Chapter 123

1.5K 163 3
                                    

အပိုင်း (၁၂၃)
 
တည်သီးပင်များက သိပ်ပြီးမမြင့်လှချေ။ ပိုနေသည့် မြေကွက်‌စောင်းလေးပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး အပင်နှစ်ပင်က ကြီးကြီးမားမားမဟုတ်ကာ စိုက်သည့်နှစ်ကလည်း သိပ်ပြီးရှည်အုံးမည်မထင်ပေ။
 
သို့‌သော်လည်း အသီးများကတော့ အတော်လေးသီးပြီး အားလုံးက လက်သီးအရွယ်အလုံးများဖြစ်ကာ သစ်ကိုင်းများဖြင့် ကွယ်နေ၏။
 
 
“အသီးတွေက အများကြီးပဲ ဒီအိတ်သေးသေးလေးနဲ့ ဘယ်လိုလုပ်ဆံ့ပါ့မလဲ?!”
 
“ဆံ့တယ် အသီးတွေက အပင်ပေါ်မှာ ရက်နည်းနည်းထားလို့ရသေးတယ်၊ တစ်ခါတည်း အများကြီး ခူးလိုက်ရင် အမှည့်လွန်သွားပြီး စားမကုန်တဲ့အခါကျ မကောင်းဘဲ နေလိမ့်မယ်၊ ဒီကအသီးတွေက တန်ဖိုးရှိတာမဟုတ်ဘူး တည်သီးတွေကမှည့်သွားရင် ကွဲလွဲတယ်ဆိုတော့ ရောင်းရဖို့မလွယ်ဘူး”
 
“ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ အများစုကို ခူးပြီး တည်သီးကိတ်လုပ်ဖို့ သုံးလိုက်တယ်၊ အဲ့ဒါကျတော့ ရောင်းရင် ပိုက်ဆံနည်းနည်းပါးပါးရတာပေါ့ မဟုတ်လည်း တည်သီးကြွပ်ကြွပ်လေးလုပ်ဖို့ သနပ်ချဉ်သိပ်တယ်၊ အိမ်က လူကြီးတွေရောကလေးတွေရော တည်သီးသနပ်စားရတာ ကြိုက်တယ်လေ”
 
“ပြီးခဲ့တဲ့နှစ်ရက်တုန်းက မင်းတို့ဆီကို တိုင်ဖွန်းဝင်သွားတာ အထိခိုက်များသွားတယ်မလား ဒီနေ့ အဖေ နည်းနည်းခူးသွားပေးပြီး အရသာစိမ်ထားပေးမယ်၊ သန်ဘက်ခါ မင်းတို့ပြန်တဲ့အခါကျ ယူသွားလို့ရအောင်၊ အဲ့ဒီခါကျရင် အဖေ စောစောထပြီး မင်းတို့အတွက် အစိမ်းတွေရော ခူးထည့်ပေးလိုက်မယ်၊ ဟိုရောက်တော့ တည်သီးပျော့ကိတ်မဟုတ်လည်း တည်သီးခြောက်ကိတ် လုပ်စားလို့ရတာပေါ့”
 
သူ့ရဲ့ယောက္ခထီးက အရမ်းတွေးပေးတတ်တာပဲ!
 
တည်သီးကိတ်များက ပင်လယ်ထဲ ထွက်သည့်အခါ အဆာပြေအဖြစ်ယူသွားလို့ရသဖြင့် ကောင်းမွန်လှ၏။ ရီရောင့်သုန်းလည်း တည်သီးသနပ်ကို ကြိုက်သည်။ သူတို့ရွာရှိမည်သူကမှ တည်သီးသနပ်မည်သို့လုပ်ရလည်း မသိကြချေ။ သူတို့က ခူးရုံခူးပြီး တည်သီးပျော့အဖြစ် အမှည့်ခံလိုက်သည်။ သူ၏ယောက္ခထီးမိသားစုကသာ သေနပ်သိပ်ပြီး ပြီးခဲ့သည့်နှစ်များက မကြာခဏဆိုသလို သူတို့အား ပို့ပေးလာတတ်၏။
 
“ကျွန်တော်တို့ အများကြီးတော့ မလိုဘူး ကျင်းနည်းနည်းပါးပါးလောက် ပြန်ယူသွားလို့ရရင် ရပါပြီ”
 
“များများခူးလည်း အဆင်ပြေတယ်၊ ငါတို့ကိုယ်ရေးကိုယ်တာအတွက်က ငွေသိပ်မလိုဘူးလေ ပြီးတော့ ဒါတွေအကုန်လုံးလည်း စားကုန်တာမဟုတ်ဘူး၊ ပေးချင်တဲ့လူက များများစားစားရှိတာမဟုတ်ဘူး တစ်ရွာလုံး စိုက်ကြတာဆိုတော့”
 
“ဟားဟား ဒါဆိုလည်း အရင်ခူးကြတာပေါ့၊ ဟိုမှာ မျောက်လောင်းလေးသုံးကောင် အပင်ပေါ် ခုန်တက်နေကြပြီ”
 
ရီရောင့်သုန်း အမြန်ပြေးသွားပြီး အပင်ပေါ်တွယ်တက်နေသည့် သူ့သားအကြီးကောင်အား လှမ်းဆွဲဖက်ကာ 
“ပြုတ်ကျသွားမယ်လေကွာ မင်းတို့လေးတွေက အပင်အောက်မှာပဲစောင့်နေ ခဏနေကျ မင်းတို့ကောက်လို့ရအောင် ငါ ပစ်ချပေးမယ်”
 
သူက ပြောပြီးသည်နှင့် အလျင်အမြန်ပင် အပင်ပေါ် တက်သွားလိုက်၏။ သူ သစ်ပင်မတတ်ဖြစ်တာ ဆယ်စုနှစ်လောက်ရှိပြီဖြစ်သော်လည်း သူ့ဉာဏ်ရည်များကတော့ မှတ်မိနေဆဲပင်။
 
သူက ပင်စည်ပေါ် မြဲမြဲရပ်ပြီး အကိုင်းတစ်ကိုင်းချိုးကာ တည်သီးကို ခူးလိုက်ပြီး သူ့သားခြေရင်းသို့ ဂရုတစိုက် ပစ်ပေးလိုက်သည်။
 
“ဟမ်? ပါး! ကွဲသွားပြီ!”
 
“ကွဲတယ်?”
 
သူက အလွန်ဂရုစိုက်နေသည့်ကြားမှ ၎င်းက ကွဲဖြစ်အောင်ကွဲသွားသေး၏။
 
“ဒါဆိုလည်း ငါ အောက်နည်းနည်းဆင်းပြီး မြက်ခင်းပေါ် ပစ်ချပေးမယ်”
 
သူက နောက်သုံးလုံးကို ထပ်ခူးကာ လက်ဖဝါးထဲထည့်ပြီးနောက်မှ အလယ်ဗဟိုချက်ကျကျ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြက်ခင်းပေါ် ဖြည်းဖြည်းချင်းပစ်ချပေးလိုက်သည်။
 
“ခုမကွဲတော့ဘူး!”
 
“အေး”
အဖေလင်းက သစ်ပင်အောက်တွင်ရပ်ကာ ခူးပေးပြီး ကလေးများထံ ကမ်းပေးကာ အိတ်ထဲထည့်ခိုင်းလိုက်သည်။ ဦလေးနှစ်ယောက်ကတော့ နောက်အပင်တစ်ပင်ဆီ သွားပြေးခူးကြ၏။
ကလေးသုံးယောက်က အလုပ်ကြိုးစားကြတဲ့ ပျားလေးများလို ဟိုပြေးကောက် သည်ပြေးယူဖြင့် ပျော်ရွှင်နေကြပြီး မျက်နှာတွေပင် နီမြန်းနေကြ၏။
 
သို့သော် တစ်ခဏကြာပြီးနောက်၌ မြေပြင်တွင် တည်သီးများပြည့်သွားပြီး ကောက်ယူမည့်သူ မရှိတော့ချေ။ အဖေလင်းကလည်း ခူးပြီးနောက် မြေပြင်ပေါ် ခေတ္တပစ်ချထား၏။
 
ရီရောင့်သုန်း သစ်ပင်ပေါ်မတ်တတ်ရပ်ရင်း ဘေးတစ်ဝိုက်ကို ကြည့်ကြည့်ကာ ရီချန်ဟူတစ်ယောက် ဘေးနားရှိ ဂရိတ်ဖရုပင်ဆီ ပြေးသွားပြီး အသီးသီးနေသည့်အကိုင်းအား သွားလှုပ်နေသည်ကို တွေ့လိုက်ရသည်။
ဒီမျောက်စုတ်လေးတော့!
 
“ရီချန်ဟူ! မင်း ဒီကို ချက်ချင်းလာပြီး အလုပ်လာလုပ်စမ်း ဘာသွားလုပ်နေလဲ အဲ့ဒီမှာ?”
 
“အို့ လာပါပြီဗျ”
 
သူက ပြန်ပြီးခုန်ပေါက်ပြေးလာကာ မတော်တဆဖြင့် ညစ်ပတ်နေသည့်မြေစောင်းပေါ် ချော်လဲကျတော့သည်။ လူတစ်ကိုယ်လုံးက ရွံ့ထဲပြုတ်ကျပြီး ပါးစပ်ထဲပင် ရွံ့တစ်ဆုပ်စာ ဝင်သွားတော့သည်။
 
“အော့ အော့ အော့....”
 
 
“မင်းတို့ကသာ အရူးတွေ! ငါက ဒီတိုင်းပဲ နမော်နမဲ့နိုင်သွားလို့ အော့ ဖွီး”
 
“မင်းပဲ အရူး!”
 
ကလေးသုံးယောက်က ထိုနေရာတွင် ကလေးဆန်စွာ စကားများနေကြ၏။ သူတို့ပြေးမဆော့နေသ၍ ရီရောင့်သုန်း သူတို့ကို လိုက်ပြီးဂရုမစိုက်နိုင်ပါချေ။
သူက ကုန်းပြီး သူလှမ်းနိုင်သည့်အကိုင်းကို လှမ်းဆွတ်လိုက်၏။ သူ မမှီသည့်နေရာမြင့်များအတွက်တော့ ယောက်ဖဖြစ်သူ ယူလာသည့် ချိတ်ရှည်ကိုသာ အားကိုးရပေတော့မည်။
 
အောက်သို့ခုန်ဆင်းကာ မြေပေါ်မှ တည်သီးများအားလုံးကို အိတ်ထဲကောက်ထည့်လိုက်ရာ တစ်ဝက်နီးနီးပင် ပြည့်သွား၏။
 
“အဲ့ဒီဘက်မှာ ဘယ်လောက်တောင်ရသွားပြီလဲ? ဒီမှာတော့ တစ်ဝက်ပြည့်သွားပြီ၊ အပြည့်ကြီးမခူးနဲ့အုံးနော်”
 
ယောက်ဖနှစ်ယောက်ကလည်း ရောင့်သုန်းအသံကိုကြားသည်နှင့် လုပ်လက်စရပ်လိုက်ကြပြီး ခူးထားသည့်တည်သီးများအားလုံးကို ကောက်ထည့်ပြီးနောက်တွင် ခုနစ်ပုံရှစ်ပုံခန့်ပြည့်သွားပြီဖြစ်၍ ဆက်မခူးတော့ချေ။
 
အပြည့်လွန်သွားလျှင် ကြိုးချည်ဖို့ အခက်တွေ့မည်စိုးသောကြောင့်ပင်။
 
သူတို့ ပြန်သွားတော့မည့်အကြောင်းကိုသိလျှင် ရီချန်ဟူမှာ တုံ့ဆိုင်းစွာဖြင့် 
 
“သားတို့ထွက်လာတာ ခဏလေးပဲရှိသေးတာကို ပြန်တော့မလို့လား? နည်းနည်းလောက်‌ဆော့ချင်သေးလို့လေ မရဘူးလား? သားတို့ ဘယ်တော့ပြန်လာအုံးမှာလဲ? ဟိုဘက်ကလေ ဂရိတ်ဖရုအသီးကြီးကို ခူးသွားလို့ရလား? သား ဂရိတ်ဖရုစားချင်လို့!”
 
“မင်း သန်ဘက်ခါ စောစောသာထနိုင်ရင် မင်းကို ခူးလို့ရအောင် ထပ်ခေါ်လာခဲ့ပေးမယ်၊ ဂရိတ်ဖရုတွေက မမှည့်သေးဘူး နောက်လလောက်မှရမှာ”
“အို့ ရေး! သားထနိုင်တယ်ဆိုတာ ကျိန်းသေတယ်! ဒါဆို ကျွန်တော်တို့ သန်ဘက်ခါကျ ပြန်လာအုံးမယ်နော်”
 
ရီချန်ဟူတစ်ယောက် ပြုတ်ကျမှာကိုတောင် မကြောက်ဘဲ ပျော်ရွှင်စွာဖြင့် လျှောစောင်းပေါ် ခုန်ပြေးဆင်းလေ၏။
 
တခြားကောင်လေးနှစ်ယောက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းကာ သူ့အတိုင်း လုပ်လိုက်ကြ၏။ လူကြီးများမှာ တားဖို့ပင် အချိန်မမီလိုက်ချေ။
 
“ဖိုးဖိုးကြီး ဖေဖေ သားတို့ သန်ဘက်ခါကျ ထပ်လာခူးအုံးမယ်နော်”
 
“မင်း ထနိုင်မှပဲ ဒီအကြောင်းကို ဆက်ပြောကြမယ်”
 
အဖေလင်းက အိတ်ကို ကြိုးဖြင့်ချည်ပြီး သူကိုယ်တိုင်ထမ်းရန် ပြင်နေသော်လည်း ရီရောင့်သုန်းက ဝင်တားလိုက်၏။ သူက အိတ်ကိုမ,ကြည့်လိုက်သည်။ အစက သူ ကူထမ်းပေးလို့ပင်။
 
 
“ဒီအိတ်က နည်းနည်းလေးတယ်ဆိုတော့ ငါလုပ်လိုက်မယ်”
 
ရီရောင့်သုန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ အနောက်ကနေလိုက်ပြီး ရီချန်ဟူ လမ်းလျှောက်ရင်းဖြင့် ပျောက်သွားမည်စိုး၍ သူ့ကိုသာ ဂရုစိုက်ကြည့်ရတော့သည်။
သို့သော် တောင်ခြေရင်းတွင်စိုက်ထားသည့် စိုက်ခင်းထဲ ရီချန်ဟူပြေးဝင်သွားပြီး ပဲပုစွန်သီးလက်တစ်ဆုပ်စာ ဆွဲခူးလိုက်သည်ကို မည်သူမှ သတိမထားမိလိုက်ချေ။
ကလေးတွေကတော့လေ!
 
အကယ်၍ ဒီရွာကသာ သူ့ရွာဆိုလျှင် ရီရောင့်သုန်း သူ့သားအား ကာပေးလို့ရသော်လည်း ဤနေရာကာ သူ့ယောက္ခထီးမိသားစု၏နေရာ၊ သူ့ကို အရှက်ခွဲလို့မဖြစ်ချေ။
 
ရီရောင့်သုန်းတစ်ယောက် ခေါင်းကိုက်လာရပြီး အမြန်သွားတားကာ
 
“သူများ ပဲပုစွန်သီးတွေကို သွားမယူစမ်းနဲ့ မိသွားလို့ကတော့ အရိုက်ခံထိမယ်!”
 
“ဒါ ဖိုးဖိုးကြီးတို့ဟာ မဟုတ်ဘူးလား?’
 
“အဲ့ဒါ ဖိုးဖိုးကြီး စိုက်ထားတာ ငါ့မြေးစိတ်ကြိုက်သာခူး ခူးပြီးသွားရင် အိမ်ရောက်တဲ့အခါကျ ပိန်းဥထမင်းချက်ကျွေးအုံးမယ်၊ အိမ်နောက်ဖေးမှာ ပိန်းဥတွေလည်း စိုက်ထားသေးတာမလို့ ပြန်ရောက်ရင် တူးပေးမယ်”
 
အဖေလင်းက အပြုံးဖြင့် ပြန်ဖြေ၏။ သူ့သားမက် အလည်လာဖြစ်သည်မှာရှားလှသဖြင့် ရောက်တုန်းရောက်ခိုက် ကောင်းကောင်းဧည့်ဝတ်ကျေရပေမည်။
“‌ဝိုး သား ပိန်းဥထမင်းစားချင်နေတာ သားက ပိန်းဥထမင်းကို အကြိုက်ဆုံး”
 
ပိန်းဥထမင်းကို အရပ်စကားအနေဖြင့် ရှန်ဖန်းလို့လည်း ခေါ်ဆိုကြသည်။
 
စက်တင်ဘာ ၉ ရက်နေ့တွင် ကိုးနှစ်ထပ်ကွမ်းပွဲတော်အတွက် သူတို့၏ဓလေ့မှာ ပျော်ပွဲစားအတွက် ပိန်းဥထမင်းချက်စားခြင်းဖြစ်သည်။ ယခုတွင် ပွဲတော်ရောက်ဖို့ သိပ်မလိုတော့ချေ။ သူတို့ ပြန်ရောက်သည့်အချိန်တွင် ဝက်ဗိုက်သားလှီးကာ ပိန်းဥထမင်းချက်စားကြမည်။
 
ကန်စွန်းဥနုပ်နုပ်စဉ်းဖြင့် ဆန်ပြုတ်က နေ့တိုင်းစားနေရသည့် အစားအစာဖြစ်ပြီး ပိန်းဥထမင်းဆိုသည်မှာ တစ်နှစ်မှာတစ်ကြိမ် စက်တင်ဘာကိုးရက် ကိုးနှစ်ထပ်ကွမ်းပွဲတော်တွင်သာ စားရသဖြင့် ယခုတော့ အနှီပွဲတော်အား ကြိုတင်ဆင်နွှဲလိုက်မည်ပင်။
 
အခြားသောကလေးနှစ်ယောက်ကလည်း ပိန်းဥထမင်းစားရမည်ဟူသော အသံကြားချိန်တွင် နောက်ကောက်ကျကျန်ခဲ့မည်ကို စိုးသဖြင့် အမြန် ပြေးသွားကြသည်။
 
“ငါ့အိမ်ကဟာ မင်းနည်းနည်းပဲခူး ငါတို့က များများခူးမယ်”
 
“ဒါ ငါ့ဖိုးဖိုးစိုက်ထားတာ မင်းမဟုတ်ဘူး ဒီလောက်အများကြီးကို မင်းဟာမင်းခူး ငါ့ဟာငါခူးမယ်...”
 
“ဒါ ငါတို့မိသားစုက ပိုင်တာကွ!”
 
“ငါ့ဖိုးဖိုးပိုင်တာ!”
 
“မင်းက ငါတို့ မိသားစုကမှ မဟုတ်တာ....”
 
“ဟုတ်တယ်....မင်း နည်းနည်းပဲခူး ၊ ဒီပဲတွေကို ငါ့ဖိုးဖိုး ငါ့ဖေဖေနဲ့ ငါ့ရဲ့ဒုတိယဦးလေးတို့က စိုက်ထားတာ မင်းနဲ့ ဘာမှမဆိုင်ဘူး...”
 
သုံးယောက်သားက ပဲပုစွန်သီးများကိုလည်း ခူး၊ ပါးစပ်ကလည်း စကားများနေကြသေး၏။
 
ရီချန်ဟူမှာ သူ့ဝမ်းကွဲနှစ်ယောက်၏ အကျပ်ကိုင်ခြင်းကိုခံရ၍ အလွန်ဒေါသထွက်ကာ ဆက်ပြီးမခူးတော့ချေ။ ဘေးစိုက်ခင်းရှိ တရုတ်ဂေါ်ဖီထုပ်များကို မြင်သည်နှင့် ပဲပုစွန်သီးများကို မြေပေါ်ပစ်ချကာ ဂေါ်ဖီထုတ်ကို ပြေးဆွဲနှုတ်လေ၏။
 
တရုတ်ဂေါ်ဖီထုပ်များက နှုတ်ရအလွန်လွယ်ကူသော်လည်း အားလုံးက အမြစ်ကို ဓားသုံးကာ ဖြတ်ကြခြင်းဖြစ်သည်။ ရီချန်ဟူက ဂေါ်ဖီထုပ်ကို ရင်ခွင်ထဲပိုက်ပြီး အားကုန်ထုတ်သုံးကာ ဆွဲနှုတ်နေပုံက ရယ်ချင်စရာပင်။ သို့သော် ဒါက မုန်လာဥနှုတ်ရသလိုမျိုးမှ မဟုတ်ချေ။
 
အခြားကောင်လေးနှစ်ယောက်ကလည်း မြင်ပြီး သူ့အတိုင်း လိုက်နှုတ်ကြသော်လည်း ကောင်လေးသုံးယောက်က အားအလွန်ထည့်သည်ဖြစ်ကာ မြေပြင်ပေါ် ပစ်လဲကျတော့သည်။
 
လူကြီးများကလည်း အပြေးရောက်လာကာ သူတို့ကို ဆွဲထူကြပြီး ခန္ဓာကိုယ်ပေါ်မှ ဖုန်များကို ခါပေးလိုက်ကြသည်။ သူတို့က ထပ်ဆော့ချင်နေသေးပြီး ထပ်ဆွဲနှုတ်တော့မည်ကို တွေ့သည့်အချိန်တွင် လူကြီးများမှာ အမြန်တားလိုက်ရ၏။ ဆော့တာက ‌ဆော့လို့ရပေမဲ့ ဖြုန်းတီးလို့တော့ မရပါချေ။ သည်ဟာများနှင့်တင် နှစ်ရက်စာ လုံလောက်နေပြီဖြစ်ပြီး ထမင်းအနပ်တိုင်းကို ဂေါ်ဖီထုပ်ချည်းပဲ ကျွေးနေလို့တော့ မဖြစ်ပေ။
 
ယခုတွင် သူတို့က နှုတ်ခမ်းဆူနေကြပြီး တရုတ်ဂေါ်ဖီထုပ်များကိုကိုင်ကာ နောက်ကြောင်းပြန်လှည့်ကြလေသည်။
 
“ဖိုးဖိုးကြီး ဖိုးဖိုးကြီးတို့အိမ်မှာ ဘာစိုက်ထားတာ ရှိသေးလဲ? သား ခူးပေးဖို့လိုသေးလား?”
 
သူက စကားပြောပြီးသည်နှင့် အဖေလင်းတောင် ပြန်မဖြေရသေးခင် ရီရောင့်သုန်းဘက်သို့လှည့်ကာ 
 
“ဖေဖေ့ ဖိုးဖိုးကြီးတို့အသီးတောင်ကြီးက အရမ်းပျော်ဖို့ကောင်းတာပဲ၊ ကျွန်တော်တို့ မနက်ဖြန် ထပ်လာကြအုံးမလား?”
 
ရီရောင့်သုန်း သူ့ခေါင်းအနောက်ကို ပုတ်ပေးပြီး လက်ထဲမှ တရုတ်ဂေါ်ဖီထုတ်ကို ယူပေးကာ 
 
“မင်း ခူးဖို့ဘာမှမရှိလောက်တော့ဘူး သန်ဘက်ခါကျတော့မှပဲ တည်သီးနည်းနည်းပါးပါးခူးပြီး အိမ်ပြန်ကြမယ်”
 
အဖေလင်းက မျက်လုံးအရေးအကြောင်းများ‌ ပေါ်သည်အထိ ပြုံးရင်း 
 
“မြေးက ခူးလို့မဝသေးလို့လား? ဖိုးဖိုးကြီးတို့ဆီမှာ တစ်လလောက်ထပ်နေမလား ဖိုးဖိုးကြီးက နေ့တိုင်းတောင်ပေါ်ခေါ်သွားပေးမယ်လေ? မနက်ဖြန် ဖရုံသီးသွားခူးတဲ့အခါကျ မြေးကိုပါ ခေါ်သွားပေးမယ် တစ်လက်စတည်း ဂန္ဓမာပန်းတွေလည်း ခူးလို့ရတယ်၊ ပြီးတော့ လမ်းမှာ ကန်စွန်းဥတွေနှုတ်ပြီး ဝက်စာကျွေးကြမယ်”
“အို့ခေ အို့ခေ ရေးးးးးးးး”
 
ရီချန်ဟူတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် သုံးလက်မအမြင့်အထိ ခုန်ပေါက်လေ၏။
 
“အိမ်ပြန်ရောက်တဲ့အခါကျ မင်း ရွံ့တွေနဲ့လိုက်ဆော့တယ်ဆိုပြီး မင်းအမေကို ငါ ပြန်ပြောပစ်အုံးမယ်”
 
“သားကလည်း အဖေ သားကို ‌ဆော့ဖို့ခေါ်သွားတယ်ဆိုပြီး ပြောမှာပေါ့၊ မေမေ ဖေဖေ့ကို ဆူပါလေ့စေ၊ သားက ကလေးပဲဟာ ဘာသိမှာမို့လို့လဲ?!”
 
အဖေလင်းနှင့် ယောက်ဖတို့မှာ ဝိုင်းရယ်ကြပြီး 
 
“အတော်လေး ဉာဏ်ကောင်းတာပဲ”
 
ရီရောင့်သုန်း မျက်လုံးလှန်လိုက်မိတော့သည်။ သူ့သားအကြီးကောင် ဉာဏ်ကောင်းတယ်ဆိုတာ သူတောင် မသိရပါလား? သင်းက သူများကို အပြစ်ဖို့ဖို့ဘဲသိတာ။
 
“မင်းအမေ မင်းကိုမရိုက်ခင် ငါမင်းကို အရင်ရိုက်မယ်ဆိုတာ ယုံလား? အိမ်ကို ကောင်းကောင်းပြန်ရင်ပြန် မဟုတ်လို့ကတော့ ဘောင်းဘီချွတ်ပြီး အရင် သမပစ်မယ်”
 
 
ရီချန်ဟူတစ်ယောက် လုံးဝမကြောက်သည့်အပြင် မျက်နှာပါ ပြောင်ပြကာ ထွက်ပြေးသွား၏။
 
အဖေလင်းမှာ ကလေးက ပြေးနေရင်းဖြင့် ပြုတ်ကျသွားမည်စိုး၍ သူ့အနောက်မှ အမြန်ပြေးလိုက်သွား၏။
 
လူအများ၏အင်အားဖြင့် တောင်ပေါ်တွင် အချိန်သိပ်မကြာလိုက်သော်လည်း သူတို့ထွက်သွားသည့်အချိန်က အတော်နောက်ကျနေပြီဖြစ်၍ အဖေလင်းအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် လေးနာရီပင် တီးသွားပြီဖြစ်ပြီး အမေလင်းကလည်း ညစာဖြင့် အလုပ်များနေ၏။
 
အိမ်တွင် ဧည့်သည်များရှိနေ၍လည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ရပေမည်။ ထို့အတွက်လည်း အမေလင်းက ကြက်တစ်ကောင်ကိုပင် သတ်ခဲ့သေး၏။
 
သူတို့ ပြန်ရောက်လာချိန်တွင် သူ(မ)က ကြက်အမွေးနှုတ်နေပြီး လင်းရှို့ချင်းနှင့် သူ(မ)၏ယောင်းမနှစ်ယောက်ကလည်း ဟင်းသီးဟင်းရွက်များ ဝိုင်းကူခူးပေးကာ ပိန်းဥများကို ဆေးကြောပေးနေ၏။
အစက သူ(မ)က ပိန်းဥကို တိုက်ရိုက်ချက်ပြုတ်ပြီး အခွံကိုနွှာ ငံပြာရည်လေးဖြင့် တို့စားနိုင်ရန် စီစဉ်ထားသော်လည်း သူတို့ ပဲပုစွန်သီးများ ခူးပြီးပြန်လာကြသည်ကို မြင်လျှင် အမေလင်းက ချက်ချင်းစိတ်ပြောင်းသွားပြီး ရွာရှိသားသတ်သမားပင်းထံတွင် ဝက်ဗိုက်သားဝယ်ရန် ထွက်သွားလိုက်သည်။
 
ပိန်းဥထမင်းက သူတို့၏အထူးဒေသအစားစာဖြစ်သည်။ ဝက်ဗိုက်သားကို အလွှာပါးပါးလေးလှီးပြီး ချင်းနုပ်နုပ်စဉ်းနှင့် ဆီနည်းနည်းလေးဖြင့် ထည့်ကြော်ကာ ပိန်းဥကို ထည့်ပြီး လှီးထားသည့်ပဲပုစွန်အပိုင်းသေးသေးလေးများနှင့် ပုစွန်‌လေးထပ်ထည့်ကာ ဒယ်အိုးပြားထဲ ထည့်ကြော်လိုက်သည်။ အရသာကို မြည်းကြည့်ပြီး ဆေးထားသည့်ဆန်ကို ထည့်‌မွှေကြော်ကာ ဟင်းအမယ်များမြုပ်သည်အထိ ရေထပ်ထည့်ပြီး ကျက်သည်အထိ စောင့်ဆိုင်းရသည်။
 
 
အခြေနေပေါ်မူတည်၍ ကနုကမာ၊ ပင်လယ်ကမာ စသဖြင့် ထည့်ချက်လို့ရသေး၏။
 
ရီရောင့်သုန်းတစ်ယောက် ထွေထွေထူးထူးလုပ်စရာမရှိသည့်အခါ တံခါးဝတွင်ထိုင်ပြီး အိမ်နီးနားချင်းများ၊ သူ့ယောက္ခထီးမိသားစုများနှင့် ထွေရာလေးပါး စကားပြောကြသည်။ သူက ပြီးခဲ့သည့်ဆောင်းဦးရိတ်သိမ်းမှုက အခြေအနေဘယ်လိုရှိကြောင်းနှင့် ဒီနှစ်အတွင်း အပင်ဘယ်လောက်များများ စိုက်ပြီးသွားခဲ့ကြောင်း မေးမြန်းကြည့်၏။
 
စကားကောင်းနေရင်းဖြင့် အိမ်ထဲဆီမှ ပိန်းဥထမင်းနံ့လေးက ပျံ့လွင့်လို့လာ၏။
 

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now