အပိုင်း (83)
သူငယ်ချင်း လေးယောက် အားအင်အပြည့်ဖြင့် လှေပြန်လှော်ကာ ပြန်ထွက်လာခဲ့ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ပိုက်ဆံဆိုသည်မှာ စိတ်ဓာတ်ခွန်အားဖြစ်စေသည့် အကောင်းဆုံးနည်းပင်။
"အားသုန်း ငါ့ကို ဘောင်ချာပြကြည့်ပါအုံး"
အားကွမ်က လက်နှစ်ဖက်ကို ပျော်ရွှင်စွာပွတ်ရင်းဖြင့် ;
"၄၇၈ ယွမ်ဆိုတော့ ခွဲလိုက်ရင် ငါတို့ တစ်ယောက်ဘယ်လောက်ဆီ ရလောက်မလဲ"
"ငါ ဘယ်သိပါ့မလဲဟ၊ ၁၀၀ကျော်လောက်တော့ရမှာပေါ့၊ ပြန်ရောက်တဲ့အခါကျမှ ငါ့မိန်းမကို တွက်ခိုင်းလိုက်မယ်"
အသေးလေးက ရယ်ရင်းဖြင့် ;
"ဟိုကောင်တွေ မလိုက်ကြတာ၊ ကြည့်နေ ဒီကောင်တွေ နောက်တ ရနေလောက်မှာ"
"သူ့တို့ မလိုက်လာတာလည်း ကောင်းသွားတယ်၊ လူများနေရင် ပိုက်ဆံခွဲတဲ့အခါကျ ဘယ်လိုလုပ်ကြမလဲ။ လူနည်းတော့ ပိုက်ဆံ ပိုရတာပေါ့"
"အဟုတ်ပဲ"
ရီရောင့်သုန်း တစ်ယောက် လှော်တက်ကို လှော်ရင်းဖြင့်;
"မင်းတို့ ပြန်ရောက်ရင် ပိုက်ဆံကို လှေဆောက်ဖို့အတွက်ပဲ သုံးကြနော်"
အားကွမ်က ပြုံးရင်းဖြင့် ငွေဖြတ်ပိုင်းကို ပြန်ခေါက်ကာ ရီရောင့်သုန်းအိတ်ကပ်ထဲ ပြန်ထည့်ပေးလိုက်ပြီး;
"အေးပါကွာ၊ ပထမအကြိမ်တည်းနဲ့ လှေလေး လှော်ရုံနဲ့တင် မင်း ပိုက်ဆံ ရှာနိုင်နေတာကို ကြည့်ပြီး ငါလည်း အရမ်း အားကျနေတာကွ၊ မဟုတ်တောင် အိမ်မှာဆို တစ်နေကုန် အိပ်လိုက် စားလိုက်နဲ့ဆိုတော့၊ အိမ်မှာလည်း ဘာပြဿနာမှ မရှိတော့ ငါတို့သုံးယောက် လှေအတူ ဆောက်ဖို့ ကြိုးစားမှာပါဟ"
အားကျန်းမှာလည်း သူ့အမေ သူ့သားလေးအောင်မြင်လာမှုအား ချီးမွှန်းနေပုံကို တွေးရင် ပျော်ရွှင်စွာ ခေါင်းညိတ်လာ၏။
အသေးလေးလည်း တစ်စုံတစ်ခု အနှောင့်မပေါ်သရွေ့ ကိစ္စမရှိပါချေ။
လှေလေး တစ်စီးက နှေးနှေးကွေးကွေးဖြင့် သီးခြားကျွန်းဆီ ပြန်လည်ရွက်လွှင့်လေ၏။ အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက်မှာတော့ မွန်းတည့်ချိန်ပင် ရောက်လို့လာချေပြီ။
သူတို့လှေပေါ်မှ ဆင်းသည့်အချိန်တွင် ပင်လယ်သို့သွားရန် အလျင်စလို မလုပ်သေးဘဲ သစ်ကိုင်းခြောက်အပုံကို တွေ့လိုက်ရာ ဗိုက်ဖြည့်ရန်အတွက် လိပ်ဥ အနည်းငယ် ဖုတ်စားရန် စီစဉ်လိုက်သည်။
ရီရောင့်သုန်း တစ်ယောက် ရွံ့များဖြင့်လိပ်ဥကို ပတ်ကာ တူးထားသည့် ရွံ့ကျွင်းထဲ မီးဖုတ်ရန် ပစ်ထည့်လိုက်သည်။
ဒါဟာ သူတို့ရဲ့ ငယ်စဉ်ကလေးဘဝ အမှတ်တရများကို အမှတ်ရစေ၏။ ငယ်ရွယ်စဉ်အခါက မကြာခဏဆိုသလို အိမ်ကနေ ကြက်ဥတွေ ခိုးလာပြီး အပြင်ဘက်တွင် သွားဖုတ်စားလေ့ရှိပြီး၊ အနံ့အရသာ မည်မျှမွှေးသလဲဆိုတာ ပြောမနေပါနဲ့တော့လေ...။
"ငါ နည်းနည်းပဲစားမှာ၊ ငါ့ဘာသာငါ ပတ်မယ်"
"အို့၊ ငါဆို မစားရတာ နှစ်ချီနေပြီ"
"ဒီနေ့ကျမှပဲ အရင်က အမှတ်တရတွေတောင် သတိရသွားတယ်"
"လိပ်ဥက ဖုတ်လိုက်ရင် ကြက်ဥတွေလောက် ကောင်းပါ့မလား"
"လိပ်ဥဆိုတော့ အရင်ဆုံးရွှံ့နဲ့ ပတ်အုံး၊ ဖုတ်ပြီးသွားရင်တော့ ကောင်းလား၊ မကောင်းလား မင်းသိမှာပေါ့ကွာ"
တစ်ယောက်စီ လိပ်ဥ လေး၊ ငါးလုံးလောက် ပတ်ပြီး သစ်ကိုင်းခြောက်များဖြင့် မွှေးထားသည့် မီးထဲ ပစ်ချပြီး လိပ်ဥများကို ဟိုလှန်သည်လှန် လှန်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးက ဆေးလိပ်သောက်သူများ ဖြစ်ရာ မီးခြစ်ဆံကို သွားလေရာ သယ်သွားတတ်ကြသည်။
သဲသောင် ကမ်းခြေပေါ်ထိုင်ရင်း ဆားရနံ့ သင်းသင်းဖြင့် ပင်လယ်လေလေးကို ခံစားကာ နေသာ သိပ်မပြင်းဘူးဆိုလျှင် ပိုတောင်ကောင်းအုံးမည်။
သူငယ်ချင်း လေးယောက် ကမ်းခြေပေါ်ထိုင်ကာ စကား တပြောပြောဖြင့် လိပ်ဥများ ကျက်သည်အထိ စောင့်ရင်း အနည်းငယ် အေးအေးဆေးဆေးရှိနေကြ၏။
မီးပုံရှိ မီးမှာ ပိုပိုပူလာ၏။ ၁၅ မိနစ်ခန့် စောင့်ပြီးနောက်တွင် ရွှံ့များက လုံးဝ ခြောက်သွားပြီး လိပ်ဥများ ကျက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
လိပ်ဥများ အားလုံးကို ထုတ်ပြီး မီးငြိမ်းသတ်ရန်အတွက် ပင်လယ်ရေပုံး တစ်ပုံး ဆွဲရန် ကမ်းခြေသို့သွားကြသည်။
"လိပ်ဥနံ့လေးက မွှေးလိုက်တာကွာ၊ တစ်ခါမှ မစားဖူးသေးဘူးလို့လား မသိဘူး"
"များများစား၊ ယန်ဓာတ်ကို အားဖြည့်ပေးမယ်၊ ကျောက်ကပ် အားတိုးစေမယ်"
အသေးလေးက မျက်စောင်း လှမ်းထိုးလိုက်ပြီး ;
"အေးအေး၊ မင်းက သတို့သားလောင်းဖြစ်မဲ့ကောင်ဆိုတော့ များများစားထား၊ ပြီးမှ အချည်းနှီး မဖြစ်ရအောင်"
သူတို့ စကားပြောသံများကို နားထောင်ရင်း ရီရောင့်သုန်း တစ်ယောက် လိပ်ဥမှ ရွှံ့နွံများကို ခြစ်ထုတ်ကာ ပူနေမည်ကို စိုးသောကြောင့်လည်း လက်တစ်ဖက်မှ တစ်ဖက်သို့ ထည့်ကာ အအေးခံလိုက်ပြီး ဥခွံကို နည်းနည်းချင်စီခွာကာ စုပ်သောက်လိုက်သည်။
သည်လို ဖုတ်ထားတဲ့ ဥတွေ မစားရတာ တော်တော်တောင်ကြာသွားခဲ့ပြီ...
"ဟမ်...ဘာလို့ မမာနေရတာလဲ။ မကျက်သေးလို့များလား"
အသေးလေးက ဥနှစ်ဖြူဖြူများကို အံ့အားတသင့်ဖြင့်ကြည့်ပြီး မဖြုန်းတီးရလေအောင် မြန်မြန် တစ်ငုံ စုပ်သောက်လိုက်သည်။
"မဖြစ်နိုင်တာ၊ ငါတို့ ဖုတ်ထားတာဖြင့် အကြာကြီးဟာကို၊ မြေကြီးတွေတောင် ခြောက်နေပြီလေ။ မကျက်တာ ဖြစ်နိုင်ပါ့မလား"
အားကျန်း တစ်ယောက် မယုံနိုင်စွာဖြင့် သူ့လက်ထဲမှ ကြက်ဥအခွံကို အလျင်အမြန် ခွာလိုက်ရာ အရည်များက ဘေးဘက်သို့ စီးကျလာသဖြင့် အမြန်စုပ်လိုက်သည်၊ မမျှော်လင့်ထားစွာပင် လိပ်ဥက မမာနေခဲ့ချေ။
အားကွမ်က လက်ထဲမှ လိပ်ဥကို တစ်လှည့်၊ မြေပြေင်ပေါ်ရှိ ရေစိုနေသည့် မီးပုံကို တစ်လှည့် ကြည့်ကာ;
"မီးက အခုလေးတင် ငြိမ်းသွားတာ ပြီးတော့ မီးထပ်မွှေးရင် အလုပ်က ထပ်ရှုပ်အုံးမယ်၊ ဒီတိုင်းပဲ သောက်စို့ကွာ။ မကျက်တကျက်လည်း စားလို့ ရနေတာပဲ"
ရီရောင့်သုန်း ဥအနှစ် ဖြူဖြူများကို စုပ်သောက်ပြီး အနှီတောသား အရူးသုံးကောင်အား အထင်သေးခြင်းများဖြင့် ကြည့်ကာ ;
"လိပ်ဥဆိုတာက အစကတည်းက မာတဲ့အမျိုးမဟုတ်ဘူဟ၊ ကျက်သွားရင်တောင် သူက အရည်အတိုင်းပဲ ရှိနေမှာ၊ အထဲက အနှစ်ကပဲ မာသွားမှာ၊ မင်းတို့ကို ပြမယ်"
သူက သူ့လက်ထဲမှ ပါးစပ် အပြည့်စာ အနှစ်ဖြူဖြူကြီးကို ပြလိုက်မှပင် အားလုံး ယုံကြည်သွားတော့သည်။
"အားယား၊ တကယ်ပဲ ဥအနှစ်က ခဲနေတာဟ။ ဥအကာပဲ မခဲဘဲ ကျန်ခဲ့တာ၊ ငါတို့ စိတ်ထင် မကျက်ဘူး ထင်နေတာကွာ"
"ဗဟုသုတ တော်တော်ကြွယ်တဲ့ကောင်"
"မင်းက ဘယ်လိုသိလဲ အားသုန်း"
"ငါက မင်းတို့ မင်းတို့တွေထက် ဉာဏ်ပိုရှိတယ်လေ"
"အော့~"
အားလုံးက ရွံ့ရှားစွာဖြင့် အော်လိုက်ကြပြီး အားပါးတရ စားသောက်ကြလေသည်။ မွန်းတည့်ချိန်ပင် ရောက်ပြီ ဖြစ်ကာ အားလုံးမှာ ဗိုက်ဆာနေကြလေပြီ။
စားနေရင်းဖြင့် ရီရောင့်သုန်းက ;
"ငါ ကြားဖူးတာလေ၊ ကုန်းလိပ်ဥက တောင်တန်းတွေနဲ့ ပင်လယ်တွေရဲ့ အနူးညံ့ဆုံး အရာရှစ်မျိုးထဲက တစ်ခုတဲ့"
"ဟုတ်လို့လား"
"ဒါဆို ငါတို့ဥက ကုန်းလိပ်ဥလောက် မရှားဘူးပေါ့"
"အတူတူပဲ မဟုတ်လား"
"ပင်လယ်မှာ ရှိတဲ့ အကောင်နဲ့ ကုန်းပေါ်မှာ ရှိတဲ့အကောင် တူပါ့မလားဟ"
မဆုံးနိုင်သော စကားရည်လုပွဲ တစ်ခု ပြန်လည်စတင်လေ၏။
ရီရောင့်သုန်း တစ်ယောက် လိပ်ဥ ငါးလုံးကို တစ်ပြိုင်တည်း စားလိုက်ပြီး ဖင်ကို ခါကာ ပုံးတစ်ပုံဆွဲပြီး မတ်တပ် ထရပ်လိုက်သည်။ သူ သည်အရူးသုံးကောင်နဲ့ ထိုင်ပြီး စကားမပြောနိုင်တော့ဘူး။
"အား၊ အားသုန်း မြန်လှချည်လားဟ"
"မြန်မြန် စားကြဟ"
သူ အလွန် လျင်မြန်စွာ စားပြီးသွားသည်ကို မြင်သည်နှင့် အားလုံးကလည်း အကုန်လုံး ထိုးထည့်ပြီး ပလုပ်ပလောင်းစားကာ ပုံးနှင့် ပစ္စည်းများ ကိုယ်စီဆွဲလာကြသည်။
"ငါ့နောက် မလိုက်လာကြနဲ့၊ လူခွဲပြီး ကိုယ့်ဘာသာကိုယ်ရှာကြ"
"မင်းနောက်လိုက်ပြီး ပင်လယ်စာ ကောက်မယ်လေ"
"ချီးစားရင်ရော ငါ့နောက်ကို လိုက်အုံးမလား! ငါတွေ့ရင် မင်းကို ငါက ပေးစရာလား"
"ဟုတ်သားပဲကွာ မင်းကလည်း၊ ဒါဆိုလည်း ရောင့်သုန်း၊ ငါတို့ကို လမ်းပဲပြပေး"
"သွားစမ်း"
ဖူး ... ရောင့်သုန်းက သဘောမတူမှဖြင့် သူတို့လည်း လူခွဲပြီး ရှာကြရုံပဲပေါ့..
မည်သူမျှ မလိုက်လာသည်ကို မြင်တော့မှပင် ရီရောင့်သုန်း တစ်ယောက် စိတ်သက်သာရာရတော့သည်။ သူက ရေတိမ်ပိုင်းကို အဓိကထားရှာဖွေခဲ့ပြီး ပုံးမှာ တစ်ခဏအတွင်း တစ်ဝက်ပြည့်သွားခဲ့လေသည်။ တန်ဖိုး သိပ်မရှိသော်ငြားလည်း သူ ကျေနပ်ပါ၏၊ အချီကြီး မိထားပြီးပြီ ဖြစ်ကာ ဤပင်လယ်စာများမှာ ဆန်ပြုတ်အတွက် အရံဟင်းတစ်ခွက် လုပ်ရုံသာ။
အတန်ကြာ ရှာဖွေပြီးနောက် နေရာပြောင်းရန် စီစဉ်လိုက်စဉ် ခြေထောက်အောက်မှ လေပူဖောင်းလေးများ ထွက်နေသည်ကို မြင်လိုက်ရသည်။ သူ လက်ဖြင့်တူးကြည့်ရန် ကြိုးစားကြည့်လိုက်သော်လည်း သဲခုံးကောင်များကို ထုတ်၍ မရ ဖြစ်နေ၏။ ဟားဟား၊ ဒီတစ်ခါတော့ သူ ကြိုတင်ပြင်ဆင်လာခဲ့တယ်လေ။
ပုံးက တစ်ဝက် ပြည့်နေပြီဖြစ်ရာ ပုံးအလွတ်ဖြင့် လဲရင်း ပြန်လာစဉ် ဆားနည်းနည်း ယူလာလိုက်၏။
သူ ဤတစ်ဖန် ပြန်ရောက်ပြီးနောက်တွင် ကမ်းခြေမျက်နှာပြင်ပေါ်ရှိ သဲအလွှာကို ဖယ်ထုတ်လိုက်ရာ လေပူဖောင်းအပေါက်များက ပိုမို ထင်ရှားလာသည်။ ဆား တစ်ဝက် ဗူးကို ဖွင့်ကာ အပေါက်တစ်ခုစီတွင် အနည်းငယ် ဖြန်းကာ ဖြူးထားလိုက်သည်။
ခဏကြာပြီးနောက် ပူဖောင်းပေါက်များမှ သင်တုန်းခုံးများ တစ်ကောင်ပြီး တစ်ကောင် ထွက်လာ၏။
ရီရောင့်သုန်း ပျော်ရွှင်စွာ ဆွဲထုတ်ကာ လက်အပြည့် ကောက်လိုက်ပြီး ;
"ဒီနည်းလမ်းကတော့ အလုပ်ဖြစ်တုန်းပဲကွ"
ဤသို့သော ကြီးမားသည့် ဧရိယာသည် လေပူဖောင်းများနှင့် အပြည့်ဖြစ်နေသည်။ သင်တုန်းခုံးများကို ဆွဲထုတ်ရန် ထိုနည်းလမ်းအတိုင်းပင် အသုံးပြုလိုက်သည်။
သူက ပုံးကို လှုပ်လိုက်ပြီး တစ်ခုခု အဖိုးတန်လေးများ ရှာတွေ့ရန် အလို့ငှာ နေရာပြောင်းရန် ထလိုက်သည်။
သို့သော် သူ မထင်မှတ်ထားသည်က ကျောက်ဆောင်ကြီး၏ အစွန်းဘက်သို့ ရောက်သည်နှင့် ရေထဲတွင် လူးလွန့်သွားနေသည့် မြွေတစ်ကောင်ကို တွေ့လိုက်ရမည်လို့ပင်။
သူ့မျက်ဆန်မှာ ကျုံ့ဝင်သွားပြီး မထိန်းချုပ်နိုင်လောက်အောင် တံတွေး မျိုချမိသွားပြီး အလျင်အမြန် အနောက်သို့ ဆုတ်ကာ အာခေါင်အသံဖြင့် ;
"အားကွမ်၊ အားကွမ်၊ ဒီကို အမြန်လာစမ်း"
"ဘာဖြစ်လို့လဲ။ ပစ္စည်းကောင်းလေး တွေ့လို့လား"
အားကွမ်က သူ့ ခေါ်သံကို ကြားသည်နှင့် စိတ်လှုပ်တရှား ပြေးလာပြီး၊ အခြားသူများလည်း သိလိုစွာဖြင့် အပြေးရောက်ကြကာ ;
"ဪ၊ ပင်လယ်မြွေလေးများ။ ငကြောက်ကောင်၊ ကိုယ့်ဘာသာကိုယ် မဖမ်းရဲဘူးလားဟ"
"လုပ်ပါဟ၊ လာပါ၊ ငါ ဒါတော့ မလုပ်ရဲဘူး၊ မင်းက မြွေဖမ်းတဲ့နေရာမှာ ဆရာကြီးပဲဟာ"
