Chapter 57

1.8K 171 0
                                    

အပိုင်း (57)


လင်းရှို့ချင်းလည်း ဆောင့်ကြောင့် ထိုင်လိုက်ပြီး အတန်ကြာ စိုက်ကြည့်ပြီးနောက်မှ

"အသားက ဒီလို ပုံစံမျိုးထားရင် ထွက်လာမှာလား။ ဘယ်လောက် ကြာကြာ ချိတ်ထားဖို့လိုတာလဲ။ ကျွန်မသာ စောစောသိရင် အလေးပါ တစ်ခါတည်းငှားလာခဲ့လိုက်တယ်။ အဲ့လိုဆို ခရု ဘယ်လောက်လေးလဲ ချိန်ကြည့်လို့ရပြီလေ"

"ရပါတယ်ကွာ၊ ငါတို့ အလေးချိန် ချိန်တာ၊ မချိန်တာက ဘာအရေးလဲ၊ အဓိက အရေးကြီးဆုံး ကိစ္စက အထဲမှာ ရတနာ ရှိလားဆိုတာပဲလေ၊ ဟုတ်တယ် မလား။ ဒီအုန်းခရုက သုံး-လေး ကျင်း ဝန်ကျင်လောက်ပဲ၊ ခဏတော့ ချိတ်ထားရအုံးမယ်"

သူ(မ)မှာ ခရုအထဲတွင် မည်သို့ ရတနာမျိုး ရှိနိုင်သလဲကို စဉ်းစားရင်း စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရလေသည်။ သူ(မ)ယောကျာ်းကလည်း လျှို့ဝှက်လွန်းပါရဲ့...။

ရီရောင့်သုန်းက အလေးချိန်ချိတ်ကို လျှော့ချလိုက်ပြီး ခဏအကြာတွင် အုန်းခရု အခွံက နောက်ဆုံးတွင် ကမ်းခြေပေါ်သို့ ပြုတ်ကျကာ နူးညံ့သည့်အသားက ချိတ်ပေါ်တွင် တွဲလောင်းကျန်နေခဲ့၏။

သို့သော် ယခုအချိန်တွင် ခရုအသား၏ အရွယ်အစား၊ အရည်အသွေးကို မည်သူမျှ ဂရုမစိုက်နေချေ။ အုန်းခရုခွံက သဲသောင်ပြင်ပေါ်သို့ ပြုတ်ကျသည်နှင့် လင်းရှို့ချင်းက လှမ်းကောက်လိုက်ပြီး သူ(မ)၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာ၏။ ထို့နောက် မျက်လုံးတစ်ဖက် ဖွင့်၊ တစ်ဖက်မှိတ်ပြီး ခရုခွံ၏ ခရုပတ်လမ်းကြောင်းကို စိုက်ကြည့်လိုက်သည်။

ရီရောင့်သုန်းကလည်း စိုးရိမ်တကြီးဖြင့်

"အထဲမှာ တစ်ခုခုရှိနေလား"

"လိမ္မော်ရောင် တစ်ခုခုပဲ၊ အထဲမှာ တစ်ကယ်ပဲ ရှိနေတယ် တော့်"

လင်းရှို့ချင်းတစ်ယောက် ပျော်ရွှင်မှုအပြည့်ဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။ အစက လှိုင်းလုံးများ ကမ်းပေါ် ရိုက်ခတ်လာသည်ကို မြင်ရချိန်မှာတော့ အထဲတွင် အသားမပါသည့် အခွံ တစ်ခုပဲလို့ သူ(မ) ထင်ထားခဲ့သည်။

"လခွမ်း"

ရီရောင့်သုန်း ချက်ချင်း စိတ်လှုပ်ရှားလာပြီး သူ(မ) လက်ထဲမှ ခရုခွံကို ယူကာ ဖွဖွလေး ပုတ်ကြည့်လိုက်သည်။ ကြွေထည်လို တောက်ပြောင်နေသည့် လုံးပြီး ချောမွေ့သော လိမ္မော်နီရောင် ပုတီးလုံးတစ်လုံး သူ့ လက်ထဲသို့ တိုက်ရိုက် ကျလာ၏။

"ဟားဟားဟား~ ငါတို့တော့ ချမ်းသာပြီကွ~"

သူ၏ရွှင်မြူဖွယ် အမူအရာကို ကြည့်ရင်း လင်းရှို့ချင်းလည်း ၎င်းက အလွန် အဖိုးတန်မည်မှန်း သိလိုက်ရသည်။ သူ(မ)က စိတ်လှုပ်ရှားမှုများဖြင့် ...

"ဒါ ဘယ်လို ပုတီးစေ့မျိုးလဲ။ ကျွန်မ အရင်က ဘာလို့ မမြင်ဖူးရတာလဲ"

ရီရောင့်သုန်းက ပုတီးစေ့ကို မြှောက်ကာ ပြုံးနေသည်က နားရွက်ပင် တက်ချိတ်တော့မည်ဖြစ်သည်။

"Meile ပုတီးစေ့ကွ၊ မင်း ကြားဖူးလား။ ဒီလိုအကောင်မျိုးတွေ Meile ပုတီးစေ့ ထုတ်နိုင်ဖို့က အခွင့်အရေး တစ်ထောင်မှာ တစ်ကြိမ်လောက်ပဲ ရှိတာ"

"Meile ပုတီးစေ့က ဘာကြီးလဲ။ ပုလဲပဲလား"

"ပုလဲထက် ပိုပြီး အဖိုးတန်တယ်၊ ဒီလိုမျိုး ခရုထဲ ပုတီးစေ့ ရှိတယ်ဆိုရင် အဲ့ဒါကို Meile ပုတီးစေ့လို့ခေါ်တယ်၊ 'Dragon Balls' ဒါမှမဟုတ် 'မီးတောက်ပုလဲ' လို့လည်း ခေါ်တယ်၊ အရောင်တွေကတော့ လိမ္မော်နီရောင်၊ လိမ္မော်ဝါရောင်၊ အဝါရောင်နဲ့ အဖြူရောင်တွေအထိတောင် ရှိတယ်၊ တစ်ချို့ Meile ပုတီးစေ့တွေဆို သူတို့အပေါ်မှာ မီးတောက်ပုံစံလေးတောင် ပါတယ်၊ ပုံမှန်ဆို သူတို့က ပုံသဏ္ဍာန် မညီတဲ့ ပုံစံတွေ၊ ဘဲဥပုံစံတွေနဲ့ လုံးဝိုင်တဲ့ ပုံစံတွေ ရှိတယ်။ အဲ့ဒီထဲမှာမှ လုံးဝိုင်တဲ့ အလုံးလေးတွေက တန်ဖိုး အရှိဆုံးပဲ"

"ကျွန်မတို့ရဲ့အလုံးလေးမှာလည်း မီးတောက် ပုံစံလေး ပါတယ်"

"ဟုတ်တယ်"

ရီရောင့်သုန်းက မျက်လုံးမှေးများဖြင့် ပြုံးရင်း ရယ်လိုက်၏။

"ဒီပုတီးစေ့က Meile ပုတီးစေ့ထဲမှာဆို အကောင်းဆုံး အရည်အသွေး ရှိတယ်လို့ ပြောလို့ရတယ်၊ ၂ ဆင့် ငွေပြားထက်တောင် ပိုပြီး ကြီးသေးတယ်"

ယခုခေတ်အခါတွင် နှစ်ဆင့် ဒင်္ဂါးပြားက အချင်း ၂၁ မီလီမီတာခန့် ရှိရသည်။ သူ၏ ခန့်မှန်းချက်အရ သူတို့ ပုတီးစေ့က နှစ်ဆင့်ဒင်္ဂါးထက် ပိုကြီးသော်လည်း အချင်း 24 မီလီမီတာ ရှိသည့် ငါးဆင့်ဒင်္ဂါးထက် အနည်းငယ် သေး၏။

တကယ်ကို ပွပေါက်ကြီးပဲ။

လင်းရှို့ချင်း တစ်ယောက် အလွန် ပျော်ရွှင်သွားရပြီး ...

"ကျွန်မတို့ အိမ်ပြန်ရောက်တဲ့အချိန်မှ သေချာ ယှဉ်ကြည့်ရအောင်၊ ဒီနေ့က တကယ် ကံကောင်းတဲ့နေ့ပဲ"

သူ(မ) မည်မျှ ပျော်ရွှင်နေကြောင်း ဖော်ပြသည့် ဤစကားလုံးကို သူ(မ) ပြောနေတာ နှစ်ကြိမ် ရှိနေပြီဖြစ်သည်။

ရီရောင့်သုန်းက ဂုဏ်ယူမှုအပြည့်ဖြင့် ...

"အခု မင်း သိပြီမလား။ ငါ့စကား နားထောင်ရင် မမှားဘူးဆိုတာ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ရှင်ပဲ တိုင်ဖွန် ရက်ကြီး ကမ်းခြေကို လာရဲတဲ့သူ၊ ရွာထဲက ဘယ်သူမှ ဒီလို အချိန်ကြီး လာရဲမှာ မဟုတ်ဘူး၊ အားလုံးက လှိုင်းနဲ့ ပါသွားကြမှာ ကြောက်နေကြတာ"

"သူတို့တွေက ငကြောက်လေးတွေပါကွာ၊ တိုင်ဖွန်ဆိုတာ စပရိုက်တွေ ရောက်လာမဲ့နေ့ပဲ၊ လှိုင်းကြီးတွေ ရှိနေသရွေ့ ကမ်းခြေက ဒီရေတက်ချိန်ကထက်တောင် ဆုလာဒ်တွေ ပိုရှိနေသေးတယ်"

"ဒီပုတီးစေ့လေးကို ရောင်းရင် ဘယ်လောက်လောက်ရလဲဟင်။ ဘယ်နေရာမှာ သွားရောင်းရမှာလဲ"

အမ်...သည်မေးခွန်းက သူ့ကို အကျပ်ရိုက်သွားစေတာပဲ..။ ယခုအချိန်မှာ သည်ပုလဲ ဘယ်လောက်တန်လဲဆိုတာ သူလည်း သိမနေချေ။

နိုင်ငံ၏ ရိုးရာနဂါး ယဉ်ကျေးမှု လွှမ်းမိုးထားဆဲ ဖြစ်သောကြောင့် စုဆောင်းခြင်း နယ်ပယ်များကာ မြင့်မြတ်သော သင်္ကေတ အဓိပ္ပာယ်ဖြစ်သည့် Meile ပုတီးစေ့ကို "Dragon Balls" အဖြစ် မှတ်ယူထားကြသည်။ ၎င်းကို ရှားပါးလှသည့် အင်ပါယာရတနာအဖြစ်လည်း သတ်မှတ်ကြသည်။

သူ၏ အနာဂတ်အကြောင်း နားလည်မှုတွင် ၎င်းသည် အမေရိကန် ဒေါ်လာ သောင်းနှင့်ချီ တန်ကြေးရှိသည်ကို ကြားထားဖူးသည်။ သို့ရာ၌ လက်ရှိအခြေအနေတွင်တော့ သူလည်း သေချာမသိနိုင်ပေ။ မည်သို့ပင်ဆိုစေ လက်ရှိတွင် ကုန်ထုတ်စွမ်းအားက နောက်ကောက်ကျနေပြီး လူသားများ၏ အသက်မွေးဝမ်းကျောင်းမှု ပြဿနာက ပြေလည်ရုံကာ ရှိသေးသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး ...

"ငါ သိသလောက်တော့ ဒီပုလဲက အရမ်း တန်ဖိုးရှိတယ်ဆိုတာပဲ၊ ဘယ်လောက်လောက် ဈေးရနိုင်မလဲတော့ ငါလည်း မပြောတတ်ဘူး၊ ငါတို့မြို့လေးနဲ့ခရိုင်က လက်ဝတ်ရတနာဆိုင်တွေ ဒါ‌‌ကို ကောင်းကောင်း တန်ဖိုးဖြတ်ပေးနိုင်မှာ မဟုတ်ဘူး၊ သူတို့ တန်ဖိုးဖြတ်ပေးနိုင်တယ် ဆိုရင်တောင် ဈေးအမြင့်ကြီး ပေးမှာ မဟုတ်ဘူး၊ မြို့ကဆိုရင်တော့.....ငါတော့ သူတို့လည်း ရမယ် မထင်ဘူး၊ ငါတို့ မြို့တော်ထိ သွားမှရမယ်"

"အာ၊ မြို့တော်အထိ သွားရမှာလား။ ဒီလောက်အဝေးကြီးကို"

လင်းရှို့ချင်း တစ်ယောက် ရီရောင့်သုန်း၏ စကားကိုကြားရချိန်တွင် တွန့်ဆုတ်သွားရသည်။ သည်ပုလဲလုံးလေးက တကယ်ပဲ အဲ့လောက်တောင်ထူးခြားနေလို့လား။

ရီရောင့်သုန်းလည်း ဒါက အနည်းငယ် အလုပ်ရှုပ်သည်ဟု တွေးမိပြီး တစ်ခဏ သေချာစဉ်းစားပြီးနောက်မှ

"အခု ငါတို့က ပိုက်ဆံလည်း မပြတ်ဘူး။ စာနိုင်၊ သောက်နိုင်သေးတယ်ဆိုတော့ ငါတို့ သည်ပုတီးစေ့ကို သိမ်းထားပြီး ကံစမ်းကြည့်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ၊ ဘာပဲဖြစ်ဖြစ် ဒါက 'Dragon Ball' ဆိုတော့ တို့တွေရဲ့အိမ်မှာ သိမ်းထားလိုက်ရင် ငါတို့တွေကို ကောင်းချီပေးလောက်မှာ ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်ပြီး စီပွားဖြစ်ထွန်းပြီး လာဘ်လာဘတွေလည်း ပေါများလာချင် လာလောက်မှာ"

အနည်းငယ် စဉ်းစားပြီးနောက်တွင် လင်းရှို့ချင်းလည်း ဒါက ကျိုးကြောင်းဆီလျော်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ လက်ရှိဘဝက အဆင်ပြေနေဆဲ ဖြစ်သည်။ အကယ်၍ ပုတီးစေ့က တကယ်ပဲ ငွေအမြောက်အမြား တန်ဖိုးရှိပြီး တစ်ဆင့်စကားတစ်ဆင့်ဖြင့် ဆွေမျိုးများနှင့် မိတ်ဆွေများထံ ရောက်သွားခဲ့လျှင် ဆွေမျိုး‌ဝေးများနှင့် အသိမိတ်ဆွေများထံမှ ချေးငွေ တောင်းခံမှုများနှင့် တရစပ် ကြုံတွေ့ရတော့မည်။ သူတို့ စိတ်အနားရတော့မှာ မဟုတ်ချေ။

သူတို့၏ သည်ကျေးရွာလေးမှာ ရွာတစ်ဝက်နီးပါးလောက်က ဆွေးမျိုးများနှင့် သူငယ်ချင်း မိတ်ဆွေများဖြစ်၏။ သူတို့ကလေးတွေ ပညာရေးအတွက် ပိုက်ဆံမရှိလို့ ဒါမှမဟုတ် သူတို့မိသားစုအတွက် ဆေးဖိုးဝါးခ မတတ်နိုင်တော့လို့ အဲ့ခါကျရင် သူတို့ကို အကူအညီ လာတောင်းကြတော့မယ်မလား။

ပိုက်ဆံ မချေးမိလျှင်လည်း သေချာပေါက် အသိတရား မရှိဘူးလို့ ပြောခံရမှာပင်။ ဘာပဲဖြစ်ဖြစ် အားလုံးက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေမဟုတ်လား၊ တစ်ယောက်က အခက်အခဲရှိနေချိန် တစ်ယောက်က ချမ်းသာသွားတယ် ဆိုရင်တော့ အကူညီပေးရတော့မှာ‌ပဲလေ မဟုတ်ဘူးလား။

ကောင်းပြီ၊ ချေးပေးလိုက်တယ်ပဲထားအုံး၊ မလိုအပ်ဘဲနဲ့ ကျေးဇူးတွေ ဇွတ်တင်ပြီး ပိုက်ဆံ မချေးမိလိုက်တဲ့ သူတွေကျတော့ သူတို့ကို အငြိုးတေးထားတော့မှာပေါ့...

ဆုပ်လည်း ဆူး၊ စားလည်း ရူးနဲ့ ဘယ်သူ့ကိုမှ စိတ်ကျေနပ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။

လောလောဆယ် သူတို့ဘာသာပဲ သိမ်းထားလိုက်ရအောင်။ ဘာပဲဖြစ်ဖြစ် ဒါက 'Dragon Ball' မလို့ သိမ်းထားရင်လည်း သူတို့ မိသားစုအတွက် ကောင်းချီးတွေ ယူဆောင်လာနိုင်မှာပဲ။ အကယ်၍ သူတို့ တကယ့် အခက်အခဲတွေနဲ့ ကြုံပြီး ဖြေရှင်းဖို့နည်းလမ်း မရှိတော့ရင် အဲ့ခါကျမှပဲ ငွေနဲ့ ထုတ်ရောင်းလိုက်မယ်။

ပြီးတော့လည်း.....

သူ(မ)က သူ(မ)ယောကျာ်းအား တိတ်တဆိတ် ခိုးကြည့်လိုက်သည်။

ပြီးတော့ သူ(မ)တို့ ချမ်းသာလာတော့မှ သူက အရင်ကထက် ပိုပျင်းပြီး ပိုဆိုးလာရင်ရော။ အဲ့ခါကျရင် သူ(မ) ဘယ်လိုလုပ်ရမလဲ။

ယောင်္ကျားဆိုတဲ့အမျိုးကလေ လက်ထဲ ပိုက်ဆံရှိရင် ဆိုးသွမ်းလာချင်ကြရော...

သူ(မ) ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အတင်းအဖျင်း မျိုးစုံ ကြားဖူးထား၏။ ဘာပဲဖြစ်ဖြစ် သူက သည်ရက်ပိုင်းတွင် တိုးတက်မှု တစ်ချို့ပြလာသဖြင့် ယခုတွင် ပုတီးစေ့ကို မရောင်းလိုက်သည်က ပို၍ ကောင်းသည်။

အချိန်တိုလေးအတွင်း လင်းရှို့ချင်း၏ စိတ်မှာ မရေမတွက်နိုင်သော အတွေးများနှင့် ဆုံးဖြတ်ချက်ချမှုများဖြင့် လည်ပတ်နေ၏။

"အမ်း၊ ရှင် ပြောတာ ဟုတ်တယ်"

သူ(မ)က ခေါင်းညိတ် ပြလိုက်သည်။

"ကျွန်မတို့ အခုက အဆင်ပြေနေသေးတယ်။ ပြီးတော့ ဒီပုတီးစေ့ ရှာတွေ့တယ်ဆိုတာကလည်း ကံကောင်းလို့ပဲ၊ ဒီလို ကံကောင်းစေတဲ့ဟာလေးကို သိမ်းထားပြီး ကျွန်မတို့ မိသားစု ပင်လယ်ထဲ ရွက်ကောင်းကောင်းလွှင့်နိုင်ပြီး များများ ရိတ်သိမ်းနိုင်ပါစေလို့ ဆုတောင်းကြတာပေါ့"

"ဒီပုလဲ ကိစ္စကို ငါတို့ နှစ်ကိုယ်ကြားပဲ လျှို့ဝှက်ထားရအောင်၊ ဘယ်သူ့ကိုမှ မပြောပြနဲ့"

"သိပါ့ တော့်"

ရီရောင့်သုန်းက Meile ပုတီးစေ့ကို သူ(မ)ထံ ကမ်းပေးလိုက်ပြီး

"မင်း သိမ်းထားလိုက်၊ ငါတို့ အိမ်ပြန်ရောက်တဲ့အခါကျ သေချာ သော့ခတ်သိမ်းထားဖို့ မမေ့နဲ့အုံး"

လင်းရှို့ချင်းက ပုလဲကို လှမ်းယူလိုက်ပြီး သူ(မ)၏ မျက်နှာမှာ နူးညံ့သည့် အပြုံးလေးဖြင့် ဝင်းပနေ၏။ သူက သူ(မ)ထံ မဆိုင်းမတွဘဲ အလွန် တန်ဖိုးရှိသည့် အရာတစ်ခုအား အပ်လိုက်သည်က သူ(မ)အား ကျေနပ်မှုနှင့် ယုံကြည်မှုကို ခံစားရစေ၏။ မအောင့်အီးနိုင်တော့ဘဲ သူ့ကို အတန်အနည်းငယ် ကြာသည်အထိ ငေးကြည့်နေမိသည်။

"ဘာလို့လဲ။ ရုတ်တရက်ကြီး မင်း ယောကျာ်း အရမ်းချောမှန်း သိသွားလို့လား။

သူ(မ)က ရယ်လိုက်ပြီး သူ့ကို ဖွဖွလေး တွန်းထုတ်ကာ

"‌‌လိုက်စမနေနဲ့တော့၊ တစ်ခုခု ရှိအုံးမလား မသိဘူး ဆက်ပြီး ရှာကြရအောင်"

သူ(မ)က သူ့ကို တွန်းလိုက်သည့်အချိန် ရီရောင့်သုန်းက ကမ်းခြေပေါ် ဖင်ထိုင်လျက်လဲကျသွားသော်လည်း သူ စိတ်မဆိုးပါချေ။ အပြုံးဖြင့် ပြန်ထလိုက်ပြီး သူ(မ)နောက်သို့ ပြေးလိုက်ကာ ...

"ဒီလို ရှားပါး ပုတီးစေ့ကို စုဆောင်းထားပြီးပြီဆိုတော့ ငါ့ကို ဆုလေး ဘာလေး ချီးမြှင့်ဖို့ စိတ်ကူးမရှိဘူးလား"

လင်းရှို့ချင်းက သူ့ကို စွေကြည့်ရင်း ...

"လင်မယားတွေအနေနဲ့ ဒါကို ကျွန်မ သိမ်းထားတာ ပြဿနာရှိလို့လား။ ပြီးတော့ ဒီခရုကို ကျွန်မ ရှာတွေ့ထားတာဆိုတာ ရှင် မေ့သွားပုံပဲ.....အိုး ဟုတ်သားပဲ ခရုခွံကို ပြန်ယူလာဖို့ မမေ့နဲ့နော် အမှတ်တရအနေနဲ့ သိမ်းထားလို့ရအောင်"

"ငါ ကောက်ပြီး အိတ်ထဲ ထည့်ပြီးသွားပါပြီကွ၊ အသားက ချိတ်မှာ ချိတ်နေတုန်းပဲမင်း ချိတ်ကို ဆွဲသွားလို့ရတယ်၊ ညနေ အိမ်ပြန်ရောက်တာနဲ့ ဆီပူပူနဲ့ကြော်စားကြစို့"

"အမ်း"

သူက အရှက် မရှိစွာ သူ(မ) အနား တိုးကပ်သွားပြီး ...

"မင်းက ခရုကို ကောက်ရတာဆိုတော့လေ၊ ငါ မင်းကို ဆုပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"

"မလိုဘူး။ ကျေးဇူးတင်စွာဖြင့် ငြင်းပယ်ပါတယ်၊ ကျွန်မက လက်တွေ့ကျကျပဲ ဆုပေးချင်ရင် ပင်လယ်စာနဲ့ပဲ ဆုချ"

"မင်း မပြောရင်တောင်မှ ပင်လယ်စာတွေ များများရအောင် ငါ ကြိုးစားမှာပါ၊ ဒါကို ဆုအဖြစ် သတ်မှတ်လို့ မရဘူးလေ....ဟေ့၊ မင်းကို ဆုပေးပါရစေလို့...."

"သွားစမ်းပါရှင်.....ရှင်ဟာလေ တကယ် စိတ်တိုဖို့ကောင်းတယ်...." 

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now