အပိုင်း (၁၁၁)
ရီရောင့်သုန်း တစ်ခဏ စဉ်းစားကြည့်လိုက်သည်။ လှိုင်းများ ရှိနိုင်သဖြင့် သူ့လှေသေးလေးနှင့် ဆိုလျှင် အဆင်မပြေနိုင်လှ၊ သို့သော် အားကွမ်တို့ အိမ်က လှေဆိုလျှင်တော့ မဆိုးလှချေ။
တိုင်ဖွန် မုန်တိုင်း ဝင်ဖို့ရာ ရက်အနည်းငယ် လိုသေးပြီး သူတို့ဆီ ဦးတည်တိုက်ခတ်မလားဆိုတာက မသေချာသေးချေ။ ယနေ့ တစ်နေကုန် ရာသီဥတုက ဆိုးဆိုးရွားရွား မဖြစ်သဖြင့် မနက်ဖြန်တွင် သူတို့ရဲ့ကမ်းလွန်ပင်လယ်ပြင်၌ ပြဿနာ သိပ်ရှိမည်မဟုတ်။
"ဒါဆိုလည်း စမ်းကြည့်ရအောင်။ စောစောသွားပြီး စောစော ပြန်လာကြတာပေါ့၊ လှိုင်းတွေက အရမ်းကြီးနေရင်တော့ မြန်မြန် ပြန်လာကြမယ်"
"ဟုတ်ပြီ။ ဒီလိုပဲ လုပ်ကြတာပေါ့"
"အင်း၊ မနက်ဖြန် မနက် ငါးနာရီလောက် သွားကြမလား။ အဝေးကြီး မသွားဘူး"
"အိုခေ၊ ကောင်းပြီ"
အရိုက်ခံရမည် စိုး၍လည်း အားကွမ် တစ်ယောက် အထဲဝင်ပြီး ရေနွေးကြမ်းလေးပင် ဝင်မသောက်ရဲချေ။ နှစ်ယောက်သားက သစ်ပင်အောက်တွင် ဆောင့်ကြောင့် ထိုင်ကာ ဆေးလိပ်သောက်နေကြပြီး စကား အနည်းငယ် ပြောကြရင်း ခြင်စာ ကျွေးနေလိုက်သည်။
သူ့ အိတ်ကပ်ထဲမှ နောက်ဆုံး စီးကရက် သောက်ကုန်သွားချိန်မှာတော့ အားကွမ် တစ်ယောက် အမောင်းထုတ်ခံရတော့သည်။
သူက နောင်တမရသလို၊ ကွန်ပလိန်းလည်း မတတ်ပါချေ။ ဘာပဲဖြစ်ဖြစ် ယောက်ဖလောင်းဖြစ်သူနဲ့ ဆေးလိပ် သောက်ရတာပဲလေ။
အခန့်သို့ ပြန်ပြီးနောက်တွင် ရီရောင့်သုန်း သူ့မိန်းမအား မနက်ဖြန် မနက်စောစော ပင်လယ်ထဲ ထွက်မည့်အကြောင်း ပြောပြလိုက်ပြီး၊ လင်းရှို့ချင်းကတော့ အနည်းငယ် စိုးရိမ်နေ၏။
"အန္တရာယ် မများလွန်းဘူးလား"
"အဆင်ပြေပါတယ်ကွာ။ လှိုင်းတွေ ကြီးလာရင်တော့ ငါတို့ ပြန်လှည့်လာခဲ့မှာပေါ့"
သူ(မ) မျက်မှောင်ကြုတ်နေဆဲကို မြင်ပြီး ရီရောင့်သုန်း သူ(မ)အား သူ့ပေါင်ပေါ်တင်ကာ ဖက်ထားလိုက်ပြီး ;
"စိတ်မပူပါနဲ့။ ပင်လယ်ထဲ သွားတာလေးပဲကို၊ မနက်ဖြန် မနက်ကျရင် မြေလှောင်ကွန်က ငါးတွေကိုလည်း သိမ်းရဦးမှာဆိုတော့ တစ်ခါတည်း သိမ်းလာခဲ့လိုက်မယ်။ အဲ့ဒါမှ တိုင်ဖွန်နဲ့ မိသွားတဲ့ငါးတွေ ပြန်မပါသွားမှာ၊ ပြီးတော့မှ တစ်ခါတည်း လှေကို အကာအကွယ် ဆိပ်ခံဆီ သွားထားပြီး နောက်မှ အားကွမ်ရဲ့လှေနဲ့ သွားကြည့်ကြမှာ"
"အင်းပါ။ ရှင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော်"
"ဒီတိုင်ဖွန် ပြီးသွားရင် မင်းအမေရဲ့အိမ်ဆီ ဆောင်းလယ်ပွဲတော်အတွက် အတူလိုက်ခဲ့ပေးမယ်။ ပြီးရင် အဲ့မှာ နှစ်ရက်လောက် နေကြမယ်လေ၊ မင်း မပြန်ဖြစ်တာ နှစ်ဝက်လောက် ရှိနေပြီမလား"
သူက စကားပြောနေရင်းဖြင့်လည်း လက်က အငြိမ်မနေ။
"အင်း"
သူ(မ)က သူ၏ အငြိမ်မနေသည့် လက်ကို ရိုက်ထုတ်ပြီး ;
"ကလေးနှစ်ယောက်က အိပ်သေးတာ မဟုတ်ဘူး"
"သားက မအိပ်ချင်ပါဘူးနော်"
"သားရောပဲ"
ရီရောင့်သုန်း ခေါင်းကို လှည့်ကြည့်ကာ အိပ်ရာပေါ်တွင် ကျွမ်းထိုးနေကြသည့် နှစ်ကောင်ကို စိုက်ကြည့်လိုက်သည်။
"ငါတို့ အိမ်အသစ်ကို ပြောင်းတဲ့အခါကျရင် မင်းတို့နှစ်ယောက်က တစ်ခန်းနေ"
"မနေပါဘူး။ သားက မေမေနဲ့ပဲ အိပ်ချင်တာ"
"သားရောပဲ"
"ဖေဖေပဲ တစ်ယောက်တည်း အိပ်"
"ဟုတ်တယ်"
ရီရောင့်သုန်း ညီညွှတ်နေကြသည့် ကြွက်စုတ်လေးနှစ်ကောင်အား စိုက်ကြည့်လိုက်ပြီး ;
"ဒါ ငါ့မိန်းမကွ"
"ဒါ သားတို့ မေမေဗျ"
"သားတို့ မေမေ"
"သူတို့ကို မြန်မြန် အိပ်ခိုင်းလိုက်တော့"
လင်းရှို့ချင်း သူ့ကို ရိုက်လိုက်ပြီး ရင်ခွင်ထဲမှ ရုန်းထွက်ကာ ;
"ရှင် ဘာလို့ ကျွန်မ သားတွေနဲ့ စကားများနေရတာလဲ။ မီးမှိတ်လိုက်ရင် သူတို့ဘာသာ အိပ်ပျော်သွားလိမ့်မယ်"
"ဟီးဟီး၊ ဖေဖေက အရှက်လည်း မရှိဘူး။ လူကြီးဖြစ်နေတာတောင် မေမေ့ကို ဖက်အိပ်နေတုန်းပဲ"
"ပေါက်ကရ လျှောက်ပြောမနေနဲ့တော့၊ မြန်မြန်အိပ်"
လင်းရှို့ချင်း သားကြီးကို ဖမ်းဆွဲလိုက်ပြီး ဖင်လေးကို ရိုက်ကာ အတင်း လှဲအိပ်ခိုင်းလိုက်သည်။
ရီရောင့်သုန်းကလည်း ကုတင်းဘေးရှိ ဝိုင်ယာကြိုးကို လှမ်းဖြုတ်လိုက်သည်။ မီးပိတ်လိုက်ပြီးသည်နှင့် ကလေးနှစ်ယောက်က အေးအေးချမ်းချမ်း အိပ်ပျော်သွားပြီးနောက် သူလည်း စဉ်းစားစရာ ရှိသည်များအား ကောင်းကောင်း စဉ်းစားလို့ရပြီလေ။
ဤရက်များအတွင်း သူ့တွင် စောစော ထတတ်သည့် အကျင့် တစ်ခု ရလာ၏။ မနက်လေးနာရီတီးသည်နှင့် အပြင်ဘက် ကောင်းကင်ကို လှမ်းကြည့်ကာ ချက်ချင်း ထထိုင်လိုက်သည်။
စိတ်ထဲတွင် အတွေးများစွာဖြင့် ကောင်းကောင်း မအိပ်ပျော်နိုင်ချေ။
အဝတ်အစားလဲနေသည့် အသံဖွဖွလေးက လင်းရှို့ချင်းကို နိုးသွားစေပြီး သူ(မ)က အသံတိုးတိုးနှင့် ;
"အပို ထပ်ဝတ်သွားဦး။ ပင်လယ်လေက ထန်နေမှာ။ အခုရက်ပိုင်း မနက်ရော ညနေပိုင်းရော အေးနေတာ၊ ရှင် ဂရုလည်းစိုက်အုံးနော်"
"အေးပါ။ မင်း အိပ်လိုက်ဦးလေ။ အစောကြီးပဲ ရှိသေးတယ်"
"အွန်း"
သူ အားကွမ်နှင့် ချိန်းဆိုထားသည့် အချိန်မတိုင်ခင် အရင်ဆုံး ပင်လယ်ထဲ ထွက်သွားလိုက်သည်။ မည်သို့ဆိုစေ၊ အားကွမ်အား သူ့ကို အကာအကွယ်ဆိပ်ခံ၌ လာကြိုရန် မှာထားပြီးပြီပင်။
မြေလှောင်ကွန်က အနည်းငယ်သာ ဖြစ်၍ တစ်ခုနှင့် တစ်ခု သိပ်မဝေးကြရာ သိမ်းရ အလွန်မြန်၏။
သူက တိုင်ဖွန် ရှိနေခြင်းကြောင့် စောစော ထွက်လာခဲ့သည်ဖြစ်ရာ မနက်ခင်းစောစော ဆိပ်ခံတွင် မည်သူမှ ရှိမနေပြီး ကမ်းစပ်တွင် အကာအကွယ်ဆိပ်ခံ၌ ကမ်း မကပ်ထားရသေးသည့် သင်္ဘောကြီးများသာ ရှိနေ၏။
မနေ့ညက သူ လေညှင်းခံနေစဉ် တချို့လူများက ဆောင်းဦးဝင်လာပြီလို့ ခံစားရကြောင်း ပြောသံကို ကြားလိုက်ရသည်။ ယခုနှစ်တွင် တိုင်ဖွန် သိပ်မဝင်ပြီး ယခုတိုင်ဖွန်ကလည်း သူတို့ဆီ ဝင်မည့်ပုံ မပေါ်ဘူးလို့ သူ ခံစားနေရသည်။ ဟုတ်တယ်၊ သည်တစ်ကြိမ်လည်း ဆိပ်ခံနားမှာပင် ရပ်သွားလောက်တယ်။
လှေအများအပြားကို မြင်လိုက်ရသည်က လွန်ခဲ့သည့်နှစ်များက အကြောင်းကို ပြန်သတိရမိသွားသည်။ ထိုနှစ်က တိုင်ဖွန်တွင် ရွာရှိ လှေတော်တော်များများ အကာအကွယ်ဆိပ်ခံဆီ ကမ်းမကပ် ဖြစ်ခဲ့ကြပေ။ ထိုနေ့တွင် တိုင်ဖွန်က အလွန်ကြမ်းသဖြင့် ရွာသားများမှာ လှေများ မျောသွားလေမလား သို့မဟုတ် ဆိပ်ခံသို့ ကမ်းကပ်ချိန်တွင် အစိတ်အမွှားမွှား ကွဲသွားလေမလားကို စိတ်ပူနေခဲ့ကြသည်။ မိုးနှင့် လေများဖြင့် လှေကို အကာကွယ်ဆိပ်ခံဆီ မောင်းသွားနိုင်ခဲ့ကြသော်လည်း အများအပြားမှာ ပြန်မလာနိုင်ခဲ့ကြပေ။
ထို့နောက်မှာတော့ တစ်လလုံးနီးပါး ပင်လယ်ထဲ ငါးဖမ်းထွက်သည့် လှေဟူ၍ မရှိတော့ပြီး ဖမ်းမိလာသည့်ငါးများ၏ ဝမ်းဗိုက်ထဲတွင်လည်း လူ့ဆံပင်များ နှင့် လက်သည်းများ ပါလာပြီး မည်သူကမှ မစားဝံ့ကြပေ။
ရွာသားများမှာလည်း အစာရှောင်ကြပြီး တစ်လလုံး ဆုတောင်းခဲ့ကြသည်။
ကြာလွန်းသွားသောကြောင့်ပဲလားမသိ၊ အချိန်အတိအကျကို သူ မမှတ်မိတော့ချေ။ ခေါင်းထဲ ဝေဝေဝါးဝါးသာ ဖြစ်နေ၏။ သို့သော်လည်း သူ အသိပေးဖို့ လိုလေသည်။ သူ ယနေ့ နေ့လည် ပင်လယ်ထဲမှ ပြန်လာသည့်အချိန်တွင်တော့ ရွာလူကြီး ချန်အား သွားပြီး သတိပေးရမည်။
သူက စောလွန်းသေးသည်ဟု တွေးကာ ပင်လယ်ထဲအရင်သွားပြီး ပြန်ရောက်လာကာမှပင် သူ့အား သွားသတိပေးလိုက်တော့မည်။
ရီကောင့်သုန်း ဝါးတိုင်ဖြင့် ထောက်ကာ လှေပေါ်တက်လိုက်ပြီး လှော်တက်ကို ကိုင်ကာ လှေကို ပင်လယ် အလယ်သို့ ဖြည်းညှင်းစွာ လှော်သွားပြီး ခပ်လှမ်းလှမ်း ပင်လယ်ပြင်ဆီသို့ ရောက်လာချိန်တွင် ပင်လယ်ပြင်တွင် လှိုင်းလုံးများ မည်မျှကြီးသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လှေက နည်းနည်း လှုပ်နေပေမယ့် ခံနိုင်လောက်သည့်အနေအထားတွင် ရှိနေသေး၏။
သူက မြေလှောင်ကွန်များ ချထားရာ ဘော်ရာများဆီ လှော်သွားလိုက်ပြီး အရင်ဆုံး လွန်ခဲ့သည့် နှစ်ရက်ကတည်းက ချထားသည့် မြေလှောင်အိမ်ကို ဆွဲတင်လိုက်သည်။
ပထမကွန်မှာ သုံး၊ လေးကျင်းခန့် ရှိသည့် ပုစွန်ဆိတ်ဖြူများ၊ ခုနစ်ကျင်း၊ ရှစ်ကျင်းခန့် ရှိသည့် အရွယ်အစား အမျိုးမျိုးနှင့် ငါး အမျိုးမျိုး၊ လွန်ခဲ့သည့် ငါးကွန်၊ ခြောက်ကွန်တုန်းကနှင့် နှိုင်းယှဉ်လို့ရသည့် ကျောက်ကဏန်းကြီးများ ဒါဇင်ကျော် ဖြစ်သည်။
ရောင့်သုန်း တစ်ယောက် ပျော်ရွှင်စွာဖြင့် အားလုံးကို ပုံးထဲသွန်းလိုက်ပြီး ကြိုး တစ်လျှောက် ဆက်ပြီးဆွဲလိုက်သည်။ ယနေ့ ရိပ်သိမ်းမှုက အလွန်ကောင်း၏။
ရလာသည့် ငါးများ အားလုံးကို ပုံးထဲ သွန်းပြီးနောက်မှ ယခုဝင်မည့် တိုင်ဖွန်ကို အခွင့်ကောင်းယူကာ ပင်လယ်စာ များများ ရစေရန်အလို့ငှာ အသစ်လုပ်ထားသည့် မြေလှောင်ကွန်များကို ချလိုက်သည်။
လှေပေါ်ရှိ ယူလာသည့် ပုံး သုံးပုံးမှာ ယခုအချိန်တွင် ပြည့်သွားနှင့်ပြီး သူ့ထံ၌ လောလောဆယ် ငါးများကို စီစစ်ခွဲထုတ်နေဖို့ အချိန် မရှိတော့သဖြင့် အားလုံးကို ပုံးထဲ ပစ်ထည့်ကာ အားလပ်သည့်အချိန်တွင် ခွဲရန် အားကွမ်၏ လှေကို စောင့်နေလိုက်သည်။
အနှီ ပင်လယ်စာများ၏ တန်ဖိုးက တစ်ရက်စာ ပိုက်ကွန်ဆွဲခြင်းထက် မဆိုးလှသော်လည်း တိုင်ဖွန်ရက်များတွင်သာ ကွန်အားလုံးက ပေါက်ကွဲထွက်လုနီးနီး ပြည့်သိပ်လာခြင်းပေ။
လှိုင်းများက သူ့လှေကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် လှိုင်းစီးပြီးတော့သာ လှေကိုမျောနေစေလိုက်ပြီး၊ ကောင်းကင်က တဖြည်းဖြည်း ကြည်လင်လာသည်။
သူ အကာအကွယ် ဆိပ်ခံသို့ ရောက်ပြီး လှေကို ကမ်းကပ်ပြီးနောက်တွင် အားကွမ်ရောက်လာဖို့ ဆယ်မိခန့်သာ ကြာလိုက်သည်။
"အချိန်ကိုက် ရောက်လာသားပဲ"
"ငါ အချိန်ကိုက်ကို ထွက်လာခဲ့တာပဲလေ၊ ဒီလမ်းအတိုင်း မောင်းလာတာ၊ လှိုင်းတွေက အဆင်ပြေတယ်။ သည်းခံနိုင်လောက်တဲ့ အတိုင်းအတာမှာ ရှိတယ်"
သူက စည်အမျိုးမျိုးကို အားကွမ်၏ လှေပေါ် မ,တင်လိုက်ပြီး ;
"ငါလည်း အဆင်ပြေတယ်လို့ ထင်တယ်၊ ငါတို့ နည်းနည်းဝေးဝေး မောင်းပြီး သွားကြည့်ကြမယ်။ အခြေအနေ မဟန်ဘူးဆိုရင်တော့ မြန်မြန် ပြန်ပြေးကြတာပေါ့"
"ဒီနေ့ ကွန်သိမ်းတာ အခြေနေဘယ်လိုလဲ။ ကွန် ဘယ်နှတန်း ချခဲ့လဲ"
"၃၆ ခု ရှိတာ ဆိုးတော့ မဆိုးပါဘူး ငါးတွေ လှိုင်းနဲ့ပါလာတယ်နေမယ်။ ခုဏလေးတုန်းကတောင် ကဏန်းပြာတွေ တွေ့လိုက်သေးတယ်။ ရေကူးကဏန်းက ဆယ်ကျင်းလောက်တော့ ရှိမယ်။ ပုစွန်ဆိတ်ဖြူက နည်းတော့ နည်းတယ်။ ငါးကျင်း ခြောက်ကျင်းလောက် ရှိမယ် ထင်တယ်။ ပုစွန်တွေရော အစုံပါပဲ၊ ငါးတွေလည်း အများကြီးပါတယ်။ မင်း ရွက်လွှင့်တဲ့ အချိန်ကျမှပဲ ခွဲတော့မလို့"
"အင်း၊ ငါတို့ ဒီတစ်ခေါက် ထွက်လာတာ သေချာပေါက် အချီကြီးရမှာ"
"ဘာလဲ၊ ဖေးရှန်ရဲ့အကြား အာရုံလား"
"ဒါပေါ့၊ အခက်အခဲဆိုတာ အမြဲတမ်း အခွင့်အလမ်းနဲ့ ဒွန်တွဲနေတာ"
"မင်း ပြောတာ အဓိပ္ပါယ်ရှိတယ်"
နှစ်ယောက်သားက စကားပြောရင်းဖြင့် အကာကွယ်ဆိပ်ခံမှ ထွက်လာကြလေသည်။