Chapter 134

3K 177 12
                                    

အပိုင်း (၁၃၄)
 
ညစာစားချိန်တွင် လူတိုင်းက လင်းရှို့ချင်းအား အချိန်နှင့်မျှဆိုသလို ကြည့်နေကြကာ သူ(မ)အား အနည်းငယ် နေရခက်စေ၏။
 
အမေရီက တစ်ခဏ စဉ်းစားပြီး 
“အပြင်သွားပြီး အားချင်းရဲ့ဒီနေ့လယ်ကအကြောင်းကို ပေါက်ကရတွေ လျှောက်မပြောကြနဲ့၊ အဲ့ဒါက ရှိလားမရှိလားတောင် မသိသေးဘူး၊ ဒါပေမဲ့ အခုနှစ်တွေက အရမ်းတင်းကျပ်နေပြီ”
ကလေးများဆိုသည်မှာ ကောင်းချီးများဖြစ်ပြီး အကယ်၍ လင်းရှို့ချင်းသာ အမှန်တကယ် ကိုယ်ဝန်ရှိနေလျှင် အမေရီက သေချာပေါက် သူ(မ)ကို နောက်တစ်ယောက်အား ချောချောမွေ့မွေ့ မွေးဖွားစေချင်၏။
 
“ကျွန်မတို့ သိပါတယ်”
 
“အမေ တတိယဒေါ်လေးက ဘာဖြစ်လို့လဲ?”
ရီချန်ဟိုက်က သူ့အမေအား စူးစမ်းစွာ မေးလိုက်သည်။
 
“ဘာမှမဟုတ်ဘူး ကလေးတွေက စပ်စပ်စုစုမလုပ်နဲ့၊ လူကြီးတွေကို အကုန်လုံး လိုက်မမေးနေရဘူး၊ ထမင်းကို မြန်မြန်စား”
 
“ဟွန့်....”
 
“ဟင်းတွေကို နှိုက်တဲ့အခါကျ ခဏခဏ တူကို ဟင်းခွက်ထဲ ဟိုနှိုက်ဒီနှိုက်မလုပ်နဲ့”
 
“မြန်မြန်စားလေ ပျင်းတွဲတွဲ လုပ်မနေနဲ့ အစားအသောက်တွေက မကောင်းနေလို့လား? အရံဟင်းတွေမရှိခင်တုန်းကတောင် မြန်မြန်စားပြီးတော့ ...”
“နင့်မေးပြုတ်နေလို့လား? စားပွဲပေါ်မှာ ထမင်းလုံးတွေချည်းပဲ၊ ပြန်ကောက်စား...”
 
ကလေးများကို ဆူနေသည့်အသံက ထမင်းစားဝိုင်းတွင် အဆက်မပြတ် ထွက်‌လာနေပြီး လင်းရှို့ချင်း၏ကိစ္စက အလိုလို ယာယီ ရပ်တန့်သွား၏။
မှောင်စပျိုးပြီးနောက်တွင် အားလုံးက ကိုယ့်အခန်းကိုယ်ပြန်သွားကြသည်။ ရီရောင့်သုန်းက သူဖွက်ထားသည့် မာလကာသီးနှစ်လုံးကို ထုတ်ကာ နှစ်ပိုင်းစိတ်ပေးပြီး စိတ်လှုပ်ရှားနေကြသည့် ကလေးနှစ်ယောက်ထံ ကမ်းပေးလိုက်သည်။
 
“ဖွားဖွားကြီးက မင်းတို့ကို စားဖို့ပေးတာကို အပြင်မှာလျှောက်မပြောနဲ့နော် မဟုတ်ရင် နောက်တစ်ခါဆို ဖွားဖွားကြီးက ဘာမှပေးတော့မှာမဟုတ်ဘူး”
“နားလည်ပါတယ် ဖေဖေ!”
 
အငယ်ဆုံးသားလေးကလည်း ခေါင်းညိတ်ကာ သံယောင်လိုက်၏။
 
ရီရောင့်သုန်းက လင်းရှို့ချင်းကို နောက်တစ်လုံးကမ်းပေးလိုက်သော်လည်း သူ(မ)က မစားဘဲနှင့် နှစ်ပိုင်းစိတ်ကာ သူ့အတွက် တစ်ဝက်ပေးပြီး 
 
“တူတူစားကြမယ်”
 
သူက အပြုံးဖြင့် ယူကာ ပါးစပ်အပြည့်ကိုက်ချလိုက်ပြီး လင်းရှို့ချင်းလည်း စတင်စားလေ၏။
 
ဆောင်းလယ်ပွဲတော် ဒုတိယနေ့တွင် အခြေအနေတချို့ရှိသူများကတော့ မနက်စောစော ကြက်များ၊ဘဲများကို စတင်သတ်ကြပြီး ရွာထဲတွင်လည်း အသားနှင့်ဟင်းရွက်များရောင်းသည့် ဗန်းရွက်သည်များ များလာ၏။
 
ပုံမှန်ဆိုလျှင် လူတိုင်းက အစားအသောက်အပေါ် ငွေသုံးရမည်အား တွန့်ဆုတ်ကြသော်လည်း တရုတ်နှစ်သစ်ကူးမှာတော့ ခြွင်းချက်ပင်။
အမေရီက တစ်စုံတစ်ယောက် ငါးဥများရောင်းနေသံကို ကြားရချိန်တွင် သူ(မ)က အမြန်ပြေးထွက်ပြီး ဈေးဝယ်ရန် လှမ်းခေါ်လိုက်သည်။
ငါးဥများကာ ဆောင်းလယ်ပွဲတော် ပြန်လည်ဆုံဆည်းခြင်းရောက်နေပြီကို ရည်ညွှန်းသည့် ဝဖြိုးဖွံ့ထွားနေကြကာ ရွာထဲတွင် အလွန် လူကြိုက်များနေ၏။
ဈေးသည်များ သူတို့ဗန်းကို အိမ်ရှေ့တွင် ချသည်နှင့် အော်သံကြားလိုက်ကြသည့် မိန်းမကြီးများမှာလည်း ဝယ်ရန် ဝိုင်းအုံလာကြသည်။
 
အမေရီက ကင်းမွန်ငါးဥတစ်ကျင်းနှင့် မက်ကရယ် ငါးဥတစ်ကျင်းကို ဝယ်လိုက်ပြီး အားလုံးအကြိုက်နှင့်အညီ ရောချက်ရန် စီစဉ်လိုက်သည်။
 
ထိုငါးဥနှစ်မျိုး၏ဈေးက အမျိုးသမီးများ၏ ပါးစပ်ဖျားတွင်သာဖြစ်ပြီး ဈေးသည်များကလည်း သူတို့ပြောသည့်အတိုင်း တစ်ကျင်းလျှင် ၂၅ ဆင့်စီဖြင့် ဈေးအတူတူထားပေးရန် သဘောတူလိုက်သည်။ မဟုတ်လျှင် ကင်းမွန်ငါးဥက ၂ဆင့်ပို၍ ဈေးများနေမည်ပင်။
 
ကျေးလက်အမျိုးသမီးတွေက တအား ‌ခြိုးခြံတတ်ကြတာပဲ!
 
ရီရောင့်သုန်းမှာ ဘာမှလုပ်စရာရှိမနေ၍ ခွေးခြေခုံတစ်လုံးယူကာ အိမ်တံခါးနားတွင် သွားထိုင်နေလိုက်သည်။ မိသားစုတွင် အလုပ်လုပ်နိုင်သည့် လူများအပြည့်ဖြစ်နေ၍လည်း သူ ဘာမှဝင်လုပ်ပေးစရာရှိမနေချေ။ သို့သော်လည်း သည်အတောတွင်းမှာ အလုပ်များ လက်မပြတ်ရှိနေ၍လည်း ရုတ်တရက်ကြီး ဘာမှလုပ်စရာမရှိတော့သည့်အချိန်တွင် နေရထိုင်ရသည်က အနည်းငယ် အဆင်မပြေလှတော့ချေ။
 
သူ အတန်ကြာ စဉ်းစားပြီးနောက် အခန်းထဲရှိ သူ့မိန်းမအား အော်ကာ 
“ငါ အပြင်ခဏသွားလိုက်အုံးမယ် သိပ်မကြာဘူး ပြန်လာခဲ့မယ်”
 
“နေ့လယ်စာမတိုင်ခင် စောစောပြန်လာနော်”
 
သူက ပြန်ဖြေပေးလိုက်ပြီး အေးအေးလူလူ လမ်းလျှောက်ထွက်လာ၏။
ပုံမှန်ဆိုလျှင် ရွာရှိအမျိုးသမီးများက အိမ်ရှေ့၌ဖြစ်စေ၊ အိမ်နောက်၌ဖြစ်စေ ကွန်ထိုင်ရက်ကြပြီး ရွာမှာ တိတ်ဆိတ်အေးချမ်းနေ၏။ ယနေ့တွင်တော့ အိမ်တိုင်းက လှုပ်လှုပ်ရှားရှားဖြစ်နေကြကာ တစ်ရွာလုံးက သက်ဝင်နေ၏။ ကလေးများကလည်း ပွဲတော်အတွက် စားသောက်ပွဲကြီး စားရတော့မည်ကို သိနေသဖြင့်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ခုန်ပေါက်နေကြသည်။
 
ရီရောင့်သုန်းက ရွာလမ်းလေးအပေါ် အေးအေးဆေးဆေး လမ်းလျှောက်နေသော်လည်း သူ့အရှေ့တွင် တောခုတ်ဓားကြီးကို ကိုင်ထားသည့် အသေးလေးကို အမှတ်မထင် တွေ့လိုက်ရ၍ အမြန်လှမ်းတားလိုက်သည်။
 
“အသေးလေး ဘယ်သွားမလို့လဲ?”
“အိမ်မှာ ထင်းမလောက်တော့လို့လေ ငါ့အဖေက ညကျရင် သုံးလို့လောက်အောင်လို့ ငါ့ကို ထင်းခုတ်ခိုင်းလိုက်တာ၊ မင်းကရော ဘယ်သွားမလို့လဲ?”
“ငါက ဘာမှလုပ်စရာမရှိဘူး ဒီတိုင်း ဟိုလျှောက်သည်လျှောက်ပဲ”
 
“ကောင်းတယ် ငါ့ကို ထင်းခုတ်....”
 
ရီရောင့်သုန်းတစ်ယောက် ထိုအသံကိုကြားသည်နှင့် ချက်ချင်း ထွက်ပြေးသော်လည်း သူ ဝေးဝေးမရောက်သေးခင် အသေးလေးက အနောက်မှနေ၍ သူ့အား ခုန်အုပ်ကာ လည်ပင်းကို ဖက်ပြီး 
“မင်း ဒီပဲရောက်နေပြီကို ဘယ်သွားဖို့ စဉ်းစားနေတာလဲ? တူတူသွားမယ်!”
“အို့ လွှတ်စမ်း ငါ အစကတည်းက ကြိုသိနေရင် မင်းကို လှမ်းမတားလိုက်ဘူး”
 
“ခုမှနောင်တရလည်း နောက်ကျသွားပြီး၊ အဖော်ရှိပြီဆိုတော့ အတူတူသွားကြမယ်”
 
“ဘာလို့ မင်းအကိုကို မင်းနဲ့အတူလိုက်ဖို့ မခေါ်လိုက်တာလဲ? မင်းအထက်မှာ အကိုသုံးယောက်တောင် ရှိတယ်မဟုတ်ဘူးလား? ဘာလို့ မင်းလဲ?”
 
“ငါ့အကိုကြီးက ဘဲတွေသတ်နေလို့၊ ဒုတိယအကိုက သင်ဖြူးဖျာရက်နေတယ် တတိယအကိုက လွန်ခဲ့တဲ့ရက်တွေကပဲ လှေကြီးကို ရွက်လွှင့်နေတာ ငါ့အဖေက ပိန်းဥတူးဖို့ လယ်ထဲသွားပြီ အမျိုးသမီးတွေကလည်း ဟင်းသီးဟင်းရွက်ဆေးပြီး အလုပ်များနေကြတာ၊ အိမ်မှာ ငါ့တစ်ယောက်တည်း အားနေတာလေ၊ ငါ့အဖေကလည်း ငါအားနေတာကို မမြင်ချင်တာနဲ့ ထင်းခုတ်ဖို့ လွှတ်လိုက်တာပဲ”
သဘောပေါက်ပြီ သူလည်းပဲ အိမ်မှာ အားနေတာကို။
 
“ထားလိုက်တော့ မင်းလည်းအား ငါလည်းအားဆိုတော့ မင်းနဲ့လမ်းလိုက်လျှောက်ပေးလိုက်မယ်”
“အဲ့လိုလုပ်စမ်းပါ သားကြီးရ!”
 
နှစ်ယောက်သားက စကားပြောရင်း လမ်းလျှောက်နေကြ၏။ သူတို့က မျက်နှာချင်းဆိုင်မှ လမ်းထဲသို့ ဝင်သွားပြီး လမ်းသွယ်လေးကနေ တောင်ပေါ်သို့ တက်သွားကြသည်။
 
အသေးလေးက သစ်ကိုင်းခြောက်များကို ကောက်ရန် ရှာဖွေနေသော်လည်း ရီရောင့်သုန်းကတော့ တောင်ပေါ်တွင် ပေါက်နေသည့် ငှက်ပျောပင်များကို မျက်စိကျနေ၏။ အပင်များပေါ်တွင် ငှက်ပျောသီးများက ခိုင်လုံးပြည့်ပင်။
သူက ထိုအပင်အား လှည့်ပတ်ကြည့်လိုက်ပြီး အသီးများအားလုံးက အမြင့်ဖျားတွင် သီးနေကြကာ တံချူနှင့်မှမဟုတ်လျှင် ထိုအခိုင်လိုက်ကြီးအား ကွေးချလို့ရမည်မဟုတ်ပေ။
 
“ဘာလုပ်နေတာလဲမင်း? မြေငှက်ပျောတွေခူးချင်လို့လား?”
သူတို့က တောငှက်ပျောအား မြေငှက်ပျောဟု ခေါ်ဆိုကြသည်။
“အင်း ထိပ်ဆုံးမှာ အခိုင်လိုက်ကြီး အပြုံလိုက်သီးနေတာကွာ မင်းပြောကြည့် မျက်စိထဲထင်းထွက်လွန်းနေတယ်လို့မထင်ဘူးလား၊ ငါ့ကို သေချာပေါက် ဆွဲဆောင်နေတာ!”
ရီရောင့်သုန်းတစ်ယောက် ငှက်ပျောပင်ကိုသာ မော့ကြည့်နေပြီး အပင်ကိုကွေးချပြီး ခူးလို့ရစေမည့် တစ်ခုခုကို ရှာဖွေနေ၏။
 
“ခဏနေကျမှ ဝါးလုံးမှာ ချိတ်ချိတ်ပြီးပြန်လာလိုက်လေ၊ အခုက ဘယ်လိုသွားခူးမလဲ? မင်း ငါ့ကို ထင်းကူကောက်ပေးအုံးလေ”
 
“မင်းဘာသာမင်း အရင်ကောက်ထားနှင့်၊ ငါ တခြားနေရာ သွားရှာကြည့်လိုက်အုံးမယ်”
“ချီး မင်းက တကယ်ကို မယုံကြည်ရတဲ့ကောင်ပဲ! မင်း ငါ့ကို ထင်းကူခုတ်ပေးမယ်လို့ ကတိပေးထားတယ်လေ၊ မင်းက မင်းဘာသာမင်း ငှက်ပျောသီးလာခူးနေတာပဲ!”
 
“ဒါပေါ့ဟ ငှက်ပျောသီးက မင်းထက် အရေးကြီးတယ်လေ!”
သူ့အသံက အဝေးတစ်နေရာမှ ထွက်လာ၏။
 
ရီရောင့်သုန်းတစ်ယောက် နောက်ဆုံးတွင် သူမှီနိုင်သည့်အနေအထားတွင် အခိုင်တစ်ခိုင်ဖြင့် အပင်တစ်ပင်ကို ရှာတွေ့သွားပြီး ကံကောင်းစွာဖြင့် ၎င်း၏ဘေးနားတွင်လည်း လျှောစောက်တစ်ခု ရှိနေ၏။
သူက လျှောစောက်ပေါ်မတ်တတ်ရပ်ကာ ၎င်း၏ပင်စည်အညှာအား ခြေဖျားထောက်ကာ ဖမ်းဆွဲလိုက်ပြီး ကိုင်းချလိုက်သော်လည်း ချိုးချဖို့က အနည်းငယ် ခက်ခဲနေ၏။
 
“အသေးလေး! အသေးလေး! မင်းရဲ့ဓားမ ဒီကို ယူလာပေးအုံး”
 
 
 
“ဘာလို့ ဓားမသုံးဖို့ လိုရတာလဲ?”
 
“ဟမ်? မင်းမှီတဲ့ဟာကို ရှာတွေ့သွားပြီလား? ငါ ခုတ်ပေးမယ် ငါ ခုတ်ပေးမယ်...”
“ငါယူလို့ရလောက်မဲ့ဟာရော ရှိသေးလား? ကြည့်ကြည့်စမ်းပါအုံး ဟိုမှာ သုံးခိုင်ရှိနေသေးသလားလို့...”
 
 
“ခုနတုန်းကတော့ မင်းကို ထင်းကူမခုတ်ပေးဘဲနဲ့ မင်းဓါးကိုတောင် ငှားသုံးနေတယ်ဆိုပြီး ငါ့ကို ကြည့်မရဖြစ်နေတာ မဟုတ်ဘူးလား? အခုကျတော့ ငှက်ပျောသီး ခူးချင်သွားပြန်ပြီပေါ့?”
“အိုင်း ကျို့ကောလျန် ပြောဖူးတယ်မဟုတ်ဘူးလား အခုကအခု နောက်ကနောက်ဆိုတာလေ၊ မင်းလုပ်စမ်းပါ ငါ့ကို ကြည့်ပေးစမ်းပါအုံး”
 
ရီရောင့်သုန်း သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ကျို့ကောလျန်က ဘာပြောခဲ့လို့လဲ?
 
“ဘာတွေကြောင်ကြည့်နေတာလဲ မြန်မြန်ရှာစမ်းပါဆို? မဟုတ်လည်း ငါ မင်းအတွက် ဓားမထားခဲ့ပေးမယ် မင်းက အရပ်ရှည်တာပဲကို၊ ငါက အားကွမ်အိမ်မှာ တံချူသွားယူလိုက်မယ်”
 
သူက ပြောပြီးနောက် ဓားမကို ပစ်ချကာ ပြေးထွက်သွား၏။ ယခုလေးတင် သူ့အား သင်းကို မကူညီဘဲ ပစ္စည်းငှားလို့ မကျေမနပ်ဖြစ်နေပြီး အခုကျပြန်တော့ သင်းက ငါ့ထက်တောင် တက်ကြွနေသေးတယ်!
 
 
ရီရောင့်သုန်း ကျို့ကောလျန်က ဘာဆိုလားကို ဂရုစိုက်မနေတော့ဘဲ ငှက်ပျောခိုင်ကို အရင်ဆုံး ထောင့်နားတွင် ချထားခဲ့ပြီး ဓားမကို ကောက်ကိုင်ကာ ထပ်ရှာလိုက်သည်။
 
မမျှော်လင့်ထားစွာဖြင့် သူ နောက်ထပ် အပင်ပုတစ်ပင်ကို တွေ့လိုက်ပြီး ပထမအပင်လောက် အခိုင်မကြီးသော်လည်း အကြောင်းတော့ မဟုတ်ချေ။ ရရန် တစ်ခုခု ရှိနေသရွေ့ အဆင်ပြေပြီပင်။
ထိုငှက်ပျောပင်က အတော်ပုသဖြင့် ပင်စည်အညှာကိုချိုးပြီး နောက်တစ်ခိုင် ထပ်ခုတ်ချလိုက်သည်။ ထို့နောက် သူ လျှောစောက်ပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး တစ်ညှာတည်းတွင် ငှက်ပျောသီးနှစ်ခိုင်၊ သုံးခိုင်သီးနေသည်ကို တွေ့လိုက်ရသော်လည်း လှမ်းမမီနိုင်လောက်ချေ။
 
သူက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ခုလို့ရမည့် တစ်ခုခုရှိလေမလားကို ရှာကြည့်လိုက်သည်။ သူ အနီးနားမှအပင်များကို တွေ့သည့်အခါမှပင် အတန်ကြာစဉ်းစားပြီးနောက် သူ့မျက်လုံးများ ဝင်းလက်လာသွားပြီး တစ်ဖက်သို့လှည့်ကာ အကိုင်းထူထူတစ်ကိုင်းကို ခုတ်ချလိုက်ပြီး အဖျားတစ်ကိုင်းမှလွဲ၍ အပိုအကိုင်းများအားလုံးကို ခုတ်ချလိုက်သည်။
 
သစ်ကိုင်းအား သံလိုက်အိမ်မြှောင်သဏ္ဍန်ရုပ်လုံးမျိုး ခုတ်ဖြတ်ကာ ရီရောင့်သုန်း ထိုအကိုင်းကို ယူပြီး ငှက်ပျောအညှာတစ်ခုလုံးကို တစ်ခါတည်း ချိတ်ချလိုက်သည်။ ထို့နောက် ဘေးတိုက်ရိုက်ချလိုက်ပြီး အရှေ့သို့ ဆွဲကာ ငှက်ပျောပင်ညှာတစ်ခုလုံးက သူ့အရှေ့သို့ ကွေးကျလာ၏။
 
သူ ဖမ်းပြီးနောက်တွင် ဓားမယူကာ ညှာတံကို ခုတ်ချလိုက်ပြီး ငှက်ပျောခိုင်အများအပြားကို လှမ်းယူလိုက်သည်။
“အားသုန်း! အားသုန်း မင်း ဘယ်မှာလဲ?”
 
“ဒီမှာ!”
အသေးလေးက ဝါးလုံးရှည်အား ချိတ်တပ်ထားသည့် တံချူကိုကိုင်လာပြီး စိတ်လှုပ်ရှားစွာ ပြေးလာကာ သူ့အနောက်တွင်တော့ အားကွမ်။
 
“မင်း ဘယ်လောက်တောင် ခုတ်ပြီးပြီလဲ?”
 
“အများကြီးပဲ မင်းလိုချင်ရင် နည်းနည်းပါးပါးတော့ ရမယ်”
 
အသေးလေးတစ်ယောက် တံချူအားကိုင်ထားသည်မှာ ဆက်သထားသည့် ရတနာတစ်ပါးလိုမျိုးပင်။
 
“လောလောဆယ်တော့ တစ်ခုပဲတပ်လာခဲ့တယ် အခုသုံးလို့ရအောင်၊ ငါက ချိတ်ပေးမယ် မင်းကခုတ်”
 
“မင်း ထင်းမခုတ်တော့ဘူးလား? အခု ထင်းမခုတ်ထားရင် နောက် အိမ်ကို ဘယ်လိုပြန်မလဲ? မင်း ဒီလောက်ကြီးနေပြီ မင်းအဖေ မင်းကို ဘောင်းဘီချွတ်ပြီး မရိုက်စေနဲ့တော့လေ”
 
 
“စိုးရိမ်စရာလား? ငါက မပြေးနိုင်တာကျလို့၊ ငါက ခုဆို အဖေတစ်ယောက်တောင်ဖြစ်နေပြီကို...ထားလိုက်တော့ အခု ခုတ်လိုက်မယ် မင်းတို့အားရင်လည်း ငါ့ကို သစ်ကိုင်းခြောက်လေး ကူကောက်ပေးအုံး၊ ငှက်ပျောခိုင်လေးပြန်ယူသွားပြီး သူတို့ပါးစပ်ကို ပိတ်ပေးလိုက်မယ်”
 
အားကွမ်က ဘေးပတ်ပတ်လည်ရှာကြည့်ရင်း 
 
“ဒီမှာ အပင်သိပ်မများဘူးကွ၊ ငါ့အိမ်နားမှာ ဘာလို့ လာမခုတ်ကြလဲ? ငါ့အဖေလည်း အရင်နှစ်တွေတုန်းက နည်းနည်းပါးပါးစိုက်ထားတာရှိတယ် အခုလောက်ဆို ခူးလို့ရလောက်ပြီ၊ ဒီမှာက သူများတွေလည်း ကျိုးတိုးကျဲတဲစိုက်ထားတာရှိတယ်၊ တစ်ခိုင်နှစ်ခိုင်လောက်ခူးတာကတော့ ဘာမှမဖြစ်ပေမဲ့ အများကြီးခူးလိုက်ရင် ဟိုလူတွေ ဆွေ့ဆွေ့ခုန်နေကြလိမ့်မယ်”
 
ရီရောင့်သုန်း အပင်သုံးပင်မှ ခုတ်ထားသည့် သူ့ခြေရင်းမှ ငှက်ပျောသီးများကို ကြည့်လိုက်သည်။ တစ်ပင်စီကို တစ်ခိုင်းနှစ်ခိုင်းလောက်ပဲ ခုတ်ထားပြီးပြီဆိုတော့ ကိစ္စတော့ မရှိလောက်ဘူးမလား? သီးနေတာတွေလည်း အများကြီးကျန်နေသေးတာပဲကို။
 
“အိုခေ မင်းနေရာကို သွားကြတာပေါ့၊ ငါကတော့ လောက်နေပြီ မင်းနေရာဆီသွားပြီး နည်းနည်းပါးပါးခုတ်ပြီးတော့ အသေးလေးဆီ ပြန်ယူလာပေးလိုက်မယ်”
 
“ငါသိရင် ဒီလိုပြေးလွှားမနေဘူး ခုပဲရောက်တယ် တောင်နောက်ကို ပြန်သွားရအုံးမယ်”
 
အသေးလေးက တံချူကိုကိုင်ရင်း ပြန်ဆင်းသွား၏။
 
အားကွမ်က ရီရောင့်သုန်းအား ငှက်ပျောသီးများအား အတူဝိုင်းကိုင်ပေးပြီး 
“ငါ့နေရာမှာ အများကြီးရှိတယ်၊ မင်းတို့မိသားစုမှာက လူတွေအများကြီး ကလေးတွေကလည်းအများကြီးပဲ၊ များများခုတ်ပြီး ပြန်ယူသွားပေါ့”
 
“ဘာလို့အများကြီးခုတ်မှာလဲ? တစ်ခါတည်းနဲ့ ဒီလောက်အများကြီး စားကုန်မှာမဟုတ်ဘူး၊ ပုပ်ကုန်အောင်လို့၊ စားပြီးမှပဲ မင်းနေရာဆီလာပြီး ထပ်လာခုတ်မယ်”
“မင်းသဘောပဲ”
သုံးယောက်သားက စိတ်လှုပ်ရှားစွာဖြင့် တောင်နောက်ကို ဆင်းသွားကြသည်။ ဒေသခံများကတော့ များသောအားဖြင့် တောင်နောက်ဟုခေါ်ကြသော်လည်း တကယ့်နာမည်မှာ လင်းကန်တောင်ဖြစ်ပြီး အားကွမ်၏အိမ်နံဘေးနားလေးတင် ဖြစ်သည်။
 
လက်အားနေကြသည့် သုံးယောက်သားက လမ်းလျှောက်ရင်းဖြင့် လမ်းမတစ်လျှောက်ရှိ အရွက်များ၊ အပင်များကို ဆွဲနှုတ်လာကြသည်။ ရီရောင့်သုန်း လမ်းဘေးရှိ ကျူပင်များကိုကြည့်ပြီး နှစ်ပင်လောက်ဆွဲနှုတ်ကာ ကိုင်ကြည့်ပြီး သူ့လည်ပင်းအား ကုတ်ကြည့်လိုက်သည်။
 
“အမွှေးများကျွတ်မလားလို့ စမ်းကြည့်တာ၊ အဆင်ပြေရင် နည်းနည်းလောက်နှုတ်ပြီး တံမြက်စည်း လုပ်မလို့”
 
“မင်းက လုပ်တတ်တယ်ပေါ့?”
 
“ဘယ်ကသာ ငါ့အဖွား လုပ်လိမ့်မယ် ထားပါတော့လေ သူက အသက်ကြီးနေပြီပဲ”
 
“အသက်ကြီးတော့ ဘာဖြစ်လို့လဲ? သူက ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲကို၊ သွက်သွက်လတ်လတ် သွားနိုင်တယ် နားလည်းကြားတယ် မျက်စိလည်းမြင်တယ်၊ လူအိုတွေက အရမ်းအားမနေတတ်ကြဘူး၊ အားရင်အားတာနဲ့ ငြိမ်ငြိမ်ထိုင်မနေချင်ဘူး တစ်ခုခုလေး လုပ်နေရမှ...”
 
“ငါ နည်းနည်းလောက် ဆွဲနှုတ်သွားလိုက်မယ်၊ အိမ်သစ်အတွက် ဘာမှမဝယ်ရသေးတာနဲ့ဆိုတော့”
 
အားကွမ်က အသိပေးလိုက်သည်။
 
“မင်း နှုတ်ချင်တယ်ဆိုလည်း မြန်မြန်သာနှုတ်၊ ခဏနေလောက်ဆို ရှိတော့မှာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ရက်တွေတုန်းက လူတွေအများကြီး ဒါတွေလာနှုတ်နေသေးတာ မြင်လိုက်သေးတယ်၊ သူတို့က စုပြီး ရောင်းကြတာလေ ဒါတွေက ရောင်းလို့ရတယ်”
 
တောင်ပေါ်တွင်ကျပန်းပေါက်နေကြသည့် တချို့အရာများက ရွာသားများ၏လက်ထဲတွင်တော့ ရတနာများအဖြစ် ပြောင်းလဲသွားနိုင်၏။
 
“သိပြီ”

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now