Chapter 45

1.6K 140 2
                                    


အပိုင်း (၄၅)


သန္တာကျောက်တန်းပေါ်ရှိ အခွံမာ‌ကောင်များ ထူထပ်နေသော နေရာများကို မြင်သောအခါ လူတိုင်းသည် တဖန် စိတ်လှုပ်ရှားလာပြီး တွေ့ကြုံခဲ့ရသော စိတ်ပျက်မှုများသည် ချက်ချင်းပျောက်ကွယ်သွားသည်။

ရီရောင့်သုန်း၏ မျက်နှာပေါ်တွင် ရွှင်မြူးသော မျက်နှာထားရှိနေသည်။ ဒီရေသည် အနည်းငယ်သာ ကျဆင်းနေသေးပြီး လုံးဝကျသွားပါက သန္တာကျောက်တန်း၏ မျက်နှာပြင်သည် ပို၍ပင် ထင်ရှားလာမည်ဖြစ်သည်။

"အားလုံးပဲ၊ သပ်သပ်စီ ရှာကြရအောင်"

ပြောပြီးသည်နှင့် သူက တူးရန် အလျင်စလို မလုပ်၊ နေရာကို အရင်လှည့်ပတ်ကြည့်၍ ပုဇွန်ရိုင်းလုံးများဖြင့် ဖုံးလွှမ်းနေတဲ့ ကျောက်တုံးကို တွေ့သည့်အခါမှ ဝက်အူလှည့်ဖြင့် စတင်တူးသည်။

ထိုကျောက်တုံးများတွင် တွယ်ကပ်နေသော ပုစွန်ရိုင်းလုံးများသည် စျေးကွက်တွင် ရောင်းချသည့် အကောင်များနှင့် ကွဲပြားသည်။ ၎င်းတို့သည် လုံးဝကွဲပြားသော အသွင်အပြင်ရှိပြီး အရွယ်အစားမှာ များစွာ သေးငယ်ကာ တစ်ယွမ်တန် ဒင်္ဂါးပြားထက် အနည်းငယ်မျှသာပိုကြီးသည်။ ၎င်းတို့သည် ဘဲဥပုံသဏ္ဍာန်ရှိပြီး အခွံများသည် အလွန်ပါးလွှာသည်။

ဒါတွေက သူအကြိုက်ဆုံး အစားအစာဖြစ်ပြီး၊ မှိုနှင့် ပြုတ်စားပါက မယုံနိုင်လောက်အောင် မွှေးပြီး အရသာရှိပါသည်။

ဝက်အူလှည့်ကို အနည်းငယ် လှည့်လိုက်ရုံဖြင့် ပုစွန်လုံးတစ်ခု ထွက်လာပြီး သူ့ပုံးထဲသို့ အလွယ်တကူ ဖမ်းမိသွားသည်။ သူသည် အကုန်လုံးကို တူးယူပြီး အနီး ပတ်ဝန်းကျင်တွင် ဆက်လက် ရှာဖွေခဲ့သည်။

သူ့ မျက်လုံးထောင့်မှ အနီးနားက သန္တာကျောက်တန်း၏ အပေါက်ကြားတွင် ရှိနေသော ပင်လယ်သခွား‌ကောင် အစုအဝေးကြီးကို သတိထားလိုက်
မိသည်။ ၎င်းတို့သည် ရှုပ်ထွေးသော ပုံစံတစ်ခုအဖြစ် စုစည်းထားသည်။ ဒီ‌ကောင်တွေကလည်း တန်ဖိုးရှိပြီး စုဆောင်းရကျိုးနပ်ပါသည်။

၎င်း၏ အသွင်အပြင်ကြောင့် "ဗုဒ္ဓလက်တော်" သို့မဟုတ် "ကလောင်ကိုင်သူ" ဟူ၍လည်း လူသိများသော ပင်လယ်သခွားကောင်များသည် "ဟိုလိုသူရီးယား" ဟုခေါ်သော သိပ္ပံအမည်ရှိသည်။ ဆောင်မင်းဆက်၏ "တောင်သုံးလုံး အတ္ထုပ္ပတိ" တွင် အောက်ပါအတိုင်း ဖော်ပြထားသည်- "၎င်း၏ ပုံသဏ္ဍာန်ပေါ် အခြေခံ၍ အမည်နာမ်မ ရခဲ့သည်။ ၎င်း၏အပေါက်များတွင် အရသာရှိသော အသားများရှိသည်၊ အကောင်ကြီးများက လက်ဖဝါးစာလောက်ရှိကြသည်။"

ချွန်ထက်သော အစွန်းများ၏ ခြစ်မိခြင်းမှကာကွယ်ရန် လက်အိတ်များကို ဦးစွာဝတ်ဆင်ခဲ့သည်။  ထို့နောက် သူသည် အပေါက်များအတွင်းသို့ ဂရုတစိုက်နှိုက်ကာ ပင်လယ်သခွားကောင်များကို တူးရန် ဝက်အူလှည့်ကို အသုံးပြုခဲ့သည်။

ပင်လယ်သခွားကောင် အစုအဝေးတစ်ခုလုံးကို အောင်မြင်စွာ တူးဖော်ပြီးသည့်နောက် ဆက်လက်ရှာဖွေရန် အာရုံပြောင်းခဲ့သည်။ လမ်းတွင် ကြီးမားသော ခရုတစ်ကောင်ကို တွေ့၍ ကောက်ယူလိုက်သည်။

သန္တာကျောက်တန်းပေါ်တွင် မြင်တွေ့ရသည့် အပေါများဆုံးသော ခရု အမျိုးအစားများမှာ အဓိကအားဖြင့် ခရုအစပ်များ၊ မြင်းခွာခရုများ၊ အစိမ်းရောင်ခရုငယ်များ၊ နှမ်းခရုများနှင့် ပန်းခရုများဖြစ်သည်။

သူသည် မခွဲခြားဘဲ သူ့လမ်းကြောင်းပေါ်ရောက်လာသည့် အရွယ်အစား အစုံကို ကောက်ယူခဲ့သည်။

သူသည် စျေးကောင်း ရနိုင်သော အရာများကို အရင် တူးဖော်ရန် အာရုံစိုက်ခဲ့သည်။ အဖိုးတန်မျိုးစိတ်များကို ဦးစားပေးခဲ့ပြီး ဂုံးများ၊ ပင်လယ်ဖရုံစေ့များနှင့် ခြင်သီးများကဲ့သို့သော တန်ဖိုးနည်းသောမျိုးစိတ်များကို ခဏတာ ချန်ထားခဲ့သည်။

အခွံအတွင်း၌ ပေါက်နေသော ကမာကောင်ငယ်များကို ဖွင့်ကြည့်ရန် စိတ်မဝင်စားပေ။ အဖိုးတန်များကို တူးဖော်ပြီးသည့်အခါမှ ကမာကောင်များကို တူးရန် စဉ်းစားခဲ့သည်။

ဆက်လက် ရှာဖွေရင်းနှင့်ပင် လမ်း၌ အားဂွမ်းကို ဝင်တိုက်မိသည်။ အားဂွမ်း၏ ပုံးထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ ပင်လယ်စာ မျိုးစုံကို တွေ့ရသည်။ အားဂွမ်းသည် တွေ့သမျှကို တူးနေပုံရသည်။ သူ့ပုံးတစ်ခုလုံး ပြည့်လုနီးပါးပင်။

"ပြည့်နေပြီ။ အိတ်ထဲကို ထည့်လိုက်တော့လေ"

အားဂွမ်းက "ငါ ပုံးတစ်ပုံးပဲ ယူလာခဲ့တာ"

ရီရောင့်သုန်းလည်း ရယ်ရမလား၊ ငိုရမလား မသိတော့ပင်။ "ဒါဆို မင်း ပုံးပြည့်သွားရင် မင်းက ဒီတိုင်း ထိုင်ကြည့်နေတော့မှာလား"

"ငါ သွားပြီးတော့ ထုပ်ထားလိုက်မယ်။ အခုလောလောဆယ်တော့ ပုဇွန်လုံးနဲ့ ခရုကြီးတွေကိုပဲ
စုဆောင်းနေတာ။ အစပိုင်းတုန်းက အရမ်းစိတ်လှုပ်ရှားနေတော့ တွေ့သမျှ ပုံးထဲ အကုန်ထည့်မိတာ"

အားကျန်းက အနီးနားမှ ခေါင်းမော့လာပြီး "ငါ့ ပုံးလည်း ပြည့်လုနီးပါးပဲ..."

ဖက်တီးသည် သန္တာကျောက်တန်းပေါ်တွင် ထိုင်ပြီး သက်ပြင်းချကာ "ငါ့ ပုံးဆို ပြည့်နေတာကြာ‌ပေါ့၊ အခု အနားယူနေတာ။ ဒီလို ကျွန်းမျိုးမှာ တူးစရာတွေ အများကြီး ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ"

ရီရောင့်သုန်းက သူတို့အား အံ့အားသင့်သွားသည်။  မနေ့က သူ အိတ်တစ်လုံး ယူလာတာကို သူတို့ တွေ့ကြပေမယ့် ဒီနေ့အတွက် သူတို့ကိုယ်တိုင် မပြင်ဆင်ခဲ့ကြပေ။

ရုတ်တရတ် တိတ်တိတ်လေး ရယ်မောရင်း ရုံသာတတ်နိုင်သည်။ ကံကောင်း ထောက်မစွာဖြင့် ယနေ့တွင် သူသည် အိတ် နှစ်လုံးကို ရည်ရွယ်ချက်ရှိရှိ ယူဆောင်လာခဲ့သည်။ မနေ့က သူတို့ ရေထဲ ဆင်းချိန် သေသေချာချာ ပတ်ကြည့်မိတော့ အခွံမာ‌ကောင်များနှင့် ပြည့်ကျပ်နေသော နေရာကို သူတွေ့လိုက်ရသည်။ ပင်လယ်စာ အများအပြား ရှိသင့်သည်ဟု သူ ထင်ပြီး အိတ်တစ်လုံးဖြင့် မလောက်မည်ကို စိုးရိမ်ကာ နှစ်လုံး ယူလာခဲ့သည်။

"ဒီမနက် ရောင့်သုန်း ပုံးထဲမှာ ဝါးတောင်းကြီးတစ်လုံးကို ငါ တွေ့မိတယ်"

"ဟုတ်တယ်၊ အဲ့ဝါးတောင်းထဲမှာ အိတ်နှစ်လုံး ပါတယ်၊ ​​ဒီမနက် ငါ့အတွက် ပြင်ဆင်ထားပေးဖို့ ငါ့မိန်းမကို အတိအကျ မှာထားတာ။ ဒီကျွန်းမှာ ရတနာတွေ အများကြီးရှိရမယ်လို့ မနေ့က မင်းတို့ကို ပြောခဲ့ပေမယ့် ဘယ်သူမှ မပြင်ဆင်ကြဘူး။ အခုတော့ ပုံးတွေပြည့်တာနဲ့ ဘေးမှာထိုင်ပြီး နားနေရပြီ၊ မင်းတို့ ဒီရေကို ပူနေစရာ မလိုတော့ဘူး"

"ငါတို့ မမျှော်လင့်ထားဘူး။ မနေ့က ရေထဲ ဆင်းတော့ အနီးကပ် မကြည့်မိဘဲ ပိုက်ကွန်ပစ်ဖို့ လှေကို ပြန်သွားခဲ့ရတာကို"

အားလုံးက စောစောက မပြင်ဆင်လာမိတဲ့အတွက်
နောင်တရကြသည်။ ပုံးတွေ ပြည့်သွားသည့်အခါ သူတို့ဟာ ကျောက်ဆောင်ပေါ်မှာ ထိုင်ပြီး ရီရောင့်သုန်း ဆက်လက် တူးနေသည်ကို စောင့်ကြည့်ရုံသာတတ်နိုင်သည်။

ရီရောင့်သုန်းလည်း စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသည်။ ဆိပ်ခံပေါ်တွင် ဂုံး များများစားစား မရှိတာကြောင့် အသေးတွေထဲမှ အကြီးဆုံးကိုသာ ရွေးရသည်။  ဒါပေမယ့် ဒီကျွန်းတွင်မူ အရွယ်အစားကြီး‌သော အရည်အသွေးမြင့် ဂုံးများ ပေါများနေသည်မှာ အံ့ဩစရာပင်။

ထိုဂုံးများကဲ့သို့ပင် အရိုင်းမျိုးကွဲ နှစ်မျိုး ရှိသည်။ တစ်ခုက အစိမ်းရင့်ရောင်ဖြစ်ပြီး နောက်တစ်ခုက အနက်ရောင်နှင့် ခရမ်းရောင်အစက်အချို့ ပေါင်းထားသည့် အရောင် ဖြစ်သည်။ စျေးကွက်တွင်တွေ့ရသော အနက်ရောင် လုံးလုံးများသည် မွေးမြူထားသော ဂုံးများဖြစ်သည်။

အစိမ်းရင့်ရောင်ရှိသော အကောင်များသည် ကြက်ဥ အရွယ်ခန့် ရှိသည်။  ခရမ်းနက်ရောင်ရှိ‌သော

အကောင်များသည် အနည်းငယ် သေးငယ်သော အရွယ်အစားရှိပြီး ၎င်းတို့တွင် အဖြူရောင် ခေါင်းများရှိသည်။  မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် အလွန် ကြီးမားသည်ဟု ယူဆလို့ရဆဲပင်။

သူ့ ပုံးပြည့်သွားသည်နှင့် ဂုံးဖြည့်ရန်အတွက် အိတ်တစ်လုံးကို ထုတ်ကာ ယူသည်။  ဤသတ္တဝါများသည် အစုလိုက်အပြုံလိုက် ကြီးထွားကြပြီး တူးရလွယ်ကူသည်။

ဂုံးများကို တူးပြီးနောက် အနီးနားရှိ ကျွဲမျက်စိကို တူးဆွပြီး အိတ်တစ်ခုတည်းတွင် ရောနှောထည့်ခဲ့သည်။ အိမ်ပြန်ရောက်မှ သူတို့ကို ခွဲရန် စဉ်းစားခဲ့သည်။

သူတို့ ဒေသတွင် ကျွဲမျက်စိဟု ခေါ်ဝေါ်ကြသော်လည်း မွေးမြူ၍ မရသည့်အပြင် ဈေးကွက်တွင် အများအားဖြင့် မတွေ့ရသောကြောင့် ၎င်းတို့၏ တရားဝင် အမည်ကို မသိကြပေ။

၎င်းတို့သည် အခွံမာကောင် အမျိုးအစားဖြစ်ပြီး ဂုံး
ကောင်များနှင့် ဆင်တူသည်။ အခွံများသည် ဝိုင်းပြီး ကျောက်တုံးနှင့် တူ‌သော အရောင် ရှိသည်။  ဂျင်းနဲ့ ကြက်သွန်ဖြူ တို့ဖြင့် ပေါင်းပြီးဟင်းချို ချက်ပါက အရသာရှိသည်။

ဂုံးများနှင့် ကျွဲမျက်လုံးများကို တူးနေစဉ်တွင် ပင်လယ်ဖရဲစေ့များနှင့် ခရုအချို့ကိုပါ ကောက်ယူရန် အခွင့်အရေး ရခဲ့သည်။ သူသည် ပုံးအစား အိတ်ကို အသုံးပြုကာ မရွေးပဲထည့်သည်။

အိတ်ပြည့်ခါနီးတွင် သဲသောင်ပြင်သို့ ဆွဲယူသွားကာ ဝါးခြင်းတောင်းမှ နောက်ထပ် အိတ်တစ်အိတ်ကို ထုတ်လိုက်သည်။

"ရောင့်သုန်း၊ မင်း မပင်ပန်းဘူးလား။ အိတ်နှစ်လုံးတောင် ပြင်ဆင်လာခဲ့တာ တကယ်ကို လုံ့လဝီရိယရှိတာပဲ။ ခဏလောက် အနားမယူချင်ဘူးလား" အသေးလေးက စီးကရက်တစ်လိပ်ကို မီးညှိရင်း ရီရောင့်သုန်းကို အေးအေးဆေးဆေး ကြည့်နေသည်။

"ငါ ဝီရိယ ရှိမှ ရမယ်ကွ၊ အိမ်ဆောက်တာက ပိုက်ဆံ အများကြီးလိုတယ်။ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့က အဖေ့နဲ့အတူ ပင်လယ်မှာ အလုပ်လိုက်လုပ်ပြီး အိမ်ဆောက်ဖို့ ဝင်ငွေရှာတယ်။ အလုပ်သမားတွေ စားစရိတ်အတွက် ပင်လယ်စာရှာ‌ပေးတာက ငါတို့ အိမ်အသုံးစရိတ်ကို လျှော့ချပေးနိုင်တယ်"

"မဟုတ်ရင် ကျောက်ခဲတွေ သဲတွေ သယ်နေရလိမ့်မယ်။ ဘာမှ မလုပ်ရင် အဖေက ငါ့ခြေထောက်တွေကို ချိုးပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်"

အားကျန်းက ပေါ့ပေါ့ပါးပါး ရယ်မောရင်း "ဟားဟား၊ မင်းအဖေက ဒီအတိုင်းပြောတာ နေမှာပါကွာ၊ မင်း ဘာကိုမှ ပခုံးနဲ့ပဲဖြစ်ဖြစ် လက်နဲ့ပဲဖြစ်ဖြစ် မသယ်နိုင်ဘူးဆိုတာ မသိတာကြလို့၊ အကြိမ်ပေါင်း မရေတွက်နိုင်အောင် အရိုက်ခံရပြီး ကြီးပြင်းလာတာပဲ၊ ဒါက ဘာထူးဆန်းတာကြလို့"

"အမ်း၊ အဲ့လို ပြောလို့ မရဘူး‌လေကွ။ ငါ့သား အကြီးဆုံးက ငါးနှစ်ရှိပြီ အဖေဆိုတဲ့ မျက်နှာ‌လေးတော့ ချန်ပါရစေကွာ၊ အိမ်ဆောက်တယ်ဆိုတာက ကိစ္စကြီးဆိုတော့ ငါ သေချာပေါက် ကူညီပေးဖို့ လိုတယ်။ အိမ်ခွဲပြီးသွားရင်လည်း မိသားစုကို ထောက်ပံ့ဖို့ ကျန်သေးတယ်"

အသေးလေးက ခေါင်းညိတ်ပြီး "ဒါက အဓိပ္ပာယ်ရှိသားပဲ"

အားကျန်းက စိတ်အားထက်သန်စွာဖြင့် "ငါတို့ ဟိုဟိုဒီဒီလျှောက်လုပ်နေမယ့်အစား မနက်ဖြန် မင်းဆီမှာ ဆောက်လုပ်ရေး လာကူပေးရမလား?"

"သေလောက်အောင် ပူမှာနော်..."

"စိတ်ပူမနေနဲ့၊ ငါတို့ ပေါ့ပေါ့ပါးပါးပဲ ဝင်ကူမှာ"

ရီရောင့်သုန်း ခဏလောက် တွေးလိုက်သည်။ " ငါ အရင်ဆုံး အလုပ်သမားတွေကို လူလိုလား မေးလိုက်မယ်။ သူတို့ အကူအညီလိုတယ်ဆိုရင် မင်းတို့တွေ ဝင်ပူးပေါင်းလို့ရတယ်"

"ကောင်းပြီ၊ သူတို့မှာ အလုပ်သမားတွေ အလုံအလောက် ရှိရင်တောင် ငါတို့က လာကူညီလို့ရတယ်။ လုပ်အားခအတွက် စိတ်ပူစရာ မလိုဘူး၊ ငါတို့ကို ထမင်းကျွေးရုံပဲ"

"ဟုတ်ပြီ၊ ထမင်းကျွေးမှာက သေချာတယ်။ မင်းတို့ အားရင် လာကူပေါ့၊ မအားရင်လည်း ဘာမှမဖြစ်ဘူး"

စကားပြောနေရင်း သူက ပင်လယ် ကမာကောင်သေးသေးလေးကို ဖွင့်နေ၏။  ဒါပေမယ့် သူ့တွင် ကမာတွေကို တိုက်ရိုက်ဖွင့်ရန် အချိန်မရှိတော့ချေ။ အဲ့အစား ကမာကောင်တွေကို အစုလိုက်အပြုံလိုက် တူးပြီး အိမ်ရှိ မိန်းမများ ဖွင့်ရန် အိတ်ထဲ တိုက်ရိုက်ထည့်လိုက်သည်။

"ဒီအိတ်တွေကို လှေပေါ်တင်ဖို့ ကူညီပေးပါလား"

"အိုကေ"

အိတ်ကို လှေပေါ်တင်လိုက်သည်နှင့် သူတို့ ရူးမိုက်သည့် အလုပ်တစ်ခုကို လုပ်မိကြောင်း သတိထားမိလိုက်ကြသည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now