Chapter 129

1.4K 139 0
                                    

အပိုင်း (၁၂၉)
 
ရီရောင့်သုန်း ရွာသားများကို လမ်းဖယ်ပေးရန် တောင်းဆိုလိုက်ပြီး လူအုပ်ကြီးထဲမှ စိတ်လှုပ်ရှားစွာကြည့်နေသည့် လင်းမိသားစုကို တွေ့လိုက်ရသည်။ သူ အပြုံးဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး သူ့မိန်းမအား 
“အိမ်ပြန်ပြီး ရေနွေး အရင်ကျိုပေးပါအုံး ပြီးတော့ သူတို့အတွက် လက်ဖက်ရည်လေး လုပ်ပေးထားအုံး ဒါနဲ့ အဖေနဲ့ အကိုကြီးတို့ ပြန်ရောက်လာပြီလား?
“ပြန်မလာသေးဘူး”
 
ရီရောင့်သုန်း မျက်မှောင်ကြုတ်လိုက်သည်။ အခုဘယ်အချိန်တောင် ရှိနေပြီလဲ? သူတို့က ခုထိ ပြန်မရောက်ကြသေးဘူး၊ နေ့လယ်ထိတိုင်အောင် မရောင်းရတော့မှဖြင့် စောစောပြန်သင့်လာတယ်မလား?
ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ? သူတို့ကို အိမ်လည်ဖိတ်ဖို့က မလွယ်ကူလှ။ မရောင်းရတဲ့စစ်ငါးတွေအကုန်လုံးကို သူတို့ဆီကို ရောင်းမလို့ဟာကို။
 
“မင်းရဲ့တူအကြီးကောင်လေး စက်ဘီးစီးတတ်တယ်မလား? သူ့ကို စက်ဘီးငှားပြီး မြို့ပေါ်သွားခိုင်းလိုက် သူ့အဖိုးနဲ့ သူ့အဖေကို အိမ်မှာ ဧည့်သည်တွေရောက်နေတယ်လို့ပြောပြီး အိမ်ပြန်ခေါ်လာခဲ့လိုက်”
 
လင်းရှို့ချင်းက နာနာခံခံဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သူ့အမေ၊ ယောင်းမနှစ်ယောက်နှင့် အကြီးဆုံးတူလေးအား ခေါ်ကာ အိမ်အရင်ပြန်လိုက်သည်။ ကံကောင်းစွာဖြင့် အကြီးဆုံးတူလေးက မူလတန်းအောင်ပြီးသည်နှင့် ကျောင်းဆက်မတတ်တော့ဘဲ အိမ်တွင်ဝိုင်းကူနေခြင်းဖြစ်ကာ သွားဖို့အဆင်ပြေသွား၏။
 
ရွာသားများက ရီရောင့်သုန်း အရာရှိများအား လင်းမိသားစုအိမ်သို့ ဦးဆောင်ခေါ်သွားသည်ကို မြင်လျှင် သူတို့ကလည်း သူ့အနောက်မှနေ၍ လင်းမိသားစုအိမ် တောက်လျှောက် လိုက်လာခဲ့ကြသည်။
 
အမေလင်းနှင့် ယောင်းမနှစ်ယောက်က ခြံအား တံမြက်စည်းလှဲ သန့်ရှင်းရေးလုပ်ထားပြီးပြီဖြစ်ကာ လယ်သုံးပစ္စည်းများကို သပ်သပ်ရပ်ရပ် စီစဉ်ထားပြီး စားပွဲနှင့်ခုံများအား ဂရုတစိုက် သုတ်ထား၏။
 
လင်းရှို့ချင်းက အလွန်မျက်ရိပ်မျက်ခြည်ကြည့်တတ်သူဖြစ်ရာ ဖျော်စပ်ထားသည့် လက်ဖက်ရည်ကို အမြန်လှမ်းယူလိုက်ပြီး ဝန်ထမ်းအယောက်စီတိုင်းကို ငှဲ့ထည့်ပေးလိုက်သည်။
“ဟမ်? မင်းတို့လက်ဖက်ရည်က မွှေးလှချည်းလား?
 
အမေရီက ပြုံးရင်းဖြင့် 
“ကျွန်မတို့ကိုယ်တိုင်စိုက်ထားတဲ့ လက်ဖက်ခင်းဆီကပါ၊ ပြီးတော့ ဧည့်သည်တွေကို ဧည့်ခံဖို့အတွက် လက်ဖက်ရွက်အနည်းငယ်ကို အထူးသီးသန့် အခြောက်ခံလှမ်းပြီး ဖယ်ထားတာ”
သူတို့အားလုံးက လက်ဖက်ရည်ကြမ်းကိုသာ သောက်ကြသည်မို့ ယခုလိုပထမဆုံးသော လက်ဖက်ရည်အား မည်သို့သောက်ဝံ့ကြပါ့မလဲ။
“အဲ့ဒါ*ပိုင်ဟောင်ရင်ကျန်းလား?”
(T/N : တရုတ်ပြည် ဖူကျန်ဒေသမှာထွက်တဲ့ လက်ဖက်ဖြူ ဆံဖြူငွေအပ်လို့လည်း ခေါ်ပါတယ် source from GG)
 
“ဟုတ်ပါတယ် ဒါရိုက်တာချန်က တကယ်ပစ္စည်းကောင်းတွေကို သိတာပဲ”
 
 
“ငါက ပစ္စည်းကောင်းကို သိတယ်လို့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမှာ လက်ဖက်တော်တော်များများ စိုက်ကြတယ်လို့ ကြားဖူးတာ ငါ့အိမ်မှာတောင် လက်ဖက်ဖြူတစ်ဘူးရှိတယ်”
ရီရောင့်သုန်းက ပြုံးကာ အလျင်အမြန် ပြန်ဖြေလာ၏။
“လက်ဖက်ရည်သောက်တတ်တာ ကောင်းတယ်၊ ကျွန်တော်တို့လို ဖူကျန်ဒေသကလူတွေက လက်ဖက်ရည်သောက်ရတာကို ကြိုက်ကြတာပဲ၊ ဒါပေမဲ့ ဒါက ပထမနှစ်ဝက်ကတည်းက သိမ်းထားတဲ့ဟာတွေဆိုတော့ အစကလောက်တော့ ဘယ်လတ်ဆတ်ပြီးမွှေးပါတော့မလဲ၊ ဒါရိုက်တာချန် သောက်ရတာ ကြိုက်တယ်ဆိုတော့ နောက်နှစ်နွေဦးထိ စောင့်မှရမယ် အဲ့ခါကျမှ ခင်ဗျားဆီပို့ပေးဖို့ ချန်ထားပေးလို့ရတာပေါ့”
“အား မလိုပါဘူး မလိုပါဘူးကွာ မင်းတို့လို သာမန်ပြည်သူတွေက ပိုက်ဆံရှာရတာ ဘယ်လွယ်ပါ့မလဲ မင်းတို့ဘာသာပဲ သိမ်းပြီး ရောင်းကြပါကွာ....”
 
အချိန်ဆွဲရန်အလို့ငှာအတွက် ရီရောင့်သုန်းတစ်ယောက် သူနှင့် စကားများများပြောရန် အတတ်နိုင်ဆုံးကြိုးစားနေပြီး သူက ဘယ်ဇာတိဖြစ်ကြောင်း တံငါသည်တစ်ဦးဖြစ်သည့်အကြောင်း စသဖြင့်နှင့် ကင်းမွန်၊ ငါးနီကွက်၊ ၅၅ကျင်းရှိသည့် ကော့ဒငါးနှင့် ကျင်း ၁၉၀ ရှိသည့် တလုံးသွယ်ကြီးကို ဖမ်းမိခဲ့သည့်အကြောင်း.....
 
ပုံပြင်ပြောပြနေသည့်အတိုင်း အရာအားလုံးကို ဆွဲထုတ်ပြောပြနေပြီး ဒါရိုက်တာချန်က နားထောင်ရင်းဖြင့် စိတ်လှုပ်ရှားလွန်းနေသည်မှာ သူနှင့်အတူ ပင်လယ်ထဲထွက်ချင်လာသည်အထိပင်။
 
“ငါတို့လည်း စစ်ဆေးရေးတွေအတွက် ပင်လယ်ထဲ ခဏခဏထွက်လေ့ရှိတယ်၊ အချိန်ရရင်ကွာ ငါ မင်းနဲ့ ကွန်ဆွဲထွက်ကြည့်ချင်တယ် ပြီးတော့ ငါးလေးလည်း မျှားရင်းနဲ့ပေါ့”
 
“ဟားဟား...ကျွန်တော်တို့လှေလေးက ကမ်းလွန်ဘက်လောက်ပဲ ရောက်တာဗျ၊ ခင်ဗျား စိတ်မရှိဘူးဆိုရင်တော့ ငါးသေးလေး မျှားရုံလောက်ပဲဆိုရင်တော့ သွားလို့ရတယ်”
 
“ကိစ္စမရှိဘူး ကိစ္စမရှိဘူး အတွေ့အကြုံပေါ့ကွာ၊ ပြီးရင် ဈေးဝယ်ထွက်မယ်....”
“အဖိုးပြန်လာပြီ”
 
နှစ်ယောက်သား ပျော်ရွှင်စွာ စကားပြောနေစဉ် အဖေလင်းက သုတ်ခြေတင် ပြန်ရောက်လာခဲ့သည်။
သူ၏ပါးရည်တွန့်မျက်နှာက အပြုံးတစ်ပွင့်နှင့်အတူ အင်္ကျီအနားစဖြင့် လက်အား တိတ်တိတ်လေး ခိုးသုတ်လိုက်သည်။ သူက စက်ဘီးဖြင့် အဆောတလျင် ပြန်ရောက်လာခြင်းဖြစ်ပြီး ဖုန်အဖွေးသားနှင့် ဒါရိုက်တာချန်နှင့် လက်ဆွဲနှုတ်ဆက်ချိန်တွင် အနည်းငယ်လေးရှက်နေမိသည်။
 
“ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ ဒီမနက်ပဲ မြို့ပေါ်ကို ငါးရောင်းဖို့တက်သွားတော့ အိမ်မှာရှိမနေဘူးဖြစ်သွားတာ၊ ပေါ့ဆမိပါပြီဗျာ”
 
“ရတယ် ငါလည်း လက်ဖက်ရည်လေးသောက်ပြီး နားရင်းနဲ့ပေါ့၊ ပြီးတော့ မင်းသားမက်ပြောတဲ့ စစ်ငါးတွေအများကြီးဆိုတာလေ အဲ့ဒါလာကြည့်တာ..အို့ ဟုတ်သား ဘယ်မှာတုန်း စစ်ငါးတွေက? ဒီမှာ စကားကောင်းနေတာနဲ့ မေ့တောင်မေ့သွားတယ်”
 
ဒါရိုက်တာချန်က သူ့နဖူးသူရိုက်ရင်းဖြင့် 
 
“အသက်ရလာတော့လည်း လူက အသုံးမဝင်တော့ဘူး”
“ဒါရိုက်တာချန်က နောက်နေပါပြီ”
 
ရီရောင့်သုန်းက ပြောပြီးသည်နှင့် သူ့ယောက္ခထီးဘက်သို့ လှည့်ကာ 
 
“ကျွန်တော် ဒီမနက် သုံးကောင် ရောင်းရလာခဲ့တယ်၊ တစ်စည်ကတော့ ကောင်းသေးတယ်၊ အကိုကြီးကရော? အဖေတို့ ဘယ်လောက်ရောင်းရခဲ့လဲ?’
“၂၂ ကောင်လား ၁၆ ကောင်လားမသိဘူး စားသောက်ဆိုင်မှာ သွားရောင်းလိုက်တယ်၊ ငါ ဆက်ရောင်းအုံးမလို့ပဲ အားယွမ်က (တူအကြီးဆုံး လင်းကွမ်ယွမ်) ငါတို့ကို လာရှာတာနဲ့ ငါလည်း စက်ဘီးစီးပြီး အမြန်ပြန်လာခဲ့လိုက်တာ”
 
ရီရောင့်သုန်း ပြုံးပြီး ဒါရိုက်တာချန်အား 
 
လင်းရှို့ချင်းက အကြောင်းသိစွာဖြင့် ရီရောင့်သုန်း သူ(မ)အားပေးထားခဲ့သည့်ပုံးကို ကမ်းပေးလိုက်သည်။
ဒါရိုက်တာချန်က တစ်ကောင်ကို ကောက်ကိုင်ကြည့်ကာ ချီးမွမ်းစကား ဆိုလာတော့သည်။
“မင်းရဲ့ငါးလေးကိုင်းနည်းက အတော်လေး ကောင်းသားပဲ၊ အကုန်လုံး ရှင်နေသေးတယ်”
 
“တစ်ချိန်လုံး ချည်နေရတာဆိုတော့ ဒီလောက်ကတော့ မပြောပလောက်ပါဘူး”
 
“မင်းတို့ တစ်ကျင်း ဘယ်လောက်နဲ့ရောင်းမယ် စိတ်ကူးလဲ?”
“နှစ်ဆင့်?”
မည်သို့ဆိုစေ သူတို့ ရောင်းနိုင်သရွေ့တော့ ကြေးခွံက အသားထက် ပိုဈေးကြီးနေပါ‌စေ ကြေးခွံတွေကိုပဲ ခြစ်ထုတ်ပြီး တစ်ကျင်းနှစ်ကျင်းနှင့် သွားရောင်းလို့မရပေ။ ထိုသို့ဆိုလျှင် အသားကိုကျ သူတို့ မည်သူ့အား သွားရောင်းရမည်နည်း။
 
 
“ရတယ်လေ ကျန်တဲ့ငါးတွေအကုန်လုံး ရောက်လာရင် အလေးချိန်,ချိန်ကြတာပေါ့၊ ချိန်ပြီးသွားရင် ငါ့ရုံးဆီပို့လိုက် ပိုက်ဆံရှင်းပေးမယ်”
 
မည်သို့ဆိုစေ ငါးအားလုံးက အသက်ရှင်နေဆဲဖြစ်ရာ ၎င်းတို့အား သူ့တို့၏ကန်တင်းထဲတွင် ထည့်ထားပြီး စားရင်းဖြင့် မွေးလို့ရလေသည်။ ထို့အပြင် အခြားသောဌာနများဆီလည်း ပို့ပေးနိုင်သေး၏။
အားလုံးက မျက်နှာထက်တွင် အပြုံးများဖြင့် ချက်ချင်း ခေါင်းညိတ်လာကြသည်။ အဖေလင်းပင် ပျော်ရွှင်နေပြီး အစက ရက်အနည်းငယ်အကြာ ရောင်းရအုံးမည်ဟု ထင်ထားခဲ့သည့် ငါးများအားလုံးက ယခုတွင် ရောင်းထွက်သွားခဲ့လေသည်။
 
ထိုအချိန်တွင် လင်းရှန်ဟွေ့ကလည်း လှည်းကို တွန်းရင်းဖြင့် အပြေးအလွှားရောက်လာ၏။ စစ်ငါးများအားလုံး ရောင်းထွက်သွားပြီဆိုသည့် သတင်းကို ကြားလိုက်ရကာ လင်းရှန်ဟွေ့တစ်ယောက် စိတ်သက်သာရာရသွားပြီး အလွန်ပျော်ရွှင်သွားရသည်။ သို့ရာတွင် အချိန်ဆွဲမနေတော့ဘဲ လင်းရှန်ရုန်နှင့်အတူ ချိန်တွယ်စက်သွားငှားရန် မြေဩဇာဆိုင်သို့ အမြန်ထွက်သွားလိုက်သည်။ သူတို့နောက်ကျသွားလျှင် ထိုလူများ နောင်တရသွားကြမည်ကို ကြောက်သဖြင့်လည်း အမြန်ချိန်တွယ်ပေးရန် လိုအပ်သည်မဟုတ်လား။
 
ခြံဝင်းအ၀င်ဝတွင် ပွဲကြည့်သူများ အပြည့် ရှိနေဆဲဖြစ်သော်လည်း လူတော့ အတော်စဲသွားပြီး အများစုမှာ ကျေးလက်အမျိုးသမီးကြီးများသာဖြစ်သည်။ မည်သို့ဆိုစေ ပွဲကြီးပွဲကောင်းလည်း ကြည့်ရမည်ဖြစ်သလို အလုပ်များကလည်း လုပ်ဖို့ရှိကြသေးသည်မဟုတ်လား။
 
အားလုံးက ညီအကိုနှစ်ယောက်အား ဘာကြောင့် ချိန်တွယ်စက် သွားငှားလာသည့်အကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ဝိုင်းမေးနေကြ၏။
နှစ်ယောက်သားက အလွန်ပျော်ရွှင်နေသဖြင့် သူတို့အိမ်နီးနားချင်းများနှင့် ထိုင်စကားပြောရန် ဂရုမစိုက်နိုင်ကြသေးချေ။ သူတို့က ချိန်တွယ်စက်အကြီးကြီးကို တံခါးနားတွင် ချကာ စစ်ငါးထည့်ထားသည့် စည်များကို ချိန်စက်ပေါ် တင်လိုက်သည်။
 
၂၅ ကောင်ရောင်းပြီးပြီဖြစ်ကာ ၆၂ ကောင်ကျန်သေး၏။ ချိန်ပြီးနောက်တွင် စုစုပေါင်း ၄၉၅ ကျင်းရှိပြီး တစ်ကောင်စီလျှင် ၈ ကျင်းခန့်လောက် ရှိမည်ပင်။ တစ်ကျင်းကို ၂ ဆင့်ဖြင့် စုစုပေါင်း ၉၉ ယွမ်နှင့် ၂ ဆင့်ဖြစ်သည်။
 
ဒါရိုက်တာချန်က အပြုံးဖြင့် 
 
“ဆိုတော့ ၁၀၀ ယွမ်ထားလိုက်ကြတာပေါ့၊ ကြေးခွံကို ချွတ်ပြီးသွားရင် ငါးအသားကိုလည်း ငါတို့စားလို့ရသေးတာပဲဆိုတော့”
ကြည့်နေကြသည့် ရွာသားများကလည်း တစ်ဖန်ထပ်၍ ဆွေးနွေးလာကြပြန်၏။
 
“အာ ပိုက်ဆံတွေအများကြီးနဲ့ ရောင်းရလိုက်တာပဲ နှစ်လစာဝင်ငွေလောက်ရှိတယ် လင်းမိသားစုတို့တော့ ချမ်းသာပြီကွာ!”
“သူတို့ ဒီလောက်များတဲ့စစ်ငါးတွေ ဘယ်အချိန်က ဖမ်းခဲ့ကြတာလဲ?”
 
“ဘယ်လိုဖမ်းလာခဲ့ကြတာလဲ? ဒီလောက်အများကြီးကို”
 
“ဘာလဲ ပြီးတော့ ထောင့်နားမှာထားထားတဲ့ တရုတ်ငါးကြင်းလားဘာဆိုလား ရှိသေးတယ်မလား? အဲ့ဒီငါးလည်း အများကြီးအဖိုးတန်တာပဲနေမှာ”
 
 
ဝင်လိုက်ထွက်လိုက်ဖြစ်နေကြသည့် တချို့လူများမှာ အခြေအနေအလုံးစုံအား မသိသဖြင့် အံ့အားသင့်သွားကြသည်။
 
ဈေးနှုန်းနှင့် ပို့ပေးရမည့်အချိန်ကို သဘောတူလိုက်ကြပြီးနောက် ဒါရိုက်တာချန်နှင့် သူ့အဖွဲ့ဝင်များအားလုံး အိမ်ပြန်ကြလေသည်။ လင်းမိသားစုက ဤနွေဦးတွင် အခြောက်လှန်းထားခဲ့သည့် လက်ဖက်ဖြူတစ်ဘူးနှင့်အတူ သူတို့အား အိမ်အပြင်ထိ လိုက်ပို့ပေးလိုက်သည်။
 
ဧည့်သည်များဝေးဝေးပင် မရောက်သေးခင် ရွာရှိအသိမိန်းမကြီးများက အမေလင်းအား ဝိုင်းမေးမြန်းကြတော့သည်။ ငါးကဘယ်လိုဖြစ်သွားပြီလဲ? လူတွေကရော?
 
အမေလင်းက ပေါင်ကိုရိုက်ပြီး အပြုံးဖြင့် 
“အို့ သူတို့ မနေ့ညက ဘာလုပ်ခဲ့ကြလဲဆိုတာ ငါလည်း မသိပါဘူးကွယ်၊ မနက်မိုးလင်းကတည်းက ဘယ်သူ့ကိုမှ မတွေ့ရတာ ဒီမနက် လူကြီးတွေရောက်လာကြတယ်ဆိုတော့ ထွက်လာကြည့်တော့မှပဲ သိရတော့တယ်၊ ငါလည်း နင်တို့လိုပဲ ဘာမှအကြောင်းစုံသိသေးတာမဟုတ်ဘူး၊ နောက်မှပြောကြရအောင် ငါတို့ လုပ်စရာလေးတွေ ရှိသေးတယ်ဆိုတော့”
 
စကားပြောရင်းဖြင့် သူ(မ)က သားများကိုခေါ်ကာ အိမ်ထဲသို့ဝင်သွား၏။
သူ(မ) အမှန်တကယ်ကို အကြောင်းစုံမသိခြင်းပေ။ သူ(မ)သားမက်က သူ(မ)အား ဧည့်သည်များကို နှုတ်ဆက်ရမည်ဟု ဆိုလာ၍ သူ(မ)ကလည်း အိမ်အမြန်ပြန်ကာ သန့်ရှင်းရေးလုပ်ပြီး လက်ဖက်ရည်လုပ်ရန် ရေနွေးကျိုပေးခဲ့ခြင်းပေ။
 
တံခါးကိုပိတ်ပြီးနောက် အမေလင်းတစ်ယောက် သူတို့အား အကြောင်းဆုံမေးမြန်းသည့်အခါမှပင် တစ်မိသားစုလုံး ဇာတ်အကြောင်းအစုံကို နားလည်တော့သည်။
 
လင်းရှန်ရုန်ကလည်း သူ ထိုငါးကြီးအား ဒီအတိုင်း အလွယ်တကူလွှတ်ပေးရန် ဆန္ဒမရှိပဲ ထိုကောင်းမှုအတွက်လည်း သူ့နာမည်အား ချန်ထားချင်ခဲ့သည့်အကြောင်း ရှင်းပြလေ၏။ အကယ်၍ ထိုတရုတ်ငါးကြင်းကြီးသာ သူများလက်ထဲပါသွားလျှင် သူ ဒေါသထွက်လို့ သေလိမ့်မည်ပင်။
 
ဘာလို့ ငါးလုပ်ငန်းဗျူရိုကလူတွေကို သွားပြီးအကြောင်းမကြားလိုက်တာလဲ? အကယ်၍ အနှီပုဂ္ဂိုလ်များသာ ဂရုမစိုက်လျှင်၊ သူ ပြန်ဖမ်းပြီး ရောင်းလို့ရမည်မဟုတ်လား။
 
သူဟာ ပေါ့ပေါ့တန်တန်နိုင်လှသည်လို့ ရီရောင့်သုန်း သူ့ကိုယ်သူ ခံစားလိုက်ရသည်။ ပြန်လည်မွေးဖွားလာပြီးနောက်တွင် အရာအားလုံးကာ အလွန်အဆင်ပြေချောမွေ့နေကာ သူ့ကံဇာတာလည်း တက်နေပြီး ကွန်များကလည်း မကြာခဏဆိုသလို အချီကြီးမိမိလာ၍ သူ့စိတ်များက အနည်းငယ်ယိမ်းယိုင်သွားခြင်းပေ။ သူ တရုတ်ငါးကြင်းကြီးအား အထင်သေးခြင်းမဟုတ်ပဲ အနှီငါးကြီးအား လွှတ်ပေးလိုက်ရုံဖြင့် အဆင်ပြေသွားလိမ့်မည်ဟု ခံစားမိခဲ့ခြင်းပင်။
 
သူ့ကိုယ်သူ သုံးသပ်သင့်ပြီလို့ သူခံစားနေရပြီ! စိတ်ပိုင်းဆိုင်ရာကို ပြင်ရတော့မယ်!
 
“ကောင်တီဆီပို့ပေးရမဲ့ငါးတွေက အများကြီးပဲ၊ နေ့လည်ဘက်ကြီးကို လှည်းနဲ့တွန်းသွားမနေနဲ့တော့ ဝေးကဝေးနဲ့ ပလိုင်းထဲထည့်ပြီး ကားနဲ့သွားကြပါလား?”
 
အမေလင်းမှာ သားဖြစ်သူ ကောင်တီအထိ မိုးမလင်းခင် မည်းမည်းမှောင်မှောင်ကြီးထဲ လမ်းလျှောက်သွားခဲ့သည်ကို တွေးပြီး စိတ်မကောင်းဖြစ်နေခြင်းပေ။
“နေ့ခင်းဘက်ဆို နေကတအားပူတာ ပလိုင်းသုံးလိုက်ရင် အပူချိန်တအားမြင့်ပြီး ငါးတွေ သေသွားမှာစိုးတယ်၊ ဒီတိုင်း ပုံးထဲရေဖြည့်ပြီး ထော်လာဂျီငှားပြီး သွားရအောင်၊ ဒီငါးတွေကိုရောင်းတာ ယွမ်တစ်ရာတောင် ရမှာပဲကို တစ်ယွမ်လောက်သုံးပြီး ထော်လာဂျီငှားလိုက်ကြမယ်လေ!”
 
ရီရောင့်သုန်းက အကြံပြုလိုက်၏။
 
“ဟုတ်တယ် တစ်ယွမ်လေးပဲဟာ ကောင်တီဆီပို့‌ပေးဖို့ ထော်လာဂျီကို သွားမေးရအောင်”
 
အားလုံးက သဘောတူကြသဖြင့် လင်းရှန်ဟွေ့ကလည်း ခေါင်းညိတ်ကာ 
 
 
စောစောပို့ပြီး အိတ်ထဲ ပိုက်ဆံ စောစောထည့်ရတာပေါ့!
 
ပိုက်ဆံအတွက်ကြောင့်သာမဟုတ်လျှင် မည်သူက လမ်းလျှောက်ချင်ပါ့မည်နည်း? ယခုတွင် ပိုက်ဆံအထုပ်လိုက်ကြီး ဝင်လာတော့မည်ဖြစ်ရာ တစ်ယွမ်လောက်သုံးရလည်း အဆင်ပြေပါ၏။
 
“မင်းတို့စားဖို့ ငါတစ်ခုခု သွားချက်လိုက်အုံးမယ်၊ စားပြီးမှ သွား”
အမေလင်းက ခေါက်ဆွဲချက်ရန် အမြန်ထွက်သွား၏။ နေ့လယ်ပင်ရောက်တော့မည်ဖြစ်ပြီး စားသောက်ပြီးမှသွားလျှင် မြို့ပေါ်ရောက်သည့်အချိန် ဗိုက်မဆာနေတော့မည်ဖြစ်ကာ ဈေးကြီးလှသည့်အပြင်စာများကို ဝယ်စားစရာမလိုတော့မည်ပင်။
 
လင်းရှန်ဟွေ့နှင့် လင်းရှန်ရုန်တို့ညီအကိုနှစ်ယောက် ပစ္စည်းများပို့ရန် ထော်လာဂျီနောက် လိုက်သွားကြပြီး ရီရောင့်သုန်းက မနက်မှ ငါးသုံးကောင်ရောင်းရသည့်ငွေအား အဖေရီထံ အပ်လိုက်သည်။
 
“ငါ့ကို မပေးနဲ့၊ ဒီငါးတွေက မင်းတို့သုံးယောက် သွားဖမ်းလာကြတာ ငါနဲ့ဘာမှမဆိုင်ဘူး၊ သူတို့ပြန်လာတဲ့အခါမှပဲ မင်းတို့ဆွေးနွေးကြပေါ့”
ရီရောင့်သုန်းတစ်ယောက် ပိုက်ဆံကို သူ့အိတ်ကပ်ထဲသာ ပြန်ထည့်ထားလိုက်ရသည်။
 
နေ့လည်ခင်းတွင် လင်းရှို့ချင်း၏အစ်မကြီးက အမျိုးသားတစ်ယောက်နှင့် ကလေးတစ်ယောက်နှင့်အတူ အိမ်ပြန်ရောက်လာခဲ့ပြီး အိမ်မှာ တစ်ဖန်ပြန်၍ သက်ဝင်လာပြန်တော့သည်။
ရီရောင့်သုန်းလည်း နှုတ်ဆက်ပြီးနောက် တစ်ရေးတစ်မောအိပ်ရန် အခန်းထဲပြန်သွားလိုက်သည်။ မနက်ခင်းအစောပိုင်းက အရုဏ်မဦးခင် မနက် ၃ နာရီထိုးတွင် နိုးလာခဲ့သည်ဖြစ်ရာ ယခုတွင်တော့ သူ တောင့်မခံနိုင်တော့ချေ။
 
သူ မသိလိုက်သည်မှာ သူထွက်သွားပြီးနောက်တွင် အဖေလင်းနှင့် အမေလင်းက သူ ယခင်ကထက် ပို၍အားကိုးရပြီး ဝီရိယရှိလာကြောင်း၊ မိသားစုအား မည်သို့ကူညီပေးရမလဲကို သိပြီး သမီးဖြစ်သူလင်းရှို့ချင်းလည်း ယခင်လို အလုပ်ကြိုးစားစရာမလိုတော့သည့်အကြောင်း ချီးမွမ်းပြောဆိုလေ၏။
 
အားလုံးက သူ့ထံတွင် မျှော်လင့်ချက် များများစားစား ရှိမနေကြခြင်းပေ။
 

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now