Chapter 55

1.5K 130 0
                                    

အပိုင်း (55)


"မြန်မြန် မြန်မြန်၊ ခုံးတွေ ပင်လယ်ထဲ ပြန်လိမ့်တော့မယ်"

လင်းရှို့ချင်းက လှိုင်းတံပိုးများကို နင်းရင်း ခုံးတွေကိုကောက်ကာ ပြုံးပျော်‌နေခဲ့၏။ သူ(မ)၏ မျက်နှာက ရွှင်လန်းတောက်ပနေပြီး ရီရောင့်သုန်းမှာ သူ(မ)ကို မကြည့်ဘဲမနေနိုင်တော့ကာ မကြာခဏဆိုသလို လှည့်ကြည့်‌နေမိတော့သည်။ သူ(မ) ယခုလို လွတ်လွတ်လပ်လပ်နှင့် ပြုံးပျော်နေသည်ကို သူမ မြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။

ပင်လယ်ထဲမှ ခုံးများ ကောက်ပြီးနောက်တွင် သူ(မ)က သူ့ဆီ ပျော်ရွှင်စွာ လျှောက်လှမ်းလာပြီး လက်များကို မြှောက်ပြကာ ...

"ကျွန်မ ကောက်တဲ့ထဲမှာ ဒီတစ်ကောင် အကြီးဆုံးပဲ၊ ကျွန်မရဲ့လက်သီး တစ်ဆုပ်စာလောက်တောင် ရှိတယ်"

"အမ်း၊ ဒီထဲ ထည့်ထားလိုက်၊ သန္တာကျောက်တန်းတွေဘက် လျှောက်ရင်း လမ်းမှာ ထပ်ရှာကြတာပေါ့၊ ငါတို့ အဲ့ကိုရောက်တဲ့ အချိန်လောက်ဆို ဒီရေလည်း ကျောက်တုံးနားထိ ရောက်လောက်ပြီ"

သူ(မ)က အပြုံးဖြင့် ခေါင်းညိတ်ပြလေသည်။

ရီရောင့်သုန်းက ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီးနောက် မနေနိုင်တော့ကာ ရပ်တန့်လိုက်၏။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကမ်းခြေပေါ်ရှိ လေပေါက်များနှင့် နေရာကို တူးရန် လက်ချောင်းများကို အသုံးပြုလိုက်ပြီး သဲခုံးကောင် တစ်ကောင်ကို တူးထုတ်လိုက်သည်။

"ရှင်က အမြင် သိပ်ကောင်းတာပဲ!"

ပြောပြီးနောက် သူ(မ)လည်း ကျွင်းတစ်ကျွင်းရှာတွေ့သွားကာ စပြီး တူးလိုက်ပြီး သဲခုံးတစ်ကောင်ကို တူးထုတ်နိုင်ခဲ့၏။

သဲခုံးများက ကမ်းခြေပေါ်တွင် အညီအမျှ မနိုင်ထိုင်ကြသောကြောင့် သူတို့ကို ရှာဖွေရာတွင် အချိန်ပေးရလေသည်။ ဒီရေနည်းချိန်အတွင်း လေပူဖောင်းများထွက်နေသည့်အချိန် သူတို့ကို ရှာရသည်က ပိုလွယ်ကူ၏။

"မင်း ဒီမှာ တူးချင်သေးလား ဆက်ပြီး လမ်းလျှောက်မလား"

ရီရောင့်သုန်းက မြေတူးရာတွင် အာရုံ၀င်စားနေသည့် လင်းရှို့ချင်းကို ကြည့်ကာ လှမ်းမေးလိုက်သည်။

သူ(မ)က တွန့်ဆုတ်စွာဖြင့် မတ်တပ်ထရပ်ရင်း ...

"ထားလိုက်ပါတော့ ဆက်မတူးတော့ဘူး၊ ‌ဟိုဘက်က ကျောက်ဆောင်တွေဘက်မှာ ကောက်ဖို့ ကောင်းတာ တစ်ခုခု ရှိမလား မသိဘူး၊ သွားကြည့်ရအောင်"

"အမ်း"

သူတို့က ရွံ့နုန်းမြေနှင့် ကျောက်တုံးများ ပြန့်ကျဲနေသည့် နေရာလေးဆီ လမ်းလျှောက်သွားကြပြီး နှစ်ယောက်သားမှာ ထပ်၍လည်း အံ့ဩဝမ်းသာရပြန်၏။

"ဒီမှာ ငါးတစ်ကောင် ရှိနေတယ်"

"အဲ့ဒါ ပင်လယ်ငါးကြင်းမြီးကွက်"

ငါးက ကမ်း‌ပေါ်တွင် သောင်တင်ကာ သေနေပြီးဖြစ်သည်။ ရီရောင့်သုန်းက ပါးဟပ်ကို ဖွင့်ကြည့်လိုက်သည်။ အရောင်က နီနီရဲရဲ ပြောင်းနေပြီ ဖြစ်၍ ပင်လယ်ထဲတွင် သေဆုံးသွားပြီးမှ ကမ်းပေါ်မျောပါလာဖွယ် ရှိကြောင်း ညွှန်ပြနေ၏။

"ဒါက မလတ်ဆတ်တော့ဘူးကွ။ ပင်လယ်ထဲ ပြန်ပစ်ပြီး သွားရအောင်"

"အိုခေ"

လင်းရှို့ချင်း တစ်ယောက် စိတ်ပျက်သွားရ၏။ နောက်ဆုံးမှ သူ(မ)က ငါးတစ်ကောင် တွေ့သည် ဖြစ်သော်လည် ၎င်းက မလတ်ဆတ်တော့ချေ။

အနက်ရောင် လင်းယုန်ဟုလည်း လူသိများသည့် ပင်လယ်ငါးကြင်းမြီးကွက်သည် အဓိကအားဖြင့် ၎င်းတို့၏ နေထိုင်ရာနေရာများတွင် ပုံမှန်ငါးကြင်းမြီးကွက်များနှင့် ကွဲပြားကြ၏။ ပင်လယ်ငါးကြင်းမြီးကွက်များက ပင်လယ်ထဲတွင် နေထိုင်ကြပြီး ပုံမှန် ငါးကြင်းမြီးကွက်များက ရေကန်များနှင့် ရွှံ့ဗွက်များတွင် နေထိုင်ကြသည်။

သူ(မ)က ငါးကို ကောက်ယူလိုက်ပြီး လှိုင်းများဆီ လျှောက်သွားလိုက်သည်။ သူ(မ) ငါးကို ပင်လယ်ဆီ ပြန်ပစ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ် လှိုင်းတစ်လုံး လှိမ့်လာ၏။ လင်းရှို့ချင်းက နောက်သို့ အလျင်အမြန်ဆုတ်လိုက်ပြီး မထင်မှတ်ထားစွာဖြင့် ရေပြန်ကျသွားချိန်တွင် ကဏန်းပြာ တစ်ကောင် ကမ်းခြေပေါ် ကျန်နေခဲ့၏။

"အားသုန်း အားသုန်း၊ မြန်မြန်လာ၊ ဒီမှာ ကဏန်းပြာကြီး တစ်ကောင် ရှိနေတယ်၊ သူ ပြန်မထွက်သွားခင် မြန်မြန် လာဖမ်းပေး...."

လင်းရှို့ချင်း၏ အသံကို ကြားသည်နှင့် ရီရောင့်သုန်းက ပြေးတက်သွားပြီး လက်မကြီး နှစ်ခုကို ဝှေ့ယမ်းကာ ကမ်းခြေဘက်ဆီ အလျင်အမြန် ဘေးတိုက်သွားနေသည့် ကဏန်းပြာကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ သူက ချက်ခြင်းတက်နင်းချလိုက်ပြီး ဖမ်းကောက်လိုက်သည်။ လက်မကြီးနှစ်ခုက ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြနေဆဲဖြစ်သည်။

"အကောင်က ရှယ်ပဲ၊ နှစ်ကျင်းလောက် ရှိတယ်။ ကံကောင်းလိုက်တာကွာ။ တိုင်ဖွန်ရက်ကြီး ထွက်လာတာ အလကား မဖြစ်တော့ဘူး"

လင်းရှို့ချင်း၏ မျက်နှာလည်း အပြုံးပန်းများ ဝေဆာလာပြီး ...

"ကျွန်မတို့ ဒီနေ့ထွက်လာတာ မှန်သွားတယ် ရှင့်"

"ငါ မင်းကို အစက ခေါ်နေတာပဲလေ။ မင်းပဲ မလိုက်လာချင်တာ၊ ဒီကဏန်း တစ်ကောင်တည်းနဲ့တင် မင်း နှစ်ရက်စာ ပိုက်ရက်ရတာနဲ့ တန်နေပြီ"

"ကျွန်မလည်း မသိလို့ပေါ့ ရှင်၊ လာလာ လှိုင်းနောက်လိုက်ပြီး ဆက်ရှာရအောင်"

သည်တစ်ကြိမ်မှာတော့ စိတ်လှုပ်ရှားစွာနှင့် ရီရောင့်သုန်းကို ဆွဲခေါ်ရသည်က သူ(မ) အလှည့် ဖြစ်သည်။

ဒီရေနောက်လိုက်ရင်းဖြင့် နှစ်ဦးသား လမ်းလျှောက်ကာ ငါးအမျိုးမျိုး၊ ပုစွန်၊ ကဏန်း၊ ယောက်သွားအရွယ်စား အမျိုးမျိုးနှင့် ခုံးကောင်တို့ကို ကောက်ခဲ့ကြသေးသည်။ တန်ဖိုးရှိ အကောင်များ မဟုတ်သော်လည်း အတော်လေး ပျော်စရာ ကောင်းလှပြီး ပျော်ရွှင်ရကျိုးနပ်လေ၏။

သူတို့၏ ကမ်းခြေက တော်တော်လေး ကျယ်ဝန်းလှသည်။ သူတို့က ကမ်းစပ်မှ ဆင်းလျှောက်လာရင်း တစ်ခါတစ်ရံ ရပ်တန့်ပြီး ရံဖန်ရံခါတွင် သောင်တင်နေမည့် ပင်လယ်စာများ ရှိ၊ မရှိကို စစ်ဆေးရန် ကျောက်တောင်များပေါ်ပင် တက်ရှာခဲ့ကြသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦး ကျောက်ဆောင်ဘက်သို့ ရောက်ရန် နာရီဝက်ကျော် ကြာခဲ့၏။

သူတို့ နှစ်ယောက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်နှင့် ရီရောင့်သုန်းက ကျောင်ဆောင်အက်ကွဲကြားရှိ ဗွက်အိုင်လေးထဲတွင် ဇီသီး ငါးကလေး နှစ်ကောင် ကူးခတ်နေသည်ကို သတိထားမိလိုက်သည်။ ထို့အပြင် အက်ကွဲကြားရှိ ကျောက်ဆောင်နံရံကိုလည်း ကလေး လက်သီးအရွယ် ပင်လယ်ကမာခရုများဖြင့် တန်ဆာဆင်ထားသည်။

သူက ငါး နှစ်ကောင်ကို ဖမ်းပြီးနောက်တွင် သူ့ဇနီး၏ တောင်းဆိုမှုအရ သူ(မ)ကို ခရုအား ပေးလိုက်ပြီး ပေးဖွင့်စေ၏။

ဇီးသီး ငါးကလေးများကို မကြာခဏ အဝါရောင်ငါးပုတ်သင်အဖြစ် မှားလေ့ရှိသည်။ နှစ်ကောင်က အလွန်ဆင်တူပြီး ဈေးနှုန်းကလည်း သိပ်မကွာချေ။

"နှစ်ကောင်တည်း ရှိနေတာပဲ။ ပြီးတော့ သေးကလည်း သေး,သေးတယ်"

လင်းရှို့ချင်းက ကြည့်လိုက်ပြီး ပြုံးရင်းဖြင့် ပြောလာ၏။

"ရပါတယ်။ ဒါကို ကျွန်မတို့တွေ ရွှေငါးမုတ်ရယ် အခုလေးတင် ကောက်လာတဲ့ ကကတစ်ရယ်နဲ့ တူတူရော ပြုတ်လိုက်လို့ရတာပဲ၊ ပန်းကန်ထဲ ငါးမျိုးစုံသွားတာပေါ့"

"အင်း၊ လူခွဲပြီး ထပ်ရှာကြရအောင်"

ဒီရေက ကျသွားပြီးဖြစ်သဖြင့် အမြန်ရှာဖွေရန် နှစ်ယောက်သား လူခွဲလိုက်ကြသည်။ ရီရောင့်သုန်းတစ်ယောက် ဝေးဝေး မရောက်လိုက်သေးခင် လင်းရှို့ချင်း၏စိ တ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည့်အသံကို ကြားလိုက်ရသည်။

"မိုရေးငါးရှဉ့်၊ အားသုန်းရေ ဒီမှာ မိုရေးငါးရှဉ့်တစ်ကောင်ရှိနေတယ်၊ အကြီးကြီးပဲ"

သူက သူ(မ)ဆီ အမြန်ပြေးသွားလိုက်ပြီး ထိုနေရာတွင် ရေတိမ်ပိုင်း၌ ကူးခတ်နေသည့် ခန့်မှန်းခြေ သုံး၊ လေးကျင်းလောက်ရှိသည့် ငါးရှဉ့် အရှည်ကြီး တစ်ကောင် ရှိနေလေသည်။ လှိုင်းကြောင့် ဤနေရာတွင် သောင်လာတင်နေပုံ ပေါ်၏။

မိုရေးငါးရှဉ့်များကာ အားကောင်းသော ပါးစပ်နှင့် ချွန်ထက်သော သွားများရှိ၏။ အကိုက်ခံရလျှင် ချက်ချင်း သွေးထွက်နိုင်သဖြင့် ကိုင်တွယ်သည့်အခါ အထူး သတိထားဖို့လိုအပ်သည်။ ရီရောင့်သုန်းက သေသေချာချာ အာရုံစူးစိုက်ပြီး ခေါင်းကနေ တိုက်ရိုက် ဖိကိုင်ချလိုက်သည်။ ငါးရှဉ့်၏ အမြီးက ပြင်းထန်စွာ စတင် ခါယမ်းလာတော့သည်။

မည်မျှပင် ရုန်းကန်လှုပ်ရှားနေပါစေ အချည်းနှီးသာဖြစ်၏။ သူက ခေါင်းကနေ ဖိကိုင်ကာ အိတ်ထဲ ပစ်ထည့်လိုက်သည်။

ရီရောင့်သုန်း ငါးရှဉ့်အား ဖမ်းပြီးသွားသည်ကို မြင်သည်နှင့် လင်းရှို့ချင်းက ကျောက်ဆောင်‌တွေဘက် ဆက်ပြီး အရှာတော်ပုံဖွင့်လေသည်။

"အားသုန်းရေ အားသုန်းရေ၊ grouperကြီး၊ ဒီမှာ grouper ကြီး တစ်ကောင်"

သူ့မိန်းမ ဒီနေ့ ကံတွေ မဟားတရား ကောင်းနေပါလား။ သူပဲ ရှာတွေ့နေတယ်။

"လခွမ်းဟ၊ ပင်လယ် ကကတစ်ပဲ။ ပင်လယ်ကကတစ်ကြီးက ဒီကို ဘယ်လို ရောက်နေတာလဲ"

လင်းရှို့ချင်းမှာ grouper မျိုးစိတ် အတိအကျကို မသိသော်လည်း ၎င်းက grouper ဖြစ်မှန်းတော့ သူ(မ)သိသည်။ တစ်ဖက်မှာတော့ ရီရောင့်သုန်းက မျိုးစိတ်များနှင့် ပို၍ ရင်းနှီးပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိလေသည်။

Grouper အမျိုးအစားဖြစ်သည့် ဂျပန် ပင်လယ်ကကတစ်သည် ရှည်မျောမျောနှင့် ဘေးနှစ်ဖက်တွင် ပြန့်ကားပြီး ကြံ့ခိုင်သည့် ဘဲဥပုံသဏ္ဍာန်ကိုယ်ထည်ရှိသည်။ ၎င်းသည် ကမ်းရိုးတန်းသန္တာကျောက်တန်းများ၏ ကြည်လင်သော ရေပြင်တွင် နေထိုင်ကြပြီး ငါးငယ်များကို သန္တာကျောက်တန်းများ သို့မဟုတ် ဒီရေကန်များတွင်  မကြာခဏ တွေ့ရလေ့ရှိပြီး၊ အရွယ်ရောက်ပြီးသော ငါးများကိုမူ အများအားဖြင့် နက်နဲသော ရေမျက်နှာပြင်များတွင် တွေ့ရှိရတတ်သည်။ တိုင်ဖွန်း မုန်တိုင်းကြောင့် ပြင်းထန်သည့် လှိုင်းလုံးများနှင့်အတူ ဒီငါးတွေလည်း ကမ်းပေါ်ကို မျောပါလာတာ အံ့သြစရာပဲ!....။

ယနေ့ရိတ်သိမ်းမှုက အမှန်တကယ် ပေါများလှသည်။ ဤနေရာကို ရောက်လာခဲ့သည်ကိုက အချည်းနှီး မဖြစ်ချေ။ အကယ်၍ သူတို့သာ သိနေခဲ့လျှင် သူတို့နှင့်အတူ ပုံးတစ်ပုံးပါ အတူတူ ယူလာခဲ့လောက်မည်။

"မင်း အိမ်ပြန်ပြီး ပုံးပြေးယူချင်လား။ ငါက ဒီမှာစောင့်မယ်လေ?"

သည်တစ်ကောင်က သူတို့ အစောပိုင်းက ကောက်ခဲ့သည့် ပုံမှန် ပင်လယ်စာများနှင့် ကွာခြားလေသည်။ ယခုခေတ်အခါတွင် ဈေးကောင်းကောင်း မရနိုင်သော်လည်း ရှားပါးပစ္စည်း ဖြစ်နေဆဲပင်။ အဆင့်မြင့် ဟိုတယ် တစ်ခုသို့ ရောင်းချရန်အတွက် ၎င်းကို အသက်ရှင်လျက် ထိန်းသိမ်းထားသည်က ပို၍ အဆင်ပြေမည်။

"ဒီငါးက အရမ်း တန်ဖိုးကြီးလို့လား"

"ဒါပေါ့ဟ၊ သူ့ ကောက်ကြောင်းတွေကို ကြည့်ရုံနဲ့တင် ဒါ ရှားပါး ငါးမှန်း ပြောလို့ရတယ်၊ ဒီဂျပန်ကကတစ် grouper က ငါတို့ ရေပိုင်နက်က မဟုတ်ဘူး။ လှိုင်းကြောင့်ပဲ မျောလာတာနေမှာ"

ရီရောင့်သုန်း၏ တိကျပြတ်သားသည့် အဖြေစကားကို ကြားပြီးနောက် လင်းရှို့ချင်းမှာ စိတ်လှုပ်ရှားလာပြီး

"ရှင် ဒီမှာနေခဲ့လိုက်၊ မိုးနဲ့ရော လှိုင်းနဲ့ရော ပြန်မပါသွားစေနဲ့နော်၊ ကျွန်မ အိမ်အမြန်ပြန်ပြီး ပုံးသွားယူလာခဲ့မယ်"

ယနေ့တွင်တော့ သူ့ကံလား၊ သူ့ဇနီး၏ ကံလားဆိုတာ ပြောရခက်ပေမဲ့ သူ သူ(မ)အနောက်မှ လိုက်သည့် အချိန်အများစုတွင် ရတနာများကို ရှာတွေ့တတ်လေသည်။

မာကျောက်နဲ့ ကတ်ကစားရင် လူသစ်လေးတွေက ကံကောင်းကြတယ်လို့ ပြောစကား ရှိဖူးတယ်မလား။ ပင်လယ်မှာ ပင်လယ်စာ တူးတာရော အကြုံဝင်တာများလား။

သော့ချက်မှာ သူ(မ)က လူသစ်လည်း မဟုတ်၊ တိုင်ဖွန်ရက်ကြီး ပထမဆုံး စွန့်စားခန်း ထွက်ဖူးခြင်းသာ။

ဤငါးမှာ အလွန် တန်ဖိုးရှိပြီး သူ သွားပြီး ရှာဖွေနေစဉ်အတွင်းမှာ ၎င်းကို သူ့မြင်ကွင်းမှ အပျောက်မခံနိုင်ချေ။ ထို့ကြောင့် သူက ထိုနေရာတွင် ရပ်ကာ စောင့်ကြည့်နေ၏။ သူ မရှာဖွေဘဲ ထိုနေရာတွင်ရပ်နေစဉ်အတွင်း ကျောက်ဆောင်များ ကြားကနေ ဂဏန်းပြာ တစ်ကောင် သူ့ဘာသာသူ တွားသွားထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ...။

တံခါးအရောက် လာပို့သွားတာဟ အလဟသတော့အဖြစ်မခံနိုင်ဘူး။

ဤပင်လယ်ထဲရှိ ကဏန်း အရင်းအမြစ်မှာ ပေါကြွယ်ဝနေဆဲဖြစ်သော်လည်း သည်အကောင်မှာ လက်မ တစ်ချောင်း ပျောက်နေသည်က နှမြောစရာပင်၊ အခြား လက်မတစ်ဖက်က သူ့ကိုယ်နှင့်တောင်မလိုက်သည့် အရွယ်အစား၊ အသေအချာကို ယခုမှ ပေါက်ပြီး ဖွံ့ဖြိုးကာစ ဖြစ်သည်။

တစ်ကျင်းနီးပါး ရှိပေမဲ့ သေချာပေါက် တန်ဖိုးက အလျှော့ခံရတော့မှာ။

အစက လက်တစ်ချောင်း ပျောက်လျှင် ကဏန်း၏ တန်ဖိုးမှာ သုံးပုံ တစ်ပုံခန့် အလျှော့ခံရမည်ဖြစ်သည်။ ယခုတွင် အခြားလက်တစ်ဖက်မှာ မကြာသေးခင်ကမှ ပြန်ပေါက်ထားသဖြင့် လက်တွေ့တွင် တန်ဖိုး သိပ်မရှိလှပြီး ဈေးကောင်းလည်း ရမည် မဟုတ်ချေ။ ၎င်းကို အိမ်ပြန်ယူသွားကာ ကလေးများ ကိုယ်အလေးချိန် တိုးစေရန်အတွက် တန်းရှန်းနှင့် ရောပြုတ်ရန် အခွင့်အရေး ကောင်းပင်။

(တန်းရှန်း၏ အရသာက ပိုချိုပြီးတော့  ဂျင်ဆင်းအစားထိုး အသုံးပြုတာ၊ ဆေးဘက် အာနိသင်က လျော့နည်းသည်။ ရိုးရိုးဖျားနာဝေဒနာများ၊ နှေးနှေးနှင့် တိုးတက်မြန်သည့်ရောဂါများနှင့် မူမမှန်မှုများကို ထိန်းညှိရန်အတွက်သုံးသည့် ရိုးရာ‌ ဆေးတစ်မျိုး။ အာနိသင် ပို၍ ထိရောက်စေရန် တန်းရှန်းရဲ့ပမာဏကို တိုးမြှင့်သုံးစွဲနိုင်သည်။ သို့သော်လည်း ပိုမိုပြင်းထန်သည့် ဝေဒနာများအတွက်ဆိုလျှင် ဂျင်ဆင်းကိုသာ အသုံးပြုရန် အကြံပြုထားသည်။)

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now