အပိုင်း (60)
ရေချိုးပြီးနောက်တွင် ရီရောင့်သုန်းတစ်ယောက် ဘာအဝတ်မှ ဝတ်မနေတော့ချေ။ သူက ဘောင်းဘီတိုဖြင့် ပြတင်းပေါက်နားတွင် ဝင်ထိုင်လိုက်၏။
"ထုတ်ပြီးသွားပြီလား။ ပြကြည့်ပါအုံး"
သူက ရှားရှားပါးပါး နူးညံ့ကြင်နာမှုနှင့် စိတ်ရှည်မှုတို့ဖြင့် သူ(မ)ကို သဲထုတ်ကူပေး၏။
လင်းရှို့ချင်း တစ်ယောက် သူ၏ လေးလေးနက်နက်အမူအရာကို ကြည့်ရင်း သူ(မ)၏ ယခင်က တည်ငြိမ်နေသည့် နှလုံးသားလေးတွင် လှုပ်လှုပ်ရွရွခံစားချက်လေးများ ဂယက်ထလာသလို ခံစားလိုက်ရ၏။
"အ့~"
"နာသွားလား။ ငါ ညင်ညင်သာသာလေး လုပ်ပါ့မယ်..."
သူက ပြောရင်းဖြင့် နှစ်ကြိမ် ဖွဖွလေး မှုတ်ပေးလိုက်ပြီး သူ(မ) လက်ဖဝါးထဲမှ သဲစများကို ဆက်ပြီး ထုတ်ပေးလေ၏။
အကယ်၍ ၎င်းက လုံးဝ မသန့်စင်နေလျှင် အနာဖြစ်ပြီးနောက်တွင် ဒဏ်ရာက ပိုးဝင်သွားလိမ့်မည်ဖြစ်သည်။
အတန်ကြာပြီးနောက် သူက စစ်ဆေးလိုက်ပြီး ...
"ပြောင်တော့ ပြောင်သွားပြီ၊ နောက် နှစ်ရက်၊ သုံးရက်လောက် နားနားနေနေ,နေ၊ တိုင်ဖွန်ရက်ဆိုတော့ ဘာမှ သိပ်လုပ်စရာ မရှိတာ အဆင်ပြေသွားတယ်၊ ဘောင်းဘီကို လိပ်တင်ပေးအုံး ငါ ဒူးခေါင်းကို တစ်ချက် ကြည့်,ကြည့်အုံးမယ်"
လင်းရှို့ချင်းကလည်း နာနာခံခံဖြင့် ဘောင်းဘီကို မတင်လိုက်ပြီး သူ့ကို ပြရန် ဒူးကွေးလိုက်၏။
တစ်ယောက်က တိတ်ဆိတ်နေစဉ် အခြားတစ်ယောက်က အာရုံစူးစိုက်နေကာ အခန်းလေးကို နွေးထွေးထွေးလေထုက လွှမ်းခြုံထားလေသည်။
ရုတ်တရက် တံခါးဖွင့်လိုက်သည့် ကျယ်လောင်သော အသံကြီးက ပဲ့တင်ထွက်လာ၏။
"မေမေ၊ ဖေဖေ၊ ထမင်းစားဖို့ အချိန်ရောက်...."
တံခါးကို ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်လိုက်ရာ နံရံကို သွားရိုက်မိပြီး နှစ်ယောက်သားအား လန့်ဖြန့်သွားစေ၏။ အပ်ကို ကိုင်ထားသည့် ရီရောင့်သုန်းလက်မှာ တစ်ခဏ တုန်ယင်သွားပြီး သူ(မ) အသားထဲ ထိုးမိသွားလုနီးနီးပင်။
သူ့ကို ဒေါသထွက်သွားစေပြီး ဆဲဆိုတော့မလို လုပ်စဉ်၊ အကောင်စုတ်လေး၏ ပေါကြောင်ကြောင်စကားကို ကြားလိုက်ရတော့သည်။
"အာ၊ အဖေက အရှက်လည်း တစ်စက်မှ မရှိဘူး၊ ကိုယ်လုံးတီးကြီးနဲ့ အမေ့ ခြေထောက်ကို ဖက်နေတယ်"
"ချီးတဲ့မှပဲ ဒီငနာလေးကတော့၊ ရီချန်ဟူ၊ မင်း ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ"
ဒေါသကလည်း ထွက် ရှက်ကလည်း ရှက်နှင့် ရီရောင့်သုန်း တစ်ယောက် ပြေးထွက်လာပြီး သူ့သားကြီးကို မချီလိုက်သော်လည်း သူ့ကို မရိုက်ရသေးခင် အဖွားအို၏ တားမြစ်ခြင်းကို ခံရတော့သည်။
"ဘာလို့ ကလေးကို ရိုက်မှာလဲ။ ကလေးတွေက သူတို့ မြင်သလိုပဲ ပြောတဲ့ဟာကို ဘာသိမှာမို့လဲ"
ဖြူး~ အဖွားရဲ့စကားတွေကလေ....
လူ အများကြီးလည်း ရှိနေကြသဖြင့် နည်းနည်းပါးပါး ရှင်းပြရန် လိုအပ်ကြောင်း သူ သိလိုက်သည်။ မဟုတ်လျှင် သူတို့က သူ စိတ်အား ထက်သန်လွန်းသည်လို့ လွဲမှားစွာ ထင်မြင်ကြတော့မည်။
"စောနက အပြင်မှာ အားချင်းက ချော်လဲပြီး ဒူးနဲ့လက် ပွန်းလာခဲ့တာ၊ အနာထဲ သဲတွေ ဝင်နေလို့ ကျွန်တော်က အပ်နဲ့ ဖယ်ထုတ်ပေးနေတာ၊ ဒီအကောင်စုတ်လေး ပါးစပ်ကိုလေ စည်းကို မရှိဘူး"
သူက သူ့သား အကြီးကောင်ကို စိန်းစိန်းကြီး စွေကြည့်ပြီး အခန်းထဲပြန်ကာ အဝတ်သွားဝတ်လေသည်။
ရီချန်ဟူမှာ အနည်းငယ်လေး မှားယွင်းသွားသလို ခံစားလိုက်ရကြီး ဖင်ကို ကိုင်ကာ ...
"ဒါပေမဲ့ သားပြောတာ ဘာမှ မမှားဘူးလေ...."
လင်းရှို့ချင်းမှာလည်း ရှက်လာရပြီး အမြန်ထွက်လာကာ သား အကြီးကောင်အား စိုက်ကြည့်ပြီး ...
"ပါးစပ်ပိတ်ပြီး သွားစားတော့၊ ကလေးဖြစ်ပြီး ဘာလို့ စကား တအားများနေရတာလဲ"
သူက နှုတ်ခမ်းဆူပြီး အဖွားအိုနောက် လိုက်ကာ ထမင်းစားပွဲဆီ သွားလေသည်။
အိမ်ရှိ လူကြီးများထဲတွင် ရီဟွေ့မေမှ လွဲ၍ သူတို့အားလုံးက စုံတွဲများကြားရှိ အရာများကို နားလည်သဘောပေါက်ကြသည့် အတွေ့အကြုံ ရှိသူများဖြစ်သည်။ ရီချန်ဟူ အော်ဟစ်လိုက်သည်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့က မသိချင်ယောင်ဆောင်ကာ တည်ငြိမ်စွာဖြင့် တည်ခင်းပြီး စားသောက်နေကြလေသည်။
ရီရောင့်သုန်းက စားပွဲတွင် ဝင်ထိုင်လိုက်ချိန်တွင် သူ့အား စားချင်အောင် ပြုလုပ်နေသည့် အုန်းခရုမွကြော် ပန်းကန်လုံးကို တွေ့လိုက်ရသည်။ အမ်း~လတ်ဆတ်ပြီး ကြွပ်ကြွပ်စပ်စပ်ကလေး ချိုလိုက်တာ~~~ သေချာပေါက် အရသာ ရှိနေမှာပဲ။
သူက တစ်ဇွန်းခပ်လိုက်ပြီး ဇနီးဖြစ်သူအတွက်လည်း တစ်ဇွန်း ခပ်ထည့်ပေးလိုက်၏။ လင်မယားနှစ်ယောက်မှာ တစ်ဦးကို တစ်ဦး ပြီးပြည့်စုံသည့်အသိအမှတ်ပြုသည့် အပြုံးလေး မျှဝေလိုက်ကြသည်။
နေ့လယ်စာ စားနေချိန် တစ်ဝက်လောက်၌ အပြင်ဘက်တွင် မှုန်မှုန်ဝါးဝါး မီးခိုးရောင်များက ဖုံးလွှမ်းလာသဖြင့် မသိသေးသူများအတွက် ညနေခင်း၏ ပုံရိပ်ကို ပေးစွမ်းလာ၏။
"မီးဖွင့်စို့၊ အရမ်းမှောင်နေပြီ"
စားသောက် ပြီးစီးသည့်အချိန်တွင် အားလုံးက အပြင်သို့ မထွက်ကြဘဲ အထဲတွင်သာ နေကြလေသည်။ အပြင်ဘက်ရှိ လေတိုက်သံကြီးကိုပင် သူတို့ ကြားနေရပြီး သည်တိုင်ဖွန်ဟာ ဘယ်လောက်ကြာကြာ တိုက်ခတ်လိမ့်မလဲဆိုတာ မသိနိုင်ဘဲ အားလုံးက မသေချာမရေရာ ဖြစ်နေကြ၏။
အစက သူတို့အားလုံး သည်တိုင်ဖွန်မုန်တိုင်းက အသေးစားသာ ဖြစ်ပြီး ကြီးကြီးမားမား ထိခိုက်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း တိုင်ဖွန်၏ လမ်းကြောင်းက သူတို့ဆီ တိုက်ရိုက် ဦးတည်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် အိမ်နောက်ဖေးခြံတွင် ဟင်းသီးဟင်းရွက်များ ရှိပြီး အိမ်တွင် ငါးဆားနယ်များနှင့် ငါးခြောက်များ ရှိနေသေး၏။ ရက်အနည်းငယ် ကြာသည်အထိ အပြင်မထွက်ဖြစ်လျှင်တောင် စားစရာ မရှိမှာကို စိုးရိမ်စရာ မလိုချေ။
ရောင့်သုန်း တစ်ယောက် အိပ်ရာပေါ်တွင် ပျင်းရိစွာ လဲလျောင်းလိုက်ပြီး တစ်ရေးအိပ်ရန် စီစဉ်လိုက်သည်။ ရုတ်တရက် သူ့ဝမ်းဗိုက်ပေါ် ရေစက်တစ်ချို့ ကျလာ၏။ သူက မော့ကြည့်လိုက်ပြီး သူ့အခေါင်းအထက်ရှိ ခြင်ထောင်ပေါ်တွင် စိမ့်နေသည့်ရေများကို တွေ့လိုက်ရသည်။
"ယိုနေတာလား"
အပြင်ဘက်ရှိ မိုးက သည်းသည်ထက် သည်းလာပြီး မိုးရေစက်များက ပိုပိုမြန်လာကာ တစ်ဖျောက်ဖျောက်အသံများ ထွက်လာနေ၏။ ရောင့်သုန်းက လျင်မြန်စွာ ထထိုင်လိုက်ပြီး ရေကို ခံရန်အတွက် ဇလုံ ယူရန် ပင်မအခန်းဆီ သွားရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် ပင်မအခန်းထဲရှိ မီးများက ပြတ်တောက်သွားပြီး ကလေးဆိုးလေးများ တစ်သိုက်က ပျော်ရွှင်စွာဖြင့် ...
"အား၊ မီးပျက်သွားပြီဟေ့~ မီးပျက်သွားပြီဟေ့~"
"မသောင်းကျန်းကြနဲ့"
အမေ ရီက အဆင်သင့် ပြင်ဆင်ထားသည့် ဖယောင်းတိုင်ကို ထုတ်ကာ မီးညှိလိုက်ရာ အခန်းက မီးရောင် မိန်ဖျဖျလေးဖြင့် ပြည့်နှက်လာ၏။ သူ(မ)က ဖယောင်းတိုင်ကို စောင်းလိုက်ပြီး ၎င်းကို မထားခင် စားပွဲပေါ် ဖယောင်းစက်ချကာ နေရာတကျ ထားထွန်းလိုက်၏။
သည်ခေတ်အခါတွင် နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်ရှိတတ်သဖြင့် တိုင်ဖွန်မုန်တိုင်း ကျရောက်သည့်အချိန်တိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်တတ်သည်ကို လူတိုင်း ကျင့်သားရနေပြီ ဖြစ်သည်။
အမေ ရီက ဖယောင်းတိုင် တော်တော်များများကို တစ်ပြိုင်တည်း ထွန်းလိုက်ပြီး ...
"မင်းတို့ တစ်ယောက် တစ်ချောင်းစီ ယူသွားပြီး အခန်းထဲမှာ ထွန်းထားကြ၊ အဲ့ဒါမှ သိပ်မမှောင်တော့မှာ"
ရီရောင့်သုန်းက ...
"ကျွန်တော့် အခန်းထဲမှာ ယိုပေါက် တစ်ပေါက် ရှိနေတယ်၊ အိပ်ရာပျဉ်ချပ် တစ်ခုလုံး စိုရွှဲကုန်ပြီ၊ အားလုံးပဲ ကိုယ့်အခန်းကိုယ်ပြန်ပြီး စစ်ကြည့်ကြ တွေ့ရင် ဇလုံနဲ့ ခံထားကြအုံး မဟုတ်လို့ကတော့ မင်းတို့ ဒီည အိပ်လို့ရမှာ မဟုတ်ဘူး"
"မင်း အိပ်ရာ စိုတယ်ဆိုတော့ ညဘက် အိပ်ဖို့်ခက်ရင် ကလေးတွေကို အမေတို့နဲ့ သိပ်ဖို့ ခေါ်လာခဲ့"
သူက ခေါင်းညိတ်ပြလိုက်သည်။
အိပ်ရာပေါ်တွင် ဇလုံ တစ်လုံး ရှိနေသဖြင့် မိသားစု လေးယောက် အတူတူ အိပ်လို့ရဖို့ဆိုတာ တကယ်မလွယ်ကူလှချေ။
ရလဒ်အနေဖြင့် အိပ်ရာပေါ်က အပေါက် တစ်ပေါက်တည်း ပေါက်နေခြင်း မဟုတ်၊ အခန်းတွင်းရှိ စားပွဲနှင့် ဗီရိုများပင် မိုးရေကြောင့် စိုရွှဲနေ၏။ ရီရောင့်သုန်း တစ်ယောက် ရေဇလုံးတစ်ခု ထပ်သွားယူသော်လည်း တစ်လုံးမှ မကျန်တော့ချေ။ အိမ်၏ နေရာအနှံ့တွင် ရေများ ယိုစိမ့်နေသဖြင့်လည်း ရေခံရန်အတွက် ဟင်းချို ပန်းကန်လုံးကို အသုံးပြုရန်မှလွဲ၍ သူ့မှာ ရွေးချယ်စရာ မရှိချေ။
မြေပြင်ပေါ်ကျလာသည့် မိုးရေစက်များကိုတော့ ဘာမှမလုပ်ဘဲ သည်အတိုင်းထားထား၏။ မည်သို့ပင်ဆိုစေ ဖုန်ထူထူကြမ်းပြင်တစ်ခုသာဖြစ်သောကြောင့် ရေများ စီးဆင်းနေပါကလည်း ကိစ္စမရှိ။
သည်အိမ်အိုလေးတွေနဲ့ဆို သည်လိုပါပဲ...။ မိုးထန်လာသည်နှင့် မိသားစုတိုင်း ယိုစိမ့်မှု ပြဿနာကို ကြုံတွေ့ရတတ်သည်။
ရောင့်သုန်းက ပြန်လှဲချလိုက်ပြီး လက်ကို ခေါင်းအနောက်တွင်ထားကာ ရေဇလုံထဲသို့ ကျလာသည့် မိုးရေစက်သံများကို နားထောင်နေ၏။ သူက အိပ်လို့လည်း မပျော်နိုင်ချေ။ မွန်းလွဲပိုင်းသာ ရှိသေးပြီး မနက်ဖြန် မိုးလင်းသည်အထိ ခံနိုင်ရည်ရှိဖို့က ခက်ခဲလှသည်။ သူက ပင်မအခန်းသို့ သွားပြီး တစ်ခြားသူတွေ ဘာလုပ်နေသလဲ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လှုပ်ရှားမှု တစ်ခုခုကို နားထောင်ရင်း ကလေးတစ်သိုက်က သူတို့ မိခင်အခန်းများသို့ ကစားရန်ပြေးဝင်သွားကြ၏။ ရောင့်သုန်းက ပိုက်ယက်နေဆဲဖြစ်သည့် လင်းရှို့ချင်းထံ ချဉ်းကပ်ကာ ...
"ရက်မနေနဲ့တော့၊ မီးအလင်းရောင်က မကောင်းတာနဲ့ မျက်လုံး ထိခိုက်လိမ့်မယ်"
အကြီးဆုံး ခယ်မက စနောက်လေတော့သည်။
"ရောင့်သုန်းကတော့ တစ်ဖြည်းဖြည်းနဲ့ သိတတ်လာပြီပဲ၊ နင့်လက်က သဲကိုလည်း ထုတ်ပေးတယ်၊ အခုကြည့်စမ်း၊ ပိုက်ရက်လို့ မျက်လုံး ထိခိုက်မှာကိုတောင် စိတ်ပူနေပြန်သတဲ့"
လင်းရှို့ချင်း တစ်ယောက် သူ(မ)၏ စနောက်မှုကြောင့် အနည်းငယ်လေး ရှက်လာရပြီး ...
"ဟီးဟီး~ အဲ့လောက်လည်း မမှောင်သေးပါဘူး ရှင်ရယ်၊ ကျွန်မ မြင်ပါသေးတယ်"
မေ့လိုက်တော့ သူ(မ)က စကား နားမထောင်ဘူးဆိုလည်း....
ရီရောင့်သုန်း တစ်ယောက် မေးစေ့ကို ထောက်ကာ စားပွဲပေါ် ပျင်းရိစွာ ထိုင်ချလိုက်သည်။ အလုပ်များနေရသည်နှင့် နေသားကျနေပြီ ဖြစ်ကာ ရုတ်တရက်ကြီး ဘာမှလုပ်စရာ ရှိမနေသည်က သူ့အား အလွန် မသက်မသာ ခံစားရစေ၏။ သူက ...
"ဒီမှာ ဘာမှမလုပ်ဘဲ ထိုင်နေရတာ ပျင်းဖို့ကောင်းလိုက်တာ၊ ကျွန်တော်တို့ ညီကို သုံးယောက် ကတ်ကစားကြရင် ဘယ်လိုလဲ။ ဖယောင်းတိုင် နည်းနည်းလောက် ထပ်ထွန်းရအောင်"
"ကောင်းပြီလေ၊ ဒုတိယ အစ်ကိုကိုလည်း ကစားမလား သွားမေးရအောင်"
"သူက သူ့အခန်းထဲမှာ၊ ကျွန်တော် သွားခေါ်လိုက်မယ်"
သူတို့က နှစ်ကျော့ ကစားပြီးသည့်အချိန် အဖေ ရီကလည်း ဝင်ကစားချင်လာ၏။
ရလဒ်အနေဖြင့် အိမ်ထဲတွင် ရီရောင့်သုန်း၏ စိတ်ဆိုး ဒေါသထွက်သံများကို ကြားနေရတော့သည်။
"လခွမ်း၊ အဖေ ဘယ်လို ကစားရလဲတောင် သိရဲ့လား အဖေရာ။ ကျွန်တော်တို့က တစ်ဖွဲ့တည်းသားတွေ၊ ကျွန်တော်က အဖေရဲ့ပါတနာလေ၊ ဘာလို့ ၆ ကို ကစားပြီး အစ်ကိုကြီးကို ကျော်ခွင့်ပေးလိုက်ရတာလဲ?"
"ငါ့မှာ ၃၊ ၃၊ ၄၊ ၆ နဲ့ ၇ ပဲ ရှိတာလေ၊ ငါ ၆ ကို မကစားရင် ဘယ်ဟာကို သွားကစားရမှာလဲ"
"လခွမ်း၊ ဆိုးရွားလိုက်တဲ့ကတ်ကွာ၊ ရတယ်၊ မင်းတို့ အတွဲလိုက် ကစားလို့ ရသေးတယ်၊ ငါ တာဝန်ယူလိုက်မယ်၊ မင်း အရင်ချ"
"မင်း လက်ထဲ ဘာရှိနေလဲဆိုတာ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ"
ရီရောင့်သုန်း တစ်ယောက် သူ့အဖေအား ဝက်ကစားသမား (ဦးနှောက် မရှိတဲ့လူ) ဟု ပြောဆိုပြစ်တင်နေတော့သည်။
အဖေရီကလည်း ဒေါသထွက်လာပြီး
"လူချိန်းမယ်၊ ငါ မင်းနဲ့ တစ်သင်းတည်း မနေချင်တော့ဘူး"
ထိုသို့နှင့် နေ့ခင်းတစ်လျှောက်လုံး အဖေ ရီ တစ်ယောက် လူ တောက်လျှောက် ချိန်းနေတော့သည်။ သူက အငယ်ဆုံးလေးနှင့် ကစားနေရာမှ အကြီးဆုံးသားနှင့်အတူ ကစားခြင်းသို့ ပြောင်းသွားပြီး နောက်ဆုံးတွင် သူ၏ ဘူလက်နှင့် ကတ်ဆိုးများကို စိတ်ထဲ မထားသည့် ဒုတိယသားနှင့် တစ်ဖွဲ့တည်းကျသွားတော့သည်။
သို့သော် ဒုတိယ ခယ်မကတော့ အဖေ ရီနှင့် တစ်ဖွဲ့တည်းကျပြီဆိုကတည်းက သူတို့ ပိုက်ဆံဆုံးတော့မည် ဖြစ်သောကြောင့် သောကရောက်နေလေ၏။
တစ်နေ့လယ်ခင်းလုံး ကစားပြီးနောက်တွင် ဟုတ်ပါ၏၊ ရီရောင့်သုန်းနှင့် အကြီးဆုံး အစ်ကို ရီတို့ကသာ ငွေ အနိုင်ရရှိသူများ ဖြစ်လေသည်။
ရီရောင့်သုန်းက လက်ထဲမှ ပိုက်ဆံအား ပုတ်လိုက်ပြီး လင်းရှို့ချင်းထံ ကမ်းပေးလိုက်သည်။
"ယူထားလိုက်၊ ပိုက်ဆံတွေကတော့ ဝင်လာပြန်ပြီဟေ့"
လင်းရှို့ချင်းကလည်း အပြုံးဖြင့် လှမ်းယူလိုက်၏။
အဖေ ရီက အလိုမတူစွာဖြင့် ရေရွတ်လာ၏။
"ညစာ စားပြီးရင် ဆက်ဆော့ရအောင်"
"အပိုတွေ ပြောမနေနဲ့တော့၊ အချိန်ဖြုန်းနေမဲ့အစား ငါးခြောက်လှမ်းဖို့ ဝါးဖျာတွေ ဘာလို့ ရက်မနေရတာလဲ။ ကျွန်မတို့မှာ လုံလုံလောက်လောက် မရှိတော့ဘူး....."
အမေ ရီက ဆူလိုက်သဖြင့် အဖေ ရီမှာ စကား တစ်ခွန်း မဟရဲတော့ချေ။
