Chapter 32
November 02, 2023
အပိုင်း (၃၂)နေ့လည် နှစ်နာရီ သို့မဟုတ် သုံးနာရီ ဝန်းကျင်အချိန်မှာ နေပြင်းသေးသည်။ ရီရောင့်သုန်းသည် အရိပ်ရသော နေရာများမှတဆင့် တတ်နိုင်သမျှ လမ်းလျှောက်ရန် ကြိုးစားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အားဂွမ်းတို့အိမ်သည် သစ်ပင်များဝန်းရံထားသော တောင်တန်းများ ကြားတွင် တည်ရှိသဖြင့်အလွန် အေးမြသည်။
သူရောက်သွားတော့ ကျန်တဲ့သူတွေသည် အဝင်ဝကသစ်ပင်အောက်တွင် ဖဲကစားနေကြသည်။ အားဂွမ်းကတော့ကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး အေးမြမှုကို ခံစားနေသည်။
"တခြားသူတွေနဲ့ ကစားမယ့်အစား ဘာလို့ တစ်ယောက်တည်းဒီမှာလှဲနေတာလဲ"
"ဒီနေ့ ငါ့ကံက အရမ်းဆိုးနေတာ၊ ဘာလို့ ကစားရမှာလဲ။ကစားမယ့်အစား ပိုက်ဆံပဲ စုလိုက်မယ်ကွ၊ မင်းရော အခုတလော ဘာလို့ ဝင်မကစားတာလဲ"
"ငါ့မှာ ပိုက်ဆံ မရှိဘူး၊ ငါ့မိန်းမဆီက ပိုက်ဆံလက်ဖြန့်တောင်းရတာ ရှက်ဖို့ကောင်းတယ်"
"အမှန်ပဲ၊ ဒါပေမယ့် မင်းအိမ်မှာ လှေရှိတယ် မဟုတ်လား။မင်းအဖေနဲ့ ပင်လယ်ထွက်ပြီး ပိုက်ဆံရှာလေ။ အဲ့ဒီလိုဆို မင်းမိန်းမဆီက ပိုက်ဆံတောင်းဖို့ မပူရတော့ဘူး"
သူ လုပ်ချင်ပေမယ့် ပင်လယ်ပြင်အလယ်တွင် နစ်မွန်းတော့မည်ဆိုတဲ့ အတွေးတွေက သူ့ကို ပင်ပန်းစေသည်။ တွေးမိရုံတင် နှလုံးခုန်မြန်လာသည့်အတွက် အခုလောလောဆယ်ဖြည်းဖြည်းချင်းသာလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက ပေါ့ပေါ့တန်တန် ဆင်ခြေပေးလိုက်သည်။ "ငါအရင်ကပင်လယ်ထဲ မသွားဖူးဘူး။ လှေမူးရင် ဘယ်လိုလုပ်မလဲ။ ငါသာ ပင်လယ်ပြင်သွားပြီး လှေမူးရင် အဖေ ပြန်ခေါ်လာရလိမ့်မယ်! ရှက်စရာမကောင်းဘူးလား။ အရင်ဆုံး အနီးနားကကန္တာရကျွန်းကို သွားကြည့်ဖို့ လှေတစ်ဆင်းလောက် ရှိရင်ကောင်းမှာကွာ"
"လွယ်ပါတယ်ကွာ၊ ငါ့ဦးလေးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမတော်တဆဖြစ်ပြီး လက်ကျိုးသွားတာ အခု ရွက်မလွှင့်နိုင်သေးဘူး၊ မနက်ဖြန် သူ့ဆီက လှေငှားလိုက်မယ်၊ ဒီဇယ်ဆီတော့ကိုယ်တိုင်စိုက်ဝယ်ရမှာပေါ့၊ ငါတို့ အနီးနားက ပင်လယ်ပြင်ကို ရွက်သွားလွှင့်ကြတာပေါ့"
