ့သည်။
"အင်း...ခွဲပြီးမှပဲ ဒါကို ဆွေးနွေးကြတာပေါ့"
တစ်မိသားစုလုံး အတူတူ နေထိုင်ကြသည်ဖြစ်ရာ သူတို့ တသီးတသန့်တည်း စားသောက်ကြသည်က မသင့်လျော်ချေ။ ထို့အပြင် သူက အိမ်တွင် မထောက်ပံ့ပေးနိုင်သော အသုံးမကျသည့် လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်လေ။ အကယ်၍ သူသာ မီးသေးသေးလေး မွှေးကြည့်လိုက်လျှင်ဖြင့် သူ့ ခယ်မ နှစ်ယောက်၏ ပါးစပ်ပေါက်နှင့် တည့်တည့်တိုးမည်ဖြစ်သည်။
လင်းရှို့ချင်းက ညစာကို အမြန်လက်စသတ်ကာ၊ ပန်းကန်များကို ဆေးကြောပြီးနောက် နောက်ဖေးသို့ ထွက်သွားပြီး အခွံမာငါးတွေကို ခွဲကာ တန်ဖိုး ရှိမည် ထင်သည့် အကောင်မှန်သမျှ ဖယ်ထုတ်လိုက်သည်။
ခရုကြီးများ၊ ပြည်ကြီးမျှော့နှင့် ခုံးတစ်ခြမ်းကဲ့သို့သော အကောင်များကို ရွေးထုတ်လိုက်ပြီး ပုံးထဲ သီးသန့်ခွဲထည့်ထားကာ စျေးကောင်းကောင်းမရနိုင်သည့် အကောင်ငယ်များကိုတော့ အိမ်စားရန် သိမ်းဆည်းထားလိုက်သည်။
အရိုးသားဆုံး ပြောလျှင် သူ တူးခဲ့သည့် အချိန်တုန်းက အကောင်ကြီးတွေကိုပဲ ရွေးယူလာခဲ့ခြင်းဖြစ်ရာ သူ (မ) ဖယ်ထုတ်လိုက်ပြီးနောက်တွင် သူတို့ စားဖို့အတွက် အများကြီး မကျန်တော့ပေ။
ကံကောင်းစွာဖြင့် သူ (မ) က သင်တုန်းခုံများနှင့် ယောက်သွားများကို စိတ်မဝင်စားသဖြင့် ထိုနှစ်အိတ်ကိုတော့ သူ သိမ်းထားလို့ရသေးသည်။
"ကမာတွေကို ရောင်းလိုက်သင့်လား"
"အဲ့ဒါတော့ ထားလိုက်ပါကွာ၊ ဒီလောက် အိတ်ထုပ်ကြီးကို အမေနဲ့ တစ်ခြားသူတွေပါ ဝိုင်ပြီး အခွံချွတ်မှပဲ ရမယ်၊ မင်း တစ်ယောက်တည်းလည်း ဒီညအပြီးလုပ်နိုင်မှာ မဟုတ်ဘူး၊ မိသားစုအတူစားတဲ့အခါကြမှပဲ ချက်စားဖို့ ဖယ်ထားလိုက်"
"ဒါဆိုလည်း ပြီးတာပဲ"
လင်းရှို့ချင်းက နောင်တသံ စွက်စွက်လေးဖြင့် ပြန်ဖြေလိုက်သည်။ ဤကဲ့သို့ ကမာကောင် အိတ်ထုပ်ကြီးဆိုလျှင် အခွံချွတ်လိုက်ပါက ကျင်း တော်တော်များများ ရနိုင်ပေသည်။
သူ (မ) ၏ 'ပိုက်ဆံချစ်' အသွင်အပြင်ကို ကြည့်ကာ ရီရောင့်သုန်းက ပြုံးရင်းဖြင့် ...
"ဟုတ်ပါပြီကွာ။ မနေ့က ငွေစာရင်း ယူလာခဲ့ပေးအုံး၊ ငါ အားကွမ်နဲ့ တခြားသူတွေကို သွားခေါ်လိုက်အုံးမယ်၊ ပြီးရင် စာရင်းရှင်းဖို့ အားချိုင်ဆီ တူတူသွားကြမယ်"
"ကောင်းတယ်"
အိတ်ကပ်ထဲ ငွေအပြည့်ဖြင့် ရီရောင့်သုန်းတစ်ယောက် အားချိုင်အိမ်မှ ထွက်ကာ အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်ကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ တစ်ရွာလုံး၏ ရတနာသိုက်ကြီး ဖြစ်သည်။
သူ၏ အဖိုးက သည်ရွာက မဟုတ်ဘူးဆိုတာ သူကြားဖူးသည်။ အဖိုးက အငတ်ဘေးကြောင့် ကျဲ့ကျန်းပြည်နယ်မှ တလမ်းလုံး တောင်းရမ်းရင်းဖြင့် သည်နေရာသို့ ရောက်လာကာ စားဝတ်နေရေးအတွက် ပင်လယ်ကို မှီခိုရင်း ရွာတွင် အခြေချနေထိုင်ခဲ့သည်။
ဤကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးကာ လူပေါင်းများစွာကို အသက်သွေးကြော ဖြစ်သည်။
ရီရောင့်သုန်းတစ်ယောက် ပျော်ရွှင်တက်ကြွသည့်အပြုံးဖြင့်
"သွားမယ်၊ အားကွမ်ရဲ့နေရာဆီ သွားပြီး ဝေစုခွဲကြစို့"
1601.88 ယွမ်ဆိုသည်မှာ ယနေ့ခေတ် လူများအတွက် များပြားသည့် ငွေပမာဏဖြစ်ပြီး အလုပ်သမား တစ်ဦး၏ နှစ်နှစ် လစာနှင့် ညီမျှလေသည်။ လှေငှားခနှင့် ဒီဇယ် ကုန်ကျစရိတ်များကို ဖယ်ပြီးနောက် လူလေးဦး ဝေစုခွဲလျှင် တစ်ဦးကို 397 ယွမ်စီ ကျန်မည် ဖြစ်သည်။
"ငါ့မိန်းမ တွက်ပြီးသွားပြီ၊ တစ်ယောက်ကို 397 ယွမ်စီရမယ်၊ အားလုံးပဲ ကိုယ့်ပိုက်ဆံ ကိုယ် လိုလား၊ ပိုလား စစ်ကြည့်ကြ၊ ပြီးရင် ဘယ်လောက်ကျန်လဲကြည့်ကြမယ်၊ မမှားအောင် နှစ်ခါ စစ်ကြ"
ရီရောင့်သုန်းက စားပွဲပေါ် အကြွေးစေ့များ ပုံချလိုက်ပြီး လူတိုင်းကိုလည်း ကိုယ့်ပိုက်ဆံကိုယ် စစ်ဆေးခိုင်းလိုက်သည်။
သူတို့၏ သီးခြား ရောင်းချမှုမှ ငွေများကိုတော့ လင်းရှို့ချင်းက သီးသန့် သိမ်းဆည်းထားပြီးပြီဖြစ်သည်။
အားလုံး ပျော်ရွှင်စွာဖြင့် ပိုက်ဆံများကို ရေတွက်ပြီး ဝေစုခွဲပြီးနောက်တွင် စားပွဲပေါ်တွင် တစ်ယွမ်နှင့် ၈၈ ဆင့် ကျန်၏။ အပြုံးတစ်ခုဖြင့် ရီရောင့်သုန်းက
"တစ်ယွမ်ကျော်တော့ ကျန်သေးတယ်၊ မင်းတို့တွေ ခွဲချင်သေးလား....."
"ငါတို့ ဒါကို တကယ်ပဲ ခွဲဖို့လိုလို့လား။ တစ်ယောက်စီကို တစ်ဆင့် နှစ်ဆင့် လောက်ပဲ ရမယ့်ဟာကို ဘာလို့ ခွဲနေတော့မှာလဲ၊ ဝိုင်ပဲ ဝယ်လိုက်ကြရအောင်လေ"
"ဟုတ်တယ်။ ဒါနဲ့ အရက် ဝယ်လိုက်ကြရအောင်၊ ငါတို့တွေ တစ်နေကုန် အလုပ် ကြိုးစားထားကြတာ။ အဲ့တော့ ဒီည အောင်ပွဲခံလိုက်ကြရအောင်၊ နေ့လည်တုန်းက အခွံမာငါးတွေ ရှိတယ်မလား သောက်ဖို့အတွက် အမြည်းကတော့ ပြည့်စုံနေပြီ"
"ကောင်းတယ်၊ ကောင်းတယ်"
"တစ်ခြားသူတွေကိုလည်း ခေါ်လိုက်ကြရအောင်"
"သူတို့ကတော့ မနာလိုဖြစ်နေကြအုံးမှာ...."