အဖေရီက ပြန်ရောက်လာသည်နှင့် ရှောင်တိမ်းရန် ကြိုးစားနေသည့် သူ့အား ချက်ချင်း ရပ်တန့်လိုက်ပြီး
“မင်း ဘာလုပ်နေတာလဲ?”
“ဘာမှမလုပ်ပါဘူး…?”
ဘာမှမလုပ်ဘူးဆိုပြီး ဘာတွေ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာလဲ? မျက်နှာကို ဟိုဖုံးဒီဖုံးနဲ့?
အဖေရီ တစ်ဖက်သို့လှည့်လာချိန်တွင် သူ၏ပြာစိမ်းနေသည့်ပါးတစ်ခြမ်းအား တွေ့လိုက်ရပြီး ရုတ်ခြည်း ဒေါသထွက်လာတော့သည်။
“တစ်ရက်နှစ်ရက်လောက်ပဲ လေးလေးနက်နက်ရှိလိုက်တယ် ခု ပြန်ပြီး ထဖောက်လာပြန်ပြီ၊ ပြောစမ်းပါအုံး၊ မင်းဟာလေ နည်းနည်းလေးမှကို အားလို့မရဘူး အားတာနဲ့ ပြဿနာကရှာလာပြီ၊ တိုင်ဖွန်းကြောက်လို့ ဘယ်သူမှ အပြင်မထွက်တဲ့အချိန် မင်းက ခိုးထွက်သွားသေးတယ် အရင်က အဲ့လောက်လည်း ဝီရိယရှိတာမဟုတ်ဘဲနဲ့၊ ခုကြည့် နေ့လယ်ကမှပြန်ရောက်လာပြီး ခု ရန်သွားဖြစ်လာခဲ့တယ်”
“ကျွန်တော်က ဘာလို့ရန်ဖြစ်ရမှာလဲ? ကျွန်တော်က သွားဝင်ဆွဲရင်းနဲ့ ကြားထဲက ခံလာခဲ့ရတာ”
သူလည်း အနည်းငယ်စိတ်ရှုပ်လာပြီဖြစ်ကာ အဖေရီအား အမြန်ရှင်းပြလိုက်ပြီး ဤရက်များအတွင်း ကြိုးစားခဲ့သည့် အားထုတ်မှုများ အလကားမဖြစ်သွားရလေအောင်ပင်၊ အသုံးမကျသည့်သား လိမ္မာလာပြီဆိုသည့် အမြင်လေးမှာ အချိန်အတော်ကြာ ရင်းနှီးပြီးနောက်မှ ရလာခဲ့ခြင်းမဟုတ်လား။
သူရှင်းပြချက်ကို နားထောင်ပြီးကာမှပင် အဖေရီတစ်ယောက် ဒေါသပြေသွားပြီး
“အဲ့ဒီမိသားစုက အကျင့်ကောင်းကြတာမဟုတ်ဘူး၊ ဟိုးလွန်ခဲ့တဲ့နှစ်တုန်းကလည်း အဲ့ဒီကလေး သူများဆီကနေ ဂရိတ်ဖရုတစ်အိတ် သွားခိုးသေးတယ်လေ ဒါပေမဲ့ ဝေးဝေးမပြေးနိုင်သေးခင် ဖမ်းမိသွားပြီး အရိုက်ခံရတာ၊ ကျစ် ဘယ်သူကသိမှာလဲ သူတို့တစ်မိသားစုလုံး ရောက်လာပြီး လူကိုလာစွပ်စွဲကြတာလေ အိမ်ကအဖွားကြီးဆို မြေပေါ်ထိုင်ပြီးငိုယိုပြတာ ဟိုက နောက်ဆုံး အလျှော့ပေးလိုက်ရတယ်လေ”
အမေရီကလည်း ဝင်ပြောပေး၏။
“အင်းလေ အဲ့ဒါ အားသုန်းရဲ့အပြစ်မှမဟုတ်တာ၊ သွားသွား အထဲဝင်ပြီး မိုချားဆီလိမ်းထားလိုက်”
လင်းရှို့ချင်းက သူ့အနောက်ကနေ လိုက်ဝင်လာပြီး သူ့အတွက် ချားအဆီယူလာပေး၏။
“ကျစ် နာတယ်ဟ! ဖွဖွလေးလုပ်ပါကွာ”
“ဖွဖွလေးလုပ်ပေးနေတာပဲ၊ ရှင့်ကို ဘယ်သူက သူများရန်ပွဲထဲ ဝင်ဆွဲဖို့ပြောလို့လဲ၊ ဟိုနှစ်ယောက်က ဒေါသတွေနဲ့ မိုးမမြင်လေမမြင်ဖြစ်နေတာ ပေးပြီး ရန်ဖြစ်ထားလိုက်ပေါ့၊ အချိန်တန်ရင် မောပြီး ရပ်သွားမဲ့ဟာကို “
“အလိုလို လူက ဝင်ဆွဲလျက်သားဖြစ်သွားတာလေ အား!”
“လိမ်းပြီးပြီ အော်မနေနဲ့တော့”
ရီရောင့်သုန်း သူ(မ)ခါးကို ဖက်လိုက်ပြီး သူ့ပေါင်ပေါ် ထိုင်စေလိုက်ကာ
“လိမ်းပြီးသွားရင် ဘာလို့နှစ်ကြိမ်လောက်မမှုတ်ပေးရတာလဲ?”
လင်းရှို့ချင်း သူ့အား ရိုးသားစွာကြည့်ကာ
“ရှင့်ကိုယ်ရှင် သားလို့ထင်နေတာလား?”
“ငါ့ကို သားလို့ မြင်လို့ချစ်လို့ရတာပဲလေ!”
“အဲ့တော့ သားကမလိမ္မာလို့ရိုက်ရင်ရော အဆင်ပြေတယ်ပေါ့?”
“ကောင်းပြီ မင်းကို အလျှော့ပေးလိုက်မယ်”
လင်းရှို့ချင်း သူ့ကိုတွန်းပြီး စကားဆက်မပြောတော့ဘဲ မတ်တတ်ထရပ်လိုက်ကာ မိုးချာဆီကိုပြန်ယူသွားရန် ပြင်လိုက်ပြီး
“ရှင် ခဏလောက်အိပ်လိုက်အုံးလေ၊ ညစာစားမယ့် အချိန်ကျရင် ကျွန်မလာခေါ်လိုက်မယ်”
“မအိပ်တော့ပါဘူးကွာ ဒီအချိန်ကြီးပဲ ရောက်နေပြီကို၊ မဟုတ်ရင် ညဘက်အိပ်ပျော်မှာ မဟုတ်လောက်ဘူး ဟိုမျောက်လေးနှစ်ကောင်ရော?”
“ကွင်းထဲမှာ သဲတွေနဲ့ ဆော့နေကြတယ်”
“မင်း ပိုက်ဆံတွေ သိမ်းပြီးသွားပြီလား? တိုင်ဖွန်းပြီးသွားရင် ဘောက်ချာတွေယူပြီး အားချိုင်ဆီမှာ သွားထုတ်လိုက်အုံး”
“အင်း”
ရီရောင့်သုန်း ခြေချိတ်ပြီး လှဲချလိုက်သည်။ သူ အစက မအိပ်ချင်ပြီး ညစာမစားခင် ခဏနားရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ထားစွာဖြင့် မျက်လုံးများက မှိတ်ကျသွား၏။
နေ့စဉ်နေ့တိုင်းလိုလို ပင်လယ်ထဲသွား၊ အိမ်ဝိုင်းတွင် ကူလုပ်ဖြင့် ဒီရက်ပိုင်းအတွင်း အလုပ်များနေကာ သူ အတော်လေး နုံးချိနေပြီဖြစ်သည်။
ညစာစားချိန်တွင် လင်းရှို့ချင်း အိမ်ထဲဝင်လာပြီး သူ့ကို နှိုးလိုက်ချင်သော်လည်း သူ့မျက်လုံးအောက်ရှိ မျက်ကွင်းညိုညိုနှင့် ဖြူဝင်းသည့်ခန္ဓာကိုယ်မှာ ယခင်ကနှင့်ယှဉ်လျှင် အတော်လေးကွဲပြားသွားသည့် အမဲရောင်အသားအရည်နှင့် မျက်နှာနီနီကို ကြည့်လိုက်သည်။
နှစ်လအတွင်း မျက်နှာဖြူဖြူလေးကနေ ပင်လယ်ဘက်ရှိလူငယ်များ၏အသားအရည်အတိုင်း ပြောင်းလဲသွားခဲ့ပြီး သူတို့လောက် မမည်းရုံလေးပင်။ သို့သော်လည်း သူ၏ယခင်အသွင်အပြင်နှင့် ယခုပုံက ကမ္ဘာကြီးတမျှ ခြားနားလေ၏။
သူ့ပုံစံက နေလောင်ထားသော်လည်း ပိုပြီးအားကိုးရသည့်ဟန် ပေါ်သည်ကို သူ(မ)ခံစားရသည်။
သူ အိမ်မောကျနေသည့်ပုံကိုကြည့်ပြီး ခေါ်နှိုးမနေတော့ဘဲ ပေးအိပ်ထားလိုက်၏။ သူ နိုးလာသည့်အချိန်တွင်မှ သူ့အတွက် သူ(မ)ခေါက်ဆွဲပြုတ်ပေးလိုက်မည်။ တစ်ချိန်တည်းဆိုသလို သူ့ကိုအနှောင့်အယှက်မဖြစ်စေရန်အတွက် ကလေးများကိုလည်း အထဲမဝင်ရန် ဟန့်တားထားလိုက်သည်။
ရီရောင့်သုန်းတစ်ယောက် အိပ်မောကျနေပြီး အနောက်ခန်းမှ တီးတိုးသံများကြောင့် နိုးလာတော့သည်။ စောင်ကို ခေါင်းထိဆွဲခြုံပြီး ခဏထပ်အိပ်ရန်ကြိုးစားလိုက်သော်လည်း အနောက်ခန်းမှတီးတိုးသံများက ရင်းနှီးဟန်ရှိသလို ခံစားလိုက်ရသည်။
သူ့ရဲ့အိပ်ချင်မူးတူးစိတ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အပြင်တွင် မည်သူက တီးတိုးပြောနေမှန်း သွားကြည့်ရန် သံသယစိတ်ဖြင့် မတ်တတ်ထရပ်လိုက်သည်။
ပြတင်းပေါက်နားသို့ နီးလာလေ အသံက ပိုပြီးရှင်းလင်းလာလေပင် ...
“နာတယ်...မှုတ်ပေးပါအုံး...မှုတ်ပေးရင် မနာတော့ဘူးလေ....”
“ဟင့်အင်းဆို ရှက်စရာကြီး”
“ဘာလို့ရှက်ရမှာလဲ ဘယ်သူမှမမြင်ပါဘူးကွာ”
“ဒါပေမဲ့ ရှင့်ရုပ်က အရမ်းရုပ်ဆိုးနေတာလေ ကျွန်မ, မပြောချင်ပေမဲ့ အိမ်မှာ ရက်နည်းနည်းလောက်နေပြီးမှ အပြင်ထွက်ပါလား...?”
ရုတ်တရက် အပြက်ဘက်ရှိ အသံများက တိတ်ဆိတ်သွား၏။ ရီရောင့်သုန်း ပြတင်းပေါက်ကိုဖွင့်ပြီး ခေါင်းပြူထွက်လိုက်သည်။
အခြားအခန်းရှိပြတင်းပေါက်မှ အလင်းရောင်ဖျော့ဖျော့လေးနှင့် အသီးရွက်ခင်းဘေးရှိ သူ့ညီမလေးဘေးနားတွင် ထိုင်နေသည့် အားကွမ်၏ ဒဏ်ရာဗရပွနှင့် ဝမ်းချုပ်ပုံရနေသည့်မျက်နှာကို လှမ်းတွေ့လိုက်သည်။
သူက အားရစွာဖြင့်
“အမှန်ပဲ၊ ရုပ်ဆိုးတာက မင်းရဲ့ပြဿနာမဟုတ်ပေမဲ့ ညလယ်ကောင်ကြီး လူတွေကို လိုက်ခြောက်နေတာကတော့ မင်းအပြစ်ဖြစ်သွားပြီ၊ မြန်မြန်ပြန်ပြီး အိမ်ထဲမှာပဲ သွားပုန်းနေလိုက်တော့၊ အဲ့ဒါမှ မိန်းမတွေနဲ့ ကလေးတွေ မင်းကိုမြင်ပြီး မလန့်သွားမှာ”
ရီဟွေ့မေတစ်ယောက် သူ(မ)အား ရီရောင့်သုန်း ဖမ်းမိသွားသည်ကို သိပြီးနောက်တွင် ထိတ်လန့်သွားပြီး အားကွမ်နှင့် ခပ်ဝေးဝေးနေလိုက်သည်။
အားကွမ်မှာ ရုတ်တရက် ထိတ်ပျာသွားသော်လည်း အားသုန်း သူ့ကို ထမရိုက်ဘူးဆိုတာ သိကာမှပင် စိတ်သက်သာရာရတော့သည်။
တကယ်ပါပဲ ဘာလို့ ဒီကောင်က နေရာတိုင်းမှာရှိနေရတာလဲ? စကားနည်းနည်းပြောတာတောင် မရတော့ဘူးလား?
“မင်းရဲ့ကံကိုပဲ ကျေးဇူးတင်လိုက်၊ ငါကြည့်စမ်းပါအုံးမယ် ဒီတစ်ခါ မင်းဘယ်လိုငြင်းမလဲဆိုတာ!”
သူ့အား လက်ပူးလက်ကြပ်မိသွားပြီဖြစ်ကာ အားကွမ်တစ်ယောက် မဖုံးကွယ်နေတော့ဘဲ သူ့အိတ်ကပ်ထဲမှ ဘူးသေးလေးတစ်ဘူးကို ထုတ်လိုက်ပြီး ရီဟွေ့မေအား ကမ်းပေးလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ရက်ကတွေ့လို့ ဝယ်လာခဲ့လိုက်တာ မင်းကို ပေးချင်လို့လေ၊ ငါ ပြန်တော့မယ်နော်”
ပုံစံက ရတနာဘူးပုံစံဖြစ်၍ ရီဟွေ့မေမှာ အံ့ဩစွာဖြင့် ခြေနှစ်လှမ်းနောက်ဆုတ်မိသွားကာ
“ဘာကြီးလဲ? ရှင်မပြောရင် ကျွန်မလက်မခံဘူးနော်”
သူက ပြောရင်းဖြင့် သူ(မ)လက်ထဲ အတင်းထိုးထည့်ပေးပြီးနောက် အမြန် ထွက်ပြေးသွား၏။
ရောင့်သုန်း၏ပုံစံမှာ သူ ထိုအကောင်အား ထမရိုက်သတ်သော်လည်း မျက်လုံးများက အေးစက်နေကာ သူ့အား နုပ်နုပ်စဉ်းချင်နေသည့်ပုံ။
ကိုယ့်ရေက အပြင်လူရဲ့လယ်ကွင်းဆီ မစီးဆင်းဘူးဆိုတာ သူ မသိလိုက်ဘူး၊ တကယ် ဘယ်လိုစဉ်းစားရမှန်းတောင် မသိတော့ဘူး။
ရီဟွေ့မေ အနောက်ကနေ တိုးတိုးလေး အော်ခေါ်လိုက်၏။ သူ(မ) သူ့အနောက်ကို ပြေးမလိုက်သွားရဲသလို သူများကြားသွားမည်စိုး၍လည်း အသံအကျယ်ကြီး မအော်ရဲချေ။
သူရောက်လာသည့်အချိန်တုန်းက တံခါးနားတွင် ထိုင်နေကြသည့် သူ(မ)မိဘများကိုသာ တွေ့ပြီး သူ(မ)ရှိမနေသည်ကို တွေ့သဖြင့် အိမ်နောက်ဖေးကနေလာပြီး သူ(မ)ပြတင်းပေါက်အား လာခေါက်ခြင်းဖြစ်ကြောင်း သူ(မ)ကို ပြောပြ၏။
လက်ထဲတွင် ဤဘူးလေးကိုကိုင်ထားရသည်မှာ အားလူးပူပူတစ်လုံးကို ကိုင်ထားရသလိုပင်။ ယခုအချိန်တွင် သူ(မ) ဘာလုပ်ရမှန်းမသိပြီး တစ်ခဏစဉ်းစားပြီးနောက်မှာတော့ သူ(မ)အကိုဆီသာ လမ်းလျှောက်သွားလိုက်သည်။
“အထဲမှာ ဘာပါတာလဲ?”
“မသိဘူးလေ ညီမလေးမှ ဖွင့်မကြည့်တာ”
“ဖွင့်ပြီး တစ်ချက်ကြည့်ကြည့်လေ”
ရီဟွေ့မေ နာနာခံခံဖြင့် ဖွင့်လိုက်သည့်အချိန်တွင် အထဲတွင် ရွှေရောင်လိုင်လစ်ပန်းတစ်စုံအား တွေ့လိုက်ရသည်။
သူ(မ) ခန့်မှန်းရသလောက် ဒါက အလွန်ဈေးကြီးသည့် ရတနာတစ်ခုဖြစ်၍ သူ(မ) မယူရဲချေ။
ရီရောင့်သုန်းက စိတ်ကျေနပ်စွာဖြင့်
“သူ့မှာ အသိစိတ်နည်းနည်းရှိရင်တောင်မှ လူတွေကို လှည့်စားဖို့ ဆံပင်ပန်းနဲ့ ဆံညှပ်တွေ မဝယ်ခဲ့ဘူး၊ အဲ့ဒါကြောင့်မလို့ ပြန်ရောင်းဖို့ မလွယ်တာကို ဝယ်လာတာနေမှာ”
ရီဟွေ့မေ ပြောစရာစကားမဲ့သွားရသည်။ စမ်းကောကို အားကိုးမိတာ သူ(မ)မှားသွားတဲ့ပုံပဲ?
“ဒါက အရမ်းတန်ဖိုးရှိလွန်းတယ် စမ်းကော သူ့ဆီ ပြန်ယူသွားပေးပေးပါ”
“သေချာရဲ့လား? သေချာစဉ်းစားပြီးပြီလား?”
ရီဟွေ့မေ မျက်လုံးလှိမ့်ကာ
“သူနဲ့တွဲမယ်လို့မှ မပြောရသေးတာ၊ အဲ့တော့ သူပေးတဲ့ဟာကို ဘာလုပ်ဖို့ယူရမှာလဲ?”
ရောင့်သုန်းတစ်ယောက် သူ့ညီမလေး အလွန်ထက်မြက်နေသေးပြီး တံစိုးလက်ဆောင်အနည်းငယ်ဖြင့် အလွယ်တကူ မပါသွားပုံကိုကြည့်ကာ မနေနိုင်အောင် ဂုဏ်ဆာမိတော့သည်။
“ကောင်းတယ်၊ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရတယ် စုံလုံမကန်းသွားစေနဲ့၊ ဘယ်မိန်းကလေးကများ ပိုးပန်းသူ မရှိဘဲနေလို့လဲ? ဒါပေမဲ့ သေချာစဉ်းစားရွေးချယ်ဖို့လိုတယ်၊ သူက ငါ့သူငယ်ချင်းဆိုပေမဲ့ ငြင်းဖို့မရှက်နေနဲ့၊ မကြိုက်ရင် အပြတ်သာငြင်းပစ်၊ အဲ့ဒါကိုတောင် သူထပ်ပြီးလာကြောင်နေသေးရင် ကြည့်လိုက် ဒီကောင့်ကို ငါသေအောင် သတ်ပစ်မယ်”
“နားလည်ပါပြီ စမ်းကော၊ အခုတော့ ကြည့်ကြည့်အုံးမယ်”
ရီရောင့်သုန်း သူ(မ)ခေါင်းလေးကို ပုတ်ပေးပြီး
“အင်း နင် သေချာ ကိုယ့်ဘာသာစဉ်းစားကြည့်၊ ယောက်ျားဆိုတာ ပေါလွန်းလို့ အလွယ်လေးရတယ်၊ ဒါပေမဲ့ တန်ဖိုးထားတဲ့သူကတော့ ရှားတယ်၊ အခွင့်အရေးယူတာ မခံရစေနဲ့“
“အို့ သိပါပြီ”
