အပိုင်း (76)
တစ်နာရီခန့် ကြာပြီးနောက်တွင် လင်ကျီရှန်းနှင့် သူ့အဖော်များ ပြန်ထွက်သွားကြသည်။ ထိုအခါမှပင် အမေ ရီနှင့်အခြားသူများ စိတ်လှုပ်ရှားစွာဖြင့် အိမ်ထဲ ဝင်လာကြသည်။
"သူတို့ ဘာပြောလဲ။ တကယ်ပဲ ကျွန်မတို့ အိမ်ဝိုင်းကို ဝယ်မယ်တဲ့လား"
အဖေ ရီက ဆေးတံကို ဖွာပြီး ခေါင်းညိတ်လိုက်သည်။
"သူတို့ ဘယ်ကနေပြီး ဟိုဆရာကို သွားခေါ်လာခဲ့လဲမသိဘူး။အဲ့ဆရာပြောတာက ငါတို့ အိမ်ဝိုင်းက ဖုန်ရွှေကောင်းတာမလို့ သူ့ကို အောင်မြင်လာစေမယ်လို့ ပြောလိုက်တယ်တဲ့၊သူက ပြောသေးတယ်၊ အရင်နှစ်တွေက သူလည်း ကံသိပ်မကောင်းတာမို့လို့ သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲချင်တယ်တဲ့"
"ဒါပေမဲ့ သူက ကျွန်မတို့ ရွာကမှ မဟုတ်တာ၊ ဘာလို့ ဒီကမြေကိုမှ ဝယ်ချင်ရတာလဲ"
"သူပြောတာတော့ အိမ်သေးလေး ဆောက်ပြီးနေချင်လို့တဲ့၊တစ်ခါတစ်လေ သူ ငါးဖမ်းထွက်ပြီးပြန်လာတဲ့အခါကျ မြို့ပေါ်ပြန်သွားဖို့ အရမ်းနောက်ကျတတ်လို့ သူ့လှေကို ငါတို့ဆိပ်ခံမှာ ကမ်းကပ်ပြီး ဒီမှာ နားချင်လို့တဲ့"
"အဲ့လူက ချမ်းသာလို့လား"
"အဲ့လူ မရိုးသားဘူး၊ ကျွန်တော် ခန့်မှန်းရသလောက်ဆို ဒီလူပင်လယ်ပြင်မှာ ပစ္စည်းမှောင်ခိုလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်နေမယ် ထင်တယ်၊ ဆိပ်ကမ်းကြီးမှာ ကမ်းကပ်တဲ့အခါကျရင် မလုံခြုံဘူးလေ။ ကျွန်တော်တို့လို ရွာလေးရဲ့ဆိပ်ခံကျတော့ သူတို့ ညဘက်ကျ လွတ်လွတ်လပ်လပ် ပစ္စည်းတွေ ခိုးသယ်လို့ ရနေတယ်လေ၊ အဲ့ဒါကြောင့်မလို့ ကုန်တင်ပြီးသွားရင်ညအိပ်ဖို့ နေစရာလိုသွားပြီလေ၊ ဟုတ်တယ်မလား"
"ဒီမြေရဲ့တည်နေရာက ကမ်းခြေနဲ့ သိပ်မဝေးဘူး။ ပြီးတော့အနီးအနားမှာကလည်း လူနေအိမ်တွေ မရှိကြဘူး မဟုတ်လား။ဒါကြောင့်လည်း ဖုန်ရွှေကောင်းတယ်ဆိုတာ ဒီလူတွေ ယုံနေကြတဲ့အကြောင်းပြချက်တွေထဲက တစ်ခု ဖြစ်မယ်"
ယခင်ဘဝက ကောလဟာလတစ်ချို့ သူကြားဖူးသည်။ လင်ကျီရှန်း၏ မိသားစုက ကုန်မှောင်ခိုလုပ်ငန်းဖြင့် ချမ်းသာလာကြသည်ဟူ၍၊ သို့သော်လည်း မည်သို့သော မှောင်ခိုလုပ်ငန်းတွင် သူတို့ ပါဝင် ပတ်သက်နေကြသလဲတော့ သူလည်းအသေအချာ မသိချေ။
"ဒီတိုင်း ခန့်မှန်းကြည့်တာပါဗျာ၊ ခုနက သူစကား ပြောပုံ ဆိုပုံတွေက မူမမှန်ဘူး၊ ထားပါလေ၊ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဘာမှရှုံးတာမှ မဟုတ်ဘဲ လှေ တစ်စီးတောင် ရလိုက်သေးတယ်လေ၊ အပြင်မှာလည်း သွားပြီး လျှောက်မဖွကြနဲ့အုံးနော်"
"ဈေးကို ဘယ်လိုပြောလိုက်ကြလဲလို့လဲ။ လှေ တစ်စီးရတယ်ဆိုတာ ဘာကို ပြောတာလဲ"
"ငါတို့ လက်ရှိ အိမ်ဆောက်နေတဲ့နေရာကို လင်ကျီရှန်းရဲ့ဝမ်းကွဲ ကျိုးရဲချီကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒီအတောအတွင်း အလုပ်သမားတွေရဲ့လုပ်အားခနဲ့ အစားအသောက် စရိတ်တွေကို သူ့ဘက်က ရှင်းပေးလိမ့်မယ်၊ ငါတို့ကတော့ ရွာထဲမှာပဲ နောက်တစ်နေရာကို ရှာကြတာပေါ့။ပြီးတော့ အဲ့ဒီအိမ်ဝိုင်းအတွက်ကိုလည်း သူ့ဘက်က ငွေပေးလိမ့်မယ်၊ ဘောနပ်စ် အနေနဲ့က ၆ မီတာ အရှည် လှေ တစ်စင်းနဲ့ ငါတို့ကို ပြန်အလျော်ပေးမယ်"
အားလုံး၏ မျက်လုံးများ ဝင်းလက်လာ၏။ ဒါဆို သူတို့တွေ လှေတစ်စီး အလကား ရလိုက်ကြတာပေါ့။
"အင်း၊ မင်းတို့အားလုံး လုပ်ထားတဲ့ အလုပ်တွေအတွက်လုပ်အားခရကြမယ်၊ ဒီည မင်းတို့ အမေကို မင်းတို့ ဘယ်နှစ်ရက် အလုပ်,လုပ်ထားကြလဲဆိုတာရယ်၊ မင်းတို့ဘယ်လောက်ရသင့်လဲဆိုတာ ပေးတွက်လိုက်၊ ပြီးတော့အစားအသောက် စရိတ်တွေပါ ထည့်တွက်ဦးနော်၊မနက်ဖြန်ကျ ငါတို့တွေ ရပ်ကွက်ရုံး သွားပြီး ရွာလူကြီး ချန်ကိုသွားရှာကြမယ်"
ရီရောင့်ဖုန်က သတိပေးကာ ;
"အဖေ၊ ကျွန်တော်တို့ မနက်ဖြန် လှေအရင်သွားကြည့်သင့်တယ်၊ လှေအစုတ်အပျက်တွေကို လက်ခံလို့ မဖြစ်ဘူး"
"အေးပေါ့ဟ၊ ရေပေါ်မှာပါ တစ်ခါတည်း စမ်းကြည့်ရမယ်"
"မင်းတို့က ဘယ်နေရာမှာ ရွေးချင်ကြလဲ"
"ကမ်းခြေ အရှေ့က နေရာကို ရွေးကြရအောင် ပင်လယ်နဲ့ နီးတော့ ဒီရေကျတဲ့ ဘယ်ချိန်ကျမလဲ သိရပြီ ပင်လယ်တူးထွက်တဲ့အခါကျလည်း အဆင်ပြေသွားမယ်"
"လှိုင်းရောက်နိုင်တဲ့ ဟိုးအရှေ့ကြီးမှာတော့ သွားမဆောက်နဲ့ပေါ့ဗျာ၊ အဲ့နေရာမှာသာဆို ကမ်းခြေနဲ့နီးတော့ ကျွန်တော်တို့ဆိပ်ခံကနေ အဝေးကြီးလမ်းလျှောက်နေစရာ မလိုတော့ဘူးပေါ့"
ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာလည်း ကန့်ကွက်စရာ မရှိပါချေ။ မည်သည်နေရာတွင်မဆို သူတို့အတွက် ကိစ္စမရှိ။
ကန့်ကွက်မည်သူ မရှိသဖြင့် အဖေရီက တစ်ခါတည်းဆုံးဖြတ်ချက်ချလိုက်သည်။
မနက်ဖြန်တွင် အရေးကြီး ကိစ္စများ ရှိသဖြင့် အဖေ ရီ တစ်ယောက် ညတွင် ငါးဖမ်း မထွက်ခဲ့ချေ။ အိမ်များတွင်ဆောက်လုပ်မှု ယာယီ ရပ်ဆိုင်းထားရန် အလုပ်သမားများကိုလည်း အကြောင်းကြားခဲ့သည်။ အိမ်အသစ်ကို အတည်ပြုပြီးသည်နှင့် သူတို့ အလုပ်ပြန်စလို့ရမည် ဖြစ်သည်။
အဖေ ရီ တစ်ယောက် လှေကို ပင်လယ်ပြင်တွင် လှော်ခတ်ကာပြဿနာ တစ်စုံတစ်ရာ ရှိ၊ မရှိ စစ်ဆေးပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် ရွာ၏ သင်္ဘောတည်ဆောက်သည့်ပညာရှင်အား ထပ်မံ စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ မည်သည့် ပြဿနာမှ မရှိတော့သည့်အချိန်တွင် သက်သေအဖြစ် ရွာလူကြီး ချန်ကို သွားရှာပြီး အိမ်ဝိုင်းအသစ်အမှတ်အသား ပြုလုပ်ရန် ရပ်ကွက်ရုံးသို့သွားလိုက်သည်။
ရီမိသားစုရှိ လူတိုင်းမှာ ပျော်ရွှင်နေကြ၏။ သူတို့က နေစရာနေရာ ပြောင်းလိုက်ရုံဖြင့် လှေတစ်စီး အခမဲ့ရလိုက်သည်ပင်။ဤအရာသည့် ကောင်းသည့်အရာ ဘာမှ မရှိနိုင်တော့ချေ။
ချောချောမွေ့မွေ့ ငွေပေး ငွေယူပြီးနောက်တွင် ရွာလူကြီး ချန်က သူတို့ ဤအလဲအလှယ်ကို လိုလိုလားလားနှင့် သဘောတူကြောင်း အဖေ ရီကို အကြိမ်များစွာ အတည်ပြုပေးခဲ့သည်။ထို့နောက် ချက်ခြင်းပင် ဂရမ်အသစ် ထုတ်ပေးပြီး ပင်လယ်ကမ်းစပ်ရှိ မြေကွက်ကို အတည်ပြုပေးခဲ့သည်။ ဟုတ်ပါ၏၊ပိုက်ဆံက လင်ကျီရှန်၏ ဝမ်းကွဲ ကျိုးရဲချီ ရှင်းရသည်ပင်။
လုပ်အားခ လစာများ စာရင်းရှင်းပြီးသည်နှင့် ရီမိသားစုဝင်တို့အိမ်ဝိုင်းနှင့် ပတ်သက်ပြီး စိတ်ပူမနေတော့ချေ။ နောက်တစ်နေ့တွင် အိမ်အသစ်၌ တွင်းတူးရန် အလုပ်သမားများကိုအကြောင်းကြားပြီး ဆောက်လုပ်မှုကို ပြန်စရန် စီစဉ်ထားကြ၏။
အိမ်အပြန်လမ်းတွင် ရီရောင့်သုန်းမှာ မမေးဘဲ မနေနိုင်တော့ကာ ;
"အဖေ၊ ဒီလှေသေးလေးနဲ့ ဘာလုပ်မလို့လဲ"
"ဟမ်၊ ငါက ဘာကိုလုပ်ရမှာလဲဟ။ မင်းက ဘာကိုပြောချင်နေတာလဲ"
အဖေ ရီက မျက်မှောင်ကြုတ်ကာ ;
"ကျွန်တော့်ကို ရောင်းဗျာ"
လှေက ၆ မီတာ ရှည်ကာ သေးလှသည်ဟု ဆို၍ မရ။ ပိုကြီးတာကို မတတ်နိုင်သလို အသစ်ကိုလည်း သူ မဝယ်နိုင်သေးပေ။ယာယီအနေဖြင့် တစ်ပတ်ရစ် သစ်သား လှေတစ်စင်းဆိုလည်း မဆိုးလှချေ။
သူ့အစ်ကို နှစ်ယောက်နှင့် တစ်လှည့်စီ၊ အဖေနှင့် ငါးဖမ်းလိုက်ရသည်ထက်တော့ ပိုကောင်းသေးသည်။ သူတို့က သုံးရက်လျှင် တစ်ကြိမ်သာ ငါးဖမ်းထွက်ပြီး ငါးဖမ်းရ ငွေများကိုအိမ်ဆောက်ရာတွင် အသုံးပြုရသဖြင့် သူတို့ လက်ထဲ ငွေမကျန်တော့ချေ။
ငါးဖမ်းလှေများက ကမ်းရိုးတန်းတွင် နေထိုင်သူများ အသက်ရှင် ရပ်တည်ရေးရာအတွက် အားကိုးအားထား ပြုသည့်ကိရိယာများ ဖြစ်ပေသည်။ လုံးဝ ကောင်းနေသည့် လှေတစ်စင်းကို ရောင်းချပေးသူက အတော်ရှားပြီး၊ လှေငယ် တစ်စင်းကို ပိုကြီးသည့် လှေဖြင့်သာ လဲလှယ်တတ်ကြသည်။ အသုံးမဝင်သည့် လှေငယ်များကိုတော့ များသောအားဖြင့် မိသားစုအတွင်းသာ ဦးစားပေးရောင်းပေးကြသည်။ တစ်ပတ်ရစ်စက်လှေများမှာလည်း ဝယ်ရန် မလွယ်ကူပေ။ ယနေ့တွင်တော့ သည်လှေက သူ့အတွက် အခွင့်အရေး တစ်ခုပင်။
"မင်းက ဝယ်မယ်ပေါ့"
"ဒါဆို အဖေ၊ အဖေ့မှာ သား သုံးယောက်ရှိတယ်ဆိုတော့ အဖေဘယ်သူ့ကို ပေးသုံးမှာလဲ"
အမ်.....သည်မေးခွန်း..သည်မေးခွန်းက အဖေ ရီအတွက် အလွန် ခက်ခဲလေသည်။
မိသားစုအတွင်း ဟန်ချက်ညီအောင် ထိန်းညှိပေးခြင်းအမှုတွင် ကောင်းစွာ ကျွမ်းကျွင်သူက အမေ ရီပင်။ သူ(မ)ကခေါင်းစဉ်ပြောင်းလိုက်ပြီး ;
"ဒါက..ကျွန်တော် ကိုယ်ပိုင် လှေတစ်စီး လိုချင်လို့ပါ၊ အသစ်လည်း မဝယ်နိုင်သေးဘူး။ ပြီးတော့ တစ်ပတ်ရစ်လည်း မရှာနိုင်သေးဘူး၊ အခု အိမ်မှာ လှေတစ်စီး အပို ရှိနေပြီဆိုတော့ ကျွန်တော်တို့ညီအစ်ကို သုံးယောက်ကို ခွဲပြီးပေးဖို့ကလည်း လွယ်မှာမဟုတ်ဘူးလေ၊ အဲ့ဒါကြောင့် ကျွန်တော်ပဲ ဝယ်လိုက်မလားလို့"
ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာတို့ ညီအစ်ကို နှစ်ယောက်မှာလည်း ရောင့်သုန်း ကိုယ်ပိုင်လှေလိုချင်သည်လို့ ပြောသည့်အချိန်တွင် အနည်းငယ်လေး စိတ်အားထက်သန်လာကြပြီး သူတို့လည်း တစ်စီးလောက် လိုချင်လာ၏။
ရောင့်သုန်းက အခုရက်ပိုင်း လုံလ ဝီရီယ ရှိရှိနဲ့ အလုပ်ကြိုးစားလုပ်နေပေမဲ့ သည်ကောင် ဘယ်လောက်ကြာကြာလုပ်နိုင်မလဲဆိုပြီး သူ သံသယရှိနေတာလေ။
