အပိုင်း (51)
သူတို့ရွာတွင် မြို့ပေါ်တက်ဖို့ လိုလာသည့်အချိန်တိုင်း လမ်းဘေးတွင် ဘတ်စ်ကားရပ်စောင့်ရလေသည်။ မြို့မှ ခရိုင်ရုံးအထိ ဖြတ်သန်းသွားလာတတ်သည့် ဘတ်စ်ကားများကို အလံချတားပြီး တစ်ဦးလျှင် ၁၅ ဆင့်ပေးကာ စီးရလေသည်။ သို့ရာတွင် ဘတ်စ်ကားများက စီးရတာ သက်တောင့်သက်သာမရှိသလို၊ စောင့်ရတာလည်း မလွယ်ကူလှချေ။
"ဖွား၊ ကား မမူးတတ်ဘူးမလား"
"ဟင့်အင်း မမူးဘူး၊ ငါက ဘယ်နေရာသွားသွား ဘာမှကို မမူးတတ်တာ"
"ကောင်းတယ်"
ဘတ်စ်ကား တစ်စီး တစ်ရွေ့ရွေ့ချဉ်းကပ်လာသည်ကို မမြင်ခင်အထိ သူတို့ လမ်းဘေးတွင် တစ်နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ယာဉ်စီးခပေးကာ လက်မှတ်ဖြတ်ပြီးနောက် ထိုင်ခုံနေရာ ယူလိုက်ကြသည်။
ရွာမှ ခရိုင်အထိ သွားရန်အတွက် တောင်ပေါ်လမ်းကို ဖြတ်ရလေသည်။ သည်အချိန်သည်အခါတွင် အဝေးပြေးလမ်းများ မရှိသေးပြီး လမ်းများမှာ ဖုန်များ၊ ကျောက်စရစ်ခဲများဖြင့် ပြည့်နေ၏။ တောင်ပေါ်လမ်းတစ်လျှောက် မောင်းနှင်လာရင်း လေထုထဲတွင် ဖုန်စိုင်များ မြင့်တက်လာ၏။ ပြတင်းပေါက်ကို ကြည့်လိုက်သည်နှင့် သူတို့ မြင်မြင်သမျှအရာတိုင်းက ဖုန်တွေချည်းသာ။ ရီရောင့်သုန်းတစ်ယောက် ပူလောင်နေပြီ ဖြစ်သော်လည်း ပြတင်းပေါက်ကိုတော့ သွားပြီ မဖွင့်ရဲချေ။
တောင်ပေါ်လမ်းက ကွေ့တစ်ဆယ့်ရှစ်ခုရှိပြီး ကားထဲတွင် ထိုင်နေရင်းဖြင့် ဘယ်မှာညာသို့ ယိမ်းနွဲ့ခါရမ်းနေ၏။ သူတို့မှာ ထိုင်ခုံများဘေးရှိ လက်ကိုင်တန်းကို မြဲမြံစွာ ကိုင်ထားရသည်။ အကွေ့အကောက် ခရီးလမ်းကာ အဓိက လမ်းမကြီးဆီမရောက်ခင် တစ်နာရီခန့်နီးပါ ခရီးဆက်ခဲ့လေသည်။
နောင်နှစ်များတွင် အဝေးပြေးလမ်းများ ဖွံ့ဖြိုးတိုးတက်လာသဖြင့် ရွာမှမြို့ပေါ်သို့ တက်လျှင် ၁၅ မိနစ်ခန့်သာ ကြာတော့သည်။ သို့သော်လည်း လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးက ကောင်းစွာမဖွံ့ဖြိုးသေးပေ။
ကံကောင်းစွာဖြင့် အဖွားအိုကြီးက ကျန်းမာရေးကောင်းကောင်းမွန်မွန် ရှိပြီး ကားမမူးတက်ပေလို့။ မဟုတ်လျှင် သူ (မ) ၏ အသက်အရွယ်နှင့်ဆိုပါက အဖွားကို သူ အပြင်သို့ ခေါ်ထုတ်လာရဲမည် မဟုတ်ပေ။ လမ်းခရီး တစ်လျှောက်လုံးမှာလည်း ဘတ်စ်ကအနောက်ဘက်ခုံမှ လူတစ်ယောက် အန်နေသည်ကို ရီရောင့်သုန်း တစ်ယောက် အဆက်မပြတ်ကြားနေရသည်။
အဓိက လမ်းမကြီးဆီ ရောက်ပြီးနောက်တွင် ဘတ်စ်ကားဂိတ် ရောက်ရန်အတွက် နောက်ထပ်ဆယ်မိနစ် ထပ်စီးရလေသည်။ မတ်တပ်ထရပ်တော့မည့် အဖွားအိုကြီးကို သူ့မှာ လှမ်းဆွဲထားရ၏။
"မလောပါနဲ့ ဖွားရယ်၊ သူများတွေကို အရင်ပေးဆင်းလိုက်ပါအုံး"
အဖွားအိုကြီးက ပြုံးကာ မျက်စိများကို မှေးကျဉ်းပြီး ...
"အေးပါ၊ အေးပါကွယ်"
အဖွားအိုကြီးက ဖြည်းဖြည်း လှုပ်ရှားနေရသဖြင့် တစ်ခြားသူများကို အရင် ဆင်းခွင့်ပေးလိုက်ရလည်း ကိစ္စမရှိ၊ တိုးကြိတ်နေစရာ မလိုတော့ချေ။ သူတို့အတွက် အလျင်မလိုသည်ဖြစ်ရာ နောက်ဆုံးမှ ဆင်းရလည်း အဆင်ပြေ၏။
လက်ရှိခရိုင်မှာ နောင်တွင်ဖြစ်လာမည့်ခရိုင်လောက် သိပ်မကျယ်သေးချေ။ အနီးတဝိုက်ရှိကျေးရွာများကို ခရိုင်အတွင်း မပေါင်းစည်းထားသော်လည်း ခရိုင်တစ်ခုအဖြစ် သေးငယ်သည်ဟုလည်း မှတ်ယူ၍ မရပေ။ ဘတ်စ်ကားဂိတ်မှ ခရိုင်ဆေးရုံအထိဆိုလျှင် အတော်လေး အလှမ်းဝေးလှသည်။
ဘတ်စ်ကားဂိတ်အဝင်ဝတွင် ခရီးသည်ခေါ်နေကြသည့် လံချားသမားများဖြင့် ကြိတ်ကြိတ်တိုးနေ၏။ အဖွားက အသက်ကြီးပြီ ဖြစ်၍ လမ်းအကြာကြီးလျှောက်ပါက မောပန်းနိုင်သည်ဖြစ်ရာ တစ်စီးငှားရန် ဆုံးဖြတ်လိုက်သည်။
"အား၊ ငါတို့ လံချားစီးဖို့ လိုလို့လား။ ငါတို့ဘာသာလမ်းပဲ လျှောက်ပြီး ပိုက်ဆံချွေတာရအောင်လေ၊ ပိုက်ဆံကို မလိုအပ်ဘဲ လျှောက်မဖြုန်းနဲ့၊ ငါ လမ်းလျှောက်နိုင်သေးတယ်....."
"ရပါတယ် ဖွားရယ်၊ ဖွား ဝင်လို့ရအောင် ကျွန်တော်ကူပေးမယ်၊ ဆင့်နည်းနည်းပါးပါး ကုန်တာလောက်တော့ ဖွား စိတ်ပူဖို့ မလိုပါဘူး၊ ဖွားကိုသာ ပေးပြီးအမောခံလိုက်ရင် အိမ်ပြန်ရောက်လို့ကတော့ အဖေက ကျွန်တော့်ကို ဆူတော့မှာ"
ခရီးလမ်း တစ်လျှောက်တွင် အဖွားအိုက သောကစိတ်များဖြင့် ...
"ဘာလို့ ဒုက္ခခံနေရတာလဲကွယ်။ မလိုအပ်ဘဲနဲ့ ပိုက်ဆံကိုအများကြီးလိုက်သုံးနေတယ်၊ ငါ့အသက်အရွယ်နဲ့ဆို ဘယ်နှစ်ရက်လောက်ကြာကြာစားနိုင်တော့မှာမို့လို့လဲ။ မြေးအတွက် ပိုက်ဆံရှာရတာက လွယ်တာ မဟုတ်ဘူး၊ ကိုယ့်ဘာသာပဲသိမ်းထား၊ ငါက အရိုးဆွေးနေပြီ......"
တကယ်တော့ သူ (မ) ပျော်ပျော်နေရဖို့ နှစ်တွေအများကြီး မကျန်တော့မှန်းသိတာမလို့ ရှိတုန်းလေး သူ သူ (မ)ကို ကောင်းကောင်း ဂရုစိုက်ပြီး တာဝန် ကျေပွန်ချင်ခဲ့တာလေ....
"ဖွား၊ ရေဆာပြီလား။ ကျွန်တော်တို့ စကားဆက်မပြောခင် ရေလေး တစ်ငုံလောက် သောက်ချင်သေးလား"
အဖွားက သူ့ကို လှမ်းရိုက်လိုက်ပြီး ပြုံးရင်း သက်ပြင်းချရင်းဖြင့် ...
"ငါ မင်းကို စကား အကောင်းပြောနေတာကို မင်းကတော့ ခုထိ အရွယ်မရောက်သေးဘူး၊ မင်းသိတတ်မှန်း အဖွားက သိပြီးသား ဒါပေမဲ့ တကယ်ပဲ အဖွားမှာက အချိန်တွေ အများကြီးမှ မရှိတော့......"
"အား၊ မကောင်းတဲ့စကားတွေ မပြောရဘူး၊ ခဏနေ ဆေးရုံကို ရောက်တော့မှာ၊ ပြီးတော့ ပိုက်ဆံလည်း အများကြီး ကုန်မှာ မဟုတ်ဖူး"
ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး အဖွားအိုမှာ ရွေးချယ်စရာ မရှိတော့သဖြင့် သူ့စိတ်ကြိုက်သာလုပ်ခွင့်ပေးထားလိုက်သည်။ သို့သော် အနက်ရှိုင်းဆုံး စိတ်အတွင်း တစ်နေရာမှာတော့ သူ (မ) မြေးလေး၏ သူ (မ) အပေါ် အလွန် ဂရုစိုက်သိတတ်မှုအား ကျေနပ်နေမိတော့သည်။ သူ (မ) ချစ်ပေးလာခဲ့သမျှ အချည်းနှီး မဖြစ်ဘူးဆိုတာ သူ (မ) ယုံကြည်၏။
သူတို့ ဆေးရုံက ပြန်ထွက်လာချိန်တွင်တော့ မွန်းတည့်ချိန်တောင် ရောက်နေပြီ ဖြစ်သည်။ အဖွားအို၏ အံကပ်ကို သူ အောင်မြင်စွာ တပ်ဆင်နိုင်ပေးခဲ့လေသည်။ သူ စိုးရိမ်ပူပန်နေရသည့်ကိစ္စအား ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်၍ ရီရောင့်သုန်းတစ်ယောက် စိတ်သက်သာရာရပြီး ပျော်ရွှင်နေတော့သည်။ သူက အဖွားအိုအား ...
"ဆရာဝန် ပြောလိုက်တဲ့ဟာတွေကို မှတ်မိရဲ့လား ဖွား၊ အစာ စားတဲ့အခါကျ အံကပ်တပ်ဖို့မမေ့နဲ့နော်၊ စားပြီးသွားရင်လည်း ချွတ်ပြီး သေချာတိုက်ချွတ်အုံး၊ သုံးရလွယ်တယ်မလား"
"သိပါတယ်၊ သိပါတယ်အေ။ ငါ လုပ်ပါ့မယ်၊ ဒါပေမဲ့ ဒီအံကပ်တွေက တော်တော် ဒုက္ခများတာပဲ၊ အရင်ကဆို သွားတစ်နေ့ တစ်ကြိမ်ပဲ တိုက်ရတာ ခုဆို စားပြီးတိုင်း ချွတ်ပြီး တိုက်ရအုံးမယ်၊ မင်းကို မဝယ်ပါနဲ့လို့ ငါ အတန်တန်ပြောတာပဲ၊ မင်းကိုက...."
"ဒါတော့ ဒါပေါ့။ အခုဆို ဖွား စားချင်တာမှန်သမျှ အကုန် စားလို့ရပြီလေ။ ပြောင်းဖူး ကိုက်ချင်ရင်တောင်မှ ရသေးတယ်ဗျာ၊ မြေပဲ စားရတာလည်း ကြိုက်တယ် မဟုတ်လား ဖွားက၊ ဖွားစိုက်ထားတဲ့ မြေပဲခင်းလေးက ဩဂုတ်လဆို ဆွတ်လို့ ရနေပြီ သူတို့ကို စားဖို့လည်း ဖွားမှာ သွားတွေ ရှိနေပြီလေ"
အဖွားအိုက နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး မျက်လုံးများထဲတွင် သူ (မ) ၏ အကြိုက်ဆုံး အစာစားများ ပြန်စားနိုင်တော့မည်ဆိုသည့် အတွေးနဲ့တင် ပျော်ရွှင်မှုများဖြင့် ဂယက်ထလာ၏။ သို့ရာတွင် သူ (မ) က မမေးဘဲ မနေနိုင်တော့ကာ ...
"ငါ့ကို အမှန်အတိုင်း ပြော၊ ဒီအံကပ်တွေ ဘယ်လောက်တောင် ပေးခဲ့ရလဲ။ ဆရာဝန်ကို ငါမေးမလို့ လုပ်ခဲ့တုန်းက မင်း မျက်စိမှိတ်ပြလိုက်သေးတယ်မလား၊ ဖွားမှာ စုထားဆောင်းထားတာတွေ ရှိပါသေးတယ်။ ဒီဟာကို ဖွားဘာသာဖွားဝယ်တယ်လို့ပဲ သဘောထားလိုက်...."
"ဖွားက ဘာမှ စိတ်ပူနေစရာ မလိုဘူး။ အများကြီးမကုန်ပါဘူးဆို၊ နေ့လည်တောင် ရောက်နေပြီ ဖွား ဗိုက်မဆာဘူးလား။ ကျွန်တော်တို့ ခေါက်ဆွဲသွားစားကြရင် ဘယ်လိုလဲ"
"ဘာခေါက်ဆွဲစားဖို့ စဉ်းစားနေသေးတာလဲ။ ပိုက်ဆံကို လျှောက်ဖြုန်းမနေနဲ့တော့၊ အပြင်ကအစားအသောက်တွေက ဈေးကြီးကကြီးနဲ့၊ အိမ်ကိုပဲပြန်ပြီးစားကြမယ်၊ အိမ်ကိုပြန်ဖို့ တစ်နာရီလောက်ပဲကြာမှာ ငါလည်း ဗိုက်မဆာသေးဘူး၊ အိမ်ကိုပဲ မြန်မြန် ပြန်ကြစို့"
"အိုခေ၊ အခု အိမ်ကို ပြန်ကြမယ်"
ယခုအချိန်တွင် ခရိုင်က သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပြီး ပျက်စီး ယိုယွင်းနေပုံပေါ်၏။ လှည့်ပတ်ကြည့်ရှုစရာ အများကြီး မရှိသလို အဖွားနှင့်သွားလာဖို့ကလည်း သူ့အတွက် သိပ်အဆင်မပြေလှချေ။ ထို့အပြင် သူ (မ) က သူ ပိုက်ဆံ သုံးတာမြင်ပြန်ရင်လည်း သူ (မ) ကို ရောဂါသာ ပိုတိုးစေတော့မည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အရင်အတိုင်း ဘက်စ်ကားဂိတ်သို့ သွားရန် လံချားတစ်စီး ငှားလိုက်လေသည်။
အဖွားက သူ့စကားမှာ သဲထဲ ရေသွန် ဖြစ်မည်မှန်း သိထားနှင့်ပြီ ဖြစ်သည်။ ရီရောင့်သုန်းက သူ (မ) အား ဘယ်တော့မှ သည်လို ခရီးရှည်ကြီးမျိုးကို လမ်းပေးလျှောက်မည် မဟုတ်ချေ။ သည်အခါမှာတော့ သူ (မ) က ဝါးကျည်တောက်ထဲမှ ရေကကုန်တော့မည် ဖြစ်၍ ရေဆာခြင်းကို ရှောင်ရှားရန်အတွက် နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
အိမ်အပြန်လမ်းတွင် သွားတုန်းကအတိုင်း လေတစ်ဖြူးဖြူးနှင့် တောင်ပေါ်လမ်းကို အကွေ့အကောက်ဆယ့်ရှစ်ခုနှင့် ကြုံဆုံရပြန်၏။ တစ်နေကုန် လမ်းသိပ်မလျှောက်လိုက်ရသော်ငြား အဖွားမှာ ဘယ်ညာ ယိမ်းခါနေသည့် ဘတ်စ်ကားကြောင့် တစ်ချိန်လုံး သူ (မ) နေရာမှ ယိမ်းယိုင်သွားခြင်း မရှိသော်လည်း ပင်ပန်းရလေသည်။
သူ (မ) ခြေထောက် မြေပြင်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အဖွားမှာ ပင့်သက်ချနိုင်တော့သည်။
"အိမ်ပြန်ရောက်ပြီ၊ ငါတို့ ရွာကသာ အမြဲတမ်းနေလို့အကောင်းဆုံးပဲ"
"ခဏစောင့်အုံး ဖွား၊ အိမ်လည်း ပြန်ရောက်တော့မှာဆိုတော့ ကျွန်တော် လယ်ကွင်းဆီသွားပြီး ပြောင်းသွားချိုးလိုက်အုံးမယ်၊ နောက်ကျ ချက်စားလိုက်ရင် ဖွားစားဖို့ သရေစာ ကောင်းကောင်းရတာပေါ့"
"ကောင်းတယ်၊ ကောင်းတယ်....."
အဖွားက သူ ပြောင်းချိုးပြီး အခွံချွတ်တာကို ကြည့်ရင်း စိတ်ရှည် လက်ရှည် ထိုင်စောင့်နေခဲ့သည်။ သူက အနီးအနားက ဖရဲခင်းဆီသွားပြီး ဘူးသခွားနှစ်လုံးကိုပါ ခူးဆွတ်လိုက်သေးသည်။ ထို့နောက် လက်ထဲ တစ်ပွေ့တစ်ပိုက်ဖြင့် သူ (မ) ဆီ အပြေးလာပြီး
"ဒီဘူးသခွားတွေလည်း ဖွား ဇိမ်ခံပြီး ဝါးစားလို့ရတယ်"
"ဟုတ်ပါပြီကွယ်၊ ဟုတ်ပါပြီ...အိမ်ကိုပြန်ကြစို့"
ယခု အချိန်ကာ နေ့လည်စာ စားချိန်ပင် ကျော်လွန်သွားပြီဖြစ်ပြီး အမေ ရီမှာ သူတို့ဘယ်အချိန်ပြန်ရောက်လာမလဲကို မသိသဖြင့် နေ့လည်စာကို မပြင်ပေးထားချေ။ ရီရောင့်သုန်းကလည်း ရိုးရာမီးဖိုဖြင့် ချက်ပြုတ်ရာတွင် မကျွမ်းကျင်၊ ထို့ကြောင့် အဖွားကပဲ ချက်ပြုတ်ခြင်းကို တာဝန်ယူလိုက်ပြီး သူတို့ စားရန်အတွက် မုန့်လုံးစွပ်ပြုတ်အချို့ ပြုလုပ်လေသည်။
သူ သည်ဟင်းကို မစားရသည်မှာ နှစ်အတော်ကြာခဲ့လေပြီ။ သူ့မိန်းမ ဆုံးပါးသွားစဉ်ကတည်းက သူ့အတွက် မည်သူမှ ချက်မပေးကြတော့ချေ။ အဖွားက ဟင်းချိုထဲသို့ ဂုံး၊ ကမာနှင့် ပုဇွန်ခြောက်တို့ကို ထပ်ထည့်ထားသဖြင့် ဟင်းချိုက အထူး စပယ်ရှယ်ဖြစ်နေတော့သည်။ ဟင်းရည်က ထူးထူးခြားခြားအရသာ ရှိနေပြီ ဖြစ်ရာ သူ အမှန်တကယ်ကို ဗိုက်ဆာနေတော့သည်။ ဟင်းရည် တစ်စက်တောင် မကျန်ဘဲ အကုန်ပြောင်သွားအောင် သောက်ပစ်လိုက်သည်။
သူက သူ့အဖွား ဂုံးကို ကိုက်ပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်နေသည်ကို ကြည့်ကာ ပြုံးပြီး ...
"အံကပ်က အလုပ် ကောင်းကောင်း လုပ်တယ်မလား"
"အရမ်းကောင်းတယ်။ အရမ်းအသုံးဝင်တယ်"
အဖွားက အပြုံးဖြင့် "ခုဆို ငါစားချင်တာမှန်သမျှ စားလို့ရပြီ"
"ကျွန်တော် ပိုက်ဆံဖြုန်းတယ်လို့ ဖွား ထင်နေတုန်းလား"
"ငါ အကြာကြီး စားနိုင်တော့မှာ မဟုတ်ပါဘူးအေ"
"အိုး၊ ဖွားက ထပ်ပြောပြန်ပြီလား။ စားမှသာ စား၊ ပြီးရင် သွားနားတော့၊ မနက်ကတည်းကဆိုတော့ ဖွားလည်း ခရီးပန်းလောက်ရောပေါ့၊ လိုက်လျှောက်သွားမနေနဲ့အုံးနော်၊ ကျွန်တော် ဝိုင်းဘက် တစ်ချက်သွားကြည့်လိုက်အုံးမယ်"
"အေးအေး ...ဖွားလည်း အိမ်မှာ ဘုရားစာ ဖတ်လိုက်အုံးမယ်၊ ဒီနေ့အတွက် မဖက်ရသေးဘူး၊ အရှင်ဘုရား စောင့်ရှောက်ပါစေ.... Mazu နတ်ဘုရားစောင်မပါစေ...."
ဟမ့်....အဖွားရွတ်သမျှ ဘုရားစာတွေက အဲ့ဒါချည်းပဲ....
ရီရောင့်သုန်း အပြင်သို့ ထွက်သွားသည်နှင့် အဖွားတစ်ယောက် ဘုရားစာ ရွတ်ဖက်နေခြင်းကို ရပ်တန့်လိုက်ပြီး တံခါးဝမှ ထွက်ကာ အိမ်နီးနားချင်းများအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ (မ) ၏ အံကပ်အသစ်လေးကို ထုတ်ကြွားလေတော့သည်။ သူ (မ) ကျယ်ကျယ်ပြုံးပြနေသည်က သူ (မ) မျက်လုံးများ ကျဉ်းမြောင်းသွားသည့်တိုင်အောင်ပင်၊ အားလုံးကိုလည်း သူ (မ) ၏ ရောင့်သုန်းလေးက သူ (မ) အား မြို့ပေါ် ခေါ်သွားပြီး တပ်ပေးလာကြောင်း ပြောပြနေ၏။
သူ (မ) က သူ (မ) မှာ သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီ ဖြစ်ကာ အချိန်အကြာကြီးမနေရတော့မည်ဖြစ်တာကြောင့် မဝယ်ချင်တော့ဘူးပြောသော်လည်း သည်အရူးလေးက ပိုက်ဆံတွေ လိုက်ဖြုန်းပြီး မရ,ရအောင် အံကပ်ကို ဝယ်လာခြင်းဖြစ်ကြောင်း ပြောကာ အလိုမကျချင်ယောင်ဆောင်လေ၏။
တစ်ခြားသူများ၏ ရီရောင့်သုန်းက လိမ္မာသိတတ်လိုက်တာ ကောင်းချီပေးခံရမှာ ဆိုသည့်ချီးကျူးစကားများကြာကာမှ အားရကျေနပ်သည့်အပြုံး,ပြုံးပြလေတော့သည်။
တစ်နေ့လည်ခင်းလုံး လျှောက်သွားပြီးနောက်မှာတော့ တစ်ရွာလုံးမှ သက်ကြီးရွယ်အိုများ အားလုံး ထိုအကြောင်းကို သိသွားကြလေသည်....။
ပြီးနောက်မှာတော့ ထမင်းဝိုင်များ၌ ရွာရှိ သက်လတ်ပိုင်းလူကြီးများပင် သိလာကြသည်က လက်ရှိ အိမ်ဆောက်နေသည့် ရီမိသားစု၏ တတိယသားမှာ တကယ်တော့ အတော်လေး သိတတ်ကြောင်း .....ဟူ၍။